ခင်ဗျားဝင်ပါလို့ရတဲ့ ကစားပွဲ


ခင်ဗျားဝင်ပါလို့ရတဲ့ ကစားပွဲ

ကိုယ့်မှာရှိတာ ငါးမျှားတံ  
ဖမ်းချင်တာက နဂါးဆိုတာမျိုးတော့ ဘယ်ဖြစ်မလဲ မပြောနဲ့
ဖြစ်တယ် ဖြစ်တဲ့ကောင်တွေက ဖြစ်တယ်
သူတို့ဟာ နဂါးဖမ်းသူတွေပဲ ။

ငါးမျှားတံနဲ့ နဂါးဖမ်းနိုင်တယ် လို့ ထင်ပိုင်ခွင့်ရှိပါတယ်
ဖမ်းလို့ရမရဆိုတာတော့ ဆုတောင်းပေါ့
တစ်ကောင်မှ မဖမ်းပြရသေးပဲ
စူပါဟီးရိုးလို ကိုးကွယ်ချင်သူလည်း ရှိလာမှာပဲ
ပျော်ချင်ရင် ပျော်လို့ရသား


ကြည့်
ခင်ဗျား အနီးအနားမှာ
ငါးမျှားတံလေး တပြပြနဲ့ ငါနဂါးဖမ်းပြမှာ လို့ ဟန်ရေးပြနေတာ။
ပြီးတော့ နဂါးဖမ်းသူတွေဟာ ကမ်းစပ်မှာထိုင်ပြီး နေရာလုနေကြတယ်
ရေပြင်အနေအထားကို ကြည့်တယ်
ရာသီဥတု အခြေအနေကို စူးစမ်းတယ်
တချို့ က အကွက်မြင်တယ်
နဂါးမြူးတဲ့ ရာသီဟာ ဘယ်အချိန်ဘယ်အခါဆိုပြီး
စာအုပ်တွေထုတ်ရောင်းကြတယ်
ကြိုတင်ခန့်မှန်းမှုတွေ ပြုလုပ်တယ် ။

နဂါးအကြောင်းပုံဖော်ထားတဲ့ ရုပ်ရှင်ဟာ
လနဲ့ချီပြီး ရုံတင်ရတယ်။

နဂါးဖမ်းသူတွေရဲ့  အရေအတွက်ဟာ များသထက်များလာတယ်
ဘယ်သူ့ကို မေးမေး အနည်းဆုံးတော့ အပျော်တမ်း နဂါးဖမ်းသူပဲ


အကြိတ်အနယ် ကစားပြီးမှ
နဂါးတွေတကယ်မရှိခဲ့ဘူး ဆိုတာ နဂါးဖမ်းသူတို့သိတဲ့အခါ
ရှင်သန်ခြင်းဆိုတာ ဒါပဲလေလို့ ဆက်ပြော။

လွမ်းတေးချို
၂၇ ဇူလိုင် ၂၀၁၇

Comments

Popular posts from this blog

စာဟောဆရာ

ပညာရှိအယောင်ဆောင်တုန်းက ကိုယ့်သီဝရီ က ကဗျာကိုဖျက်ဆီး

ပန်းကလေးနဲ့ ကျနော်