တော်ပြီလား ဒီလောက်ဆို
တော်ပြီလား ဒီလောက်ဆို
တဖြည်းဖြည်းနဲ့ နီးလာပြီလို့ ငါပြောလိုက်တယ်
စက်သံတွေ ကြားရတယ်
ခုတ်မောင်းလာတာလား ခုတ်မောင်းနေဆဲအသံတွေကို ရုတ်တရတ်ငါကြားနေရတာလား
အချိန်ကိုကြည့်တော့ ညတစ်နာရီခွဲ
အိပ်မပျော်ခြင်းကို ငါလွယ်လွယ်နဲ့ သင်ခဲ့ရတာမဟုတ်ဘူး
အဖိုးအခကြီးတယ်
ဆေးလိပ်ငွေ့တွေကို အခန်းထဲမှာ ငါမမြင်ချင်တော့ဘူး
မမြင်ချင်တော့တာလည်း ငါ့ရဲ့  ဆန္ဒအမှန် ဟုတ်ချင်မှလည်းဟုတ်မယ်
တိတ်ဆိတ်သွားတယ်
ဖန်ခွက်ထဲကို ဘီယာလက်ကျန်ကလေး ကောက်ထည့်လိုက်တယ်
ပြီးတော့
ဒီအရည်တွေသောက်ပြီး ငါဘာဖြစ်မှာလဲလို့မေးတယ်
ငါဘာဖြစ်ချင်ခဲ့လို့တုန်း
ရှေ့ ကိုဆက်မယ် လို့ တက်ကျမ်းစာအုပ်တွေကပြောတယ်
ငါက တက်ကျမ်းတွေကို သင်တန်းပို့ချတယ်
ပြီးတော့ ငါ့ကိုယ်ငါဆွဲချတယ်
ရေဆွဲချလိုက်သလိုမျိုးပေါ့
ပြီးတော့ ဘာသံတွေကြားရမှာတုန်း
တံတွေးကို မြိုချတယ်
အိပ်ချင်ရက်နဲ့ အိပ်လို့မပျော်တဲ့ည ငါလည်း မယုံနိုင်ဘူး
မယုံနိုင်ဘူးဆိုတာ ငါလည်း မယုံချင်ဘူး
ခေါင်းချ အိပ်စက်ဖို့ ငါကြိုးစားတယ်
ငါ့ဆီမှာ ဘာအရာမှ မထင်ဘူး
ငါနဲ့ အတူရှိခဲ့ဖူးသူတွေကို ငါပျက်ကွက်တယ်
ငါဖုန်းမခေါ်တော့ဘူး ငါဖုန်းခေါ်တော့လည်း သူတို့က မကိုင်တော့ဘူး
ငါအိပ်ချင်တယ်
ပြီးတော့ အဲကွန်းက အေးလိုက်တာလို့ ငါတိုးတိုးလေး ရွတ်တယ်
တစ်ယောက်တည်း စောက်စကားတွေ များများနေတဲ့ ငါ့ကို
ဘယ်သူတွေ အမှတ်ရမှာတုန်း
ဘ၀မှာ အင်္ဂုလိမာလဖြစ်ချင်တယ် ဘယ်သူပြောမလဲ
ငါ့ဖလိုးတွေနဲ့ ငါ့ကဗျာကို ငါပြန်ကူးချလိုက်တယ်
ပြီးတော့ ငါ့ကိုယ်ငါခိုးတော့ ငါသူခိုးဖြစ်သွားနိုင်တဲ့အကြောင်း
လမ်းမပေါ်မှာ ယာဉ်တိုက်မှုတစ်ခုခုဖြစ်တော့မယ်လို့ ကြိုမြင်နေမိတဲ့စိတ်နဲ့
ငါကားမောင်းတယ်
ငါမောင်းတဲ့ကားပေါ်မှာ ငါတစ်ယောက်တည်းလိုက်စီးတယ်
ပြီးတော့ ဘီယာကို ထပ်ဖြည့်တယ်
ငါ့လိုင်စင် သက်တမ်းကုန်သွားပြီလား
အဝေးပြေးကားသံတွေဆို ငါလည်း မုန်းတယ်
အဝေးကိုပြေးသွားတဲ့ သူတွေက ဟွန်းတောင် မတီးသွားဘူး
ငါနဲ့အဝေးကို ရောက်သွားတယ်
မီးစိမ်းလား မစိမ်းလား မသိတော့တဲ့ အကောင့်တစ်ခုကို ငါတမ်းတတယ်
နာမည်တွေ ထိုင်ရွတ်တယ်
ငါမသိပဲ ငါ့အကောင့်ကို တစ်ယောက်ယောက်က တစ်နေရာရာကနေ ၀င်ကြည့်နေမှာပဲလို့
ငါထင်တယ်
အဝေးပြေး လူသားတွေထဲက တစ်ယောက်ဖြစ်မှာပေါ့
ငါ့ခြေထောက်တွေကျဉ်နေတယ်
အပူဖုတွေ အာခေါင်မှာပေါက်နေတာ ငါမကြိုက်ဘူး
ငါလျှာနဲ့သပ်လိုက်တယ်
ဒဏ်ရာတွေ သက်သာလိုသက်သာငြား တစ်ခုခုလုပ်ကြည့်လိုက်တာပါပဲ
မလွယ်လှဘူးဆိုတာတော့ ငါသိခဲ့ပါတယ်
ငါဘာဖြစ်ချင်ပြန်ပြီတုန်း
ဆရာဝန်တွေ ၊ အင်ဂျင်နီယာတွေ ဆိုတာလည်း ငါ့အရွယ်ကြီးနဲ့ ရွတ်လို့မှမကောင်းတော့ပဲ
စိတ်ကောက်မှုမှာ ဇွဲကြီးလွန်းတဲ့ သူတွေကို ငါ မသတီဘူး
ငါချစ်တဲ့သူတွေထဲမှာ အဲ့ဒီလို လူမျိုးတွေပါလေ့ရှိတယ်
အသဲတစ်ခြမ်းကို ဓာတ်မှန်ရိုက်ပြီး
ဟော့ဒါက အချစ် ဟော့ဒါက အမုန်း
အချစ်နဲ့အမုန်းပေါင်းမှ ဘ၀ဆိုတာ ရတယ်လို့ ငါပြောတယ်
ငါ့ဒဿနကို အသေအလဲ ကာကွယ်ဖို့ ငါကြိုးစားမှာ မဟုတ်ဘူး
ဘက်ထရီကုန်တော့မယ်
အလုပ်နဲ့ဆိုင်တဲ့ အီးလ်မေးတစ်စောင် ၀င်လာပြန်ပြီ
ငါတို့တွေက workaholic တွေလား
ငါကကော ခေါင်းကို တဗျင်းဗျင်းကုတ်နေရတုန်းပါလား
အပြာကားတွေ တစ်ကားပြီးတစ်ကား ကြည့်နေရတုန်းပါလား
နှာရည်တရှုတ်ရှုတ် အဖြစ်ခံပြီး
ကျန်းမာရေးဂရုစိုက်ဆိုတဲ့ စကားသံကို ဆင်လီးခွေးမျှော်သလို မျှော်နေရတုန်းပါလား
အိပ်မက်ဆိုးကြီးကို ကြောက်လို့ အိပ်ဖို့မရဲဖြစ်နေရတုန်းပါလား
နွေဆိုရင် ပူမှာပဲ ဒါဆို ငါက ဘာလို့ ရေခဲတုံးဖြစ်ရမှာလဲ
မင်းက နွေဆိုမှတော့ ငါလည်း သံရိုင်းတုံးပဲလုပ်မှာပေါ့
နှင်းဆိုရင်အေးမှာပဲ
ငါစီးကရက်တစ်လိပ်တောင် အပြင်မှာ မသောက်နိုင်ဘူး
ငါဘာကြောင့် နွေလုပ်ရမှာလဲ
မျက်လုံးတွေ ယောင်ပြီးစင်းလိုက်တယ်
နတ်သမီး တစ်ပါးပါးက အခန်းမှားပြီး တံခါးလာခေါက်မယ်လို့ ငါယုံကြည်တုန်းပဲ
ငါအိပ်မှသူလာမယ် ထင်လို့ ငါအိပ်ရမယ်

လွမ်းတေးချို
1:48 AM
23 March 2018
1:48 AM
23 March 2018
Comments
Post a Comment