Infrathin များနှင့် အောင်ခင်မြင့် ရဲ့  ကွန်ဆက်ချူရယ် ကဗျာတစ်ပုဒ်

ကဗျာဆိုတာ ဥာဏ်ရည်မြင့်သူတွေရဲ့  အသုံးအဆောင် လို့ ပြောကြတာမျိုးကြားဖူးပါတယ်။ တော်ရုံတန်ရုံနဲ့ တက်မလာနဲ့ ဆိုတဲ့ သဘောမျိုးပဲ ။ အဲ့ဒီစကားလုံးတွေကပဲ ကဗျာသမားကို ၀ါကြွားစေခဲ့တယ်။ ကမ္ဘာကြီးကို ငါလုပ်ကျွေးထားတာဆိုတဲ့ အပေါက်မျိုးတွေချိုးတော့တာပါပဲ ။
ကျနော့်အမြင်ကတော့ ကဗျာဆိုတာ အလွတ်လပ်ဆုံး အနုပညာ ပုံစံတစ်ခုပဲ ။ စိတ်ထဲရှိသမျှ ၊ မရှိသမျှ အကုန်ချရေးပစ်လို့ ရတယ်။ ဘယ်သူ့ မျက်နှာမှ ကြည့်စရာမလိုဘူး ။ ပရိတ်သတ်မျက်နှာကြည့်ပြီးရေးရအောင်လည်း ကဗျာကြောင့် ထမင်းစားခဲ့ရသူ ဘယ်နှစ်ယောက်များရှိလို့လဲ ။ အနုပညာသည် ဘာအတွက် ညာအတွက်တွေ လည်း ကျနော် စိတ်မ၀င်စားဘူးလေ ။
ဒါနဲ့ စကားမစပ် အခုတလော ကျနော်ဖတ်ဖြစ်နေတာက ဟိုတလောတုန်းက ခွန်းချိုမျှဝေပေးနေတဲ့ infrathin လေးတွေပဲ ။ သူကတော့ ပါးပါးမျှင်မျှင်လေးတွေလို့ ဘာသာပြန်တယ်။ ကျနော်ကတော့ အခိုက်အတန့်လေးတွေလို့ တွေးမိတယ်။ အချိန်ကာလတိုလေးတွေကို ညွှန်းဆိုချင်တာရော ၊အခိုက်ဓာတ်ကလေးတွေပေးစွမ်း နိုင်တာ ရောကြောင့်ပါ။ အခိုက်အတန့်လေးတွေကို အနက်ဖွင့်ဆိုဖို့ မဖြစ်နိုင်ဘူးလို့ ဒူးရှန့် (Duchamp) ကပြောတယ်။ ဥပမာပဲ ပေးလို့ရနိုင်ပါတယ်တဲ့ ။
ကိုယ်တိုင်လည်း လိုက်ရေးကြည့်မိတော့ အောက်ပါစာကြောင်းလေးတွေထွက်လာတယ်။

အခိုက်အတန့်လေးတွေ
1. ပန်းထုတ်လိုက်တဲ့ သုက်ရည်နဲ့ အတူ တဇက်ဇက် ကျဉ်သွားတဲ့ လိင်တံ
2. ကာလရှည်ကြာစွာတည်ရှိနေသောသွားကြားက အသားတစ်စ ကို အောင်မြင်စွာဖယ်ထုတ်
3. ဘုန်းကြီးကျောင်းမှာ တရားနာရင်း ထိုင်တာများလို့ ကျင်နေတဲ့ခြေထောက်
4. ဆံစလေးကို ခပ်ဖွဖွလေးနမ်းမိတဲ့အခါ ကြက်သီးကလေးများထလာ
5. သိသူနှစ်ယောက်ပြုံးပြနှုတ်ဆက်နေတဲ့ကြားက အလယ်လူ
6. ဖိုဝါဒကြီးစိုးလွန်းတဲ့ အ၀န်းအ၀ိုင်းမှာ ယောက်ျားတစ်ယောက် ဈေးဝယ်ထွက်ချိန်
7. ကိုယ်လည်းမဟုတ်ပါလျက်နဲ့ ကားပေါ်မှာ လူမှားစွပ်စွဲခံရ
8. ချော့မယ်ထင်ပြီး စိတ်ကောက်နေတဲ့သူ
9. မရောက်ဖူးတဲ့နေရာကို ရောက်ဖူးတယ်ထင်နေတဲ့စိတ်
10. ယားနေတဲ့နေရာကို ကုတ်ဖို့လက်မမီ
11. ဘုန်းကြီးတရားစဟောပြီဆိုမှ ဖုန်းကထမြည် ရောက်နေတဲ့နေရာကပြန်ထွက်ရခက်
12. မသွင်းခဲ့တဲ့ ဂိုးတွေကို အမှတ်ယူလို့ မရ
13. ချားရဟတ်ဟာ နိမ့်ပြီးဆင်းသွားခဲ့

လွမ်းတေးချို
တစ်ကြောင်းချင်းစီဖတ်ကြည့်ပြီး ပုံဖော်တွေးကြည့်ရင် ကိုယ်တိုင်လည်း လိုက်ရေးချင်စိတ်တွေပေါက်ကောင်းပေါက်လာပါလိမ့်မယ်။ အဲဒီလိုတွေ သဘောတွေ့ မနောခွေ့ နေတုန်း ဆရာအောင်ခင်မြင့် ရဲ့  ကဗျာအချို့  ဆိုတဲ့ ကဗျာစာအုပ်လေးကို ဖတ်မိပါတော့တယ်။ အဲ့ဒီမှာ ကျနော်သွားတွေ့တာက အမာရွတ် ၅၀၀ ။ ကွန်ဆက်ချူရယ်ဆန်တဲ့ ကဗျာအရေးအသားတွေဖြစ်မယ်ပေါ့ ။ (ဒါလည်း ကျနော့်အမြင်ပါ ) ။
ကွန်ဆက်ချူရယ် ဆန်တဲ့အရေးအသားလို့ ကျနော် ဆိုလိုက်တဲ့အတွက် ကျနော်နားလည်သလောက်ရှင်းဖို့ ကြိုးစားကြည့်ပါမယ်။ ကင်းနက်ဂိုးစမစ် ကို အကိုးအကားယူပြီးတော့ ပြောကြည့်ပါမယ်။
ကွန်ဆက်ချူရယ် အရေးအသားတွေနဲ့ပတ်သက်ပြီး ကင်းနက်စ် ဂိုးစမစ် ရဲ့  ဗီဒီယိုတွေ ကို နားထောင်ကြည့်တဲ့အခါ သူက အရင်တုန်းက သူ့ကိုသူ အနုပညာရှင်လို့သုံးတယ်။ နောက်တော့ ကဗျာဖန်တီးသူဖြစ်လာတယ်။ ပြီးတော့ စကားလုံးများကို စီစဉ်ဖြတ်သန်းစီးဆင်းစေသူဖြစ်လာပါလေရော ။
သူ့အတွက်ကတော့ စာရေးတယ်ဆိုတာ ပန်းကန်ဆေးသလိုပဲ အားစိုက်ထုတ်စရာမလိုတဲ့အရာတစ်ခု ဖြစ်သင့်တဲ့အပြင် စိတ်ဝင်စရာကောင်းတဲ့အရာလည်း ဖြစ်သင့်ပါတယ်တဲ့ ။
Writing should be as effortless as washing the dishes and as interesting.
အရင်တုန်းကတော့ စာသားတွေကို ထုတ်လုပ်ဖန်တီးသူတော့ အခုတော့ ထုတ်လုပ်ပြီးသားစာသားတွေကို ပြန်လည်ထုတ်ယူသုံးစွဲရသူ ဖြစ်လာပါပြီတဲ့ ။
“ From producer to reproducer “
ကျနော်တို့တွေအချစ်အကြောင်းဖွဲ့ ကြတယ် မဟုတ်လား ။ အဲ့ဒီအချစ်အကြောင်းကို ရှေးယခင် ကဗျာဆရာတွေက လက်ကုန်နှိုက်ခဲ့ပြီလေ ။ ရေးစရာ ဘာမှ မရှိတော့ပါဘူး ။ စာရေးသူဆိုတာ ဘာသာစကားကို စုဆောင်းသူသက်သက်ဖြစ်လာခဲ့ပါပြီလေ ။ ပန်းချီကားတွေစုသလိုမျိုး ကိုယ်ကြိုက်တဲ့စာလုံးလေးတွေကို စုဆောင်းရတာမျိုးပေါ့ ။ စစ်မှန်မှုဆိုတာ တကယ်ကော ရှိရဲ့ လားလို့ ကင်းနက် ကမေးခွန်းထုတ်ပါတယ်။
စစ်မှန်မှုဆိုတာကလည်း တုပမှုပုံစံ တစ်မျိုးပါပဲ ။ မစစ်မှန်ပဲနဲ့  ရိုးသားဖို့ ဆိုတာလည်း ဖြစ်နိုင်ပါတယ်တဲ့။
Authenticity is another form of artifice. It is possible to be inauthentic and sincere.

အခု ဆရာအောင်ခင်မြင့်ရဲ့  ကဗျာမှာလည်း စကားလုံးတွေကို ဆက်တင်အမျိုးမျိုး ၊ ရေခံ မြေခံ အမျိုးမျိုးမှာ ထည့်သွင်း ကစားပြထားတာကို တွေ့ ရပါလိမ့်မယ်။ from produce to reproduce လုပ်ထားတဲ့သဘောပေါ့။ ။ ကျနော် ဘာကြောင့်ကြိုက်ရသလဲဆိုတော့ အခု ကဗျာ စာကြောင်းတွေဟာ ဖတ်တဲ့သူတွေအတွက် ခေါင်းထဲမှာ တိန်ခနဲ မီးလုံးလေးတွေ လင်းသွားစေနိုင်တဲ့ ကဗျာမျိုးဖြစ်နေလို့ပါပဲ ။
ဆရာအောင်ခင်မြင့်ဟာ သူရဲ့ သိမှုထဲမှာ ရှိနေတဲ့ ဆက်တင် အမျိုးမျိုး ( ယဉ်ကျေးမှု ၊ နိုင်ငံရေး ၊ လူမှုရေး စသည်ဖြင့် ) ထဲမှာ အမာရွတ်တွေကို ထည့်သွင်းကစားပြခဲ့ပါတယ်။
အမာရွတ်တစ်ခုချင်းစီဟာ ကျနော့် တွေးခေါ်မှုကို ရှော့ရိုက်ပါတယ်။ အမာရွတ် ငါးရာလုံးကို ဆုံးအောင် မဖတ်မိခင်မှာပဲ အမာရွတ်တွေရဲ့  ရာဇ၀င်တွေ ၊ အမာရွတ်တွေရဲ့  အတိတ်အနာဂတ် ပစ္စုပ္ဗန် ချိတ်ဆက်သွားလာနိုင်မှုတွေကို ကျနော်တွေးနေမိတယ်။ ကဗျာဖတ်တယ်ဆိုတာကလည်း သူ့အကြိုက်ကိုယ့်အကြိုက်ပေါ်မူတည်ပါတယ်။ ကျနော် ကြိုက်တဲ့ ကဗျာတစ်ပုဒ်ကို တခြားသူကြိုက်နေနိုင်သလို လုံးဝ မကြိုက်နိုင်တာလည်း ဖြစ်နိုင်ပါတယ်။ ကျနော်ကတော့ ကိုယ်ကြိုက်တဲ့အကြောင်း ဖွင့်ပြောပြဖို့ ကြိုးစားမိတာပါပဲ ။
ကဗျာထဲကအမာရွတ်တွေအကြောင်းမပြောခင် ကျနော်တို့သိထားတဲ့ အမာရွတ်ဆိုတာကို ပုံဖော်ကြည့်ရအောင် ။ အမာရွတ်ဆိုတာ ဒဏ်ရာရဲ့  နောက်ဆက်တွဲ ရလဒ် ။ ကျနော့်ဆီမှာကော ဘယ်လို အမာရွတ်တွေ ရှိနေသလဲ ၊ ကျနော်ဟာလက်ဖက်ရည်ဆိုင်ထဲက မျက်နှာတွေကို လိုက်ကြည့်နေမိတယ်။ ကျနော့်ရုံးခန်းထဲက ပစ္စည်းတွေကို အမာရွတ်တွေပါလားလို့ တံဆိပ်ကပ်နေမိတယ်။ လူတွေရဲ့  မျက်နှာက အမာရွတ်တွေကို သတိထားကြည့်နေမိတယ်။ ကျနော့်ပတ်ဝန်းကျင်ဟာ အမာရွတ်ပင်လယ်ကြီးအဖြစ်ကူးပြောင်းသွားပြီး ကျနော်ဟာ အမာရွတ်ထဲမှာ နစ်ဝင်သွားတယ်။ အမာရွတ်တိုင်းပြည်ကြီးကိုမြင်လာတယ်။ သံသရာအစဟာ အမာရွတ်ပဲလို့သိလာတယ်။ သိမှုထိမှုဟာ အမာရွတ်ကြီးပဲ ။ မွေးခါးစကလေးဘ၀မှာ ကျနော်တို့ ပထမဆုံး ချက်ကြိုးဖျက်ခံရတယ်။ အဲ့ဒါဟာလည်း အမာရွတ်ကြီးဟာ ကျနော်တို့ကို တံဆိပ်ခပ်နှိပ်လိုက်တာပဲ မဟုတ်လား။
ကဲ အမာရွတ်တချို့ ကို ဖတ်ကြည့်ရအောင် ။
(၁)
ညကောင်းကင်မှာ လင်းလက်တောက်ပနေသော အမာရွတ်များ
ကဗျာရေးသူရဲ့  ကောင်းကင်မှာ အမာရွတ်တွေ လက်ခမောင်းခတ်နေတယ်။ ကြယ်တွေ လင်းလက်ရမည့် ကောင်းကင် ၊ တိမ်တွေဖုံးရမည့် ကောင်းကင်အစား အမာရွတ်တွေ နေရာယူနေခဲ့ပြီ ။ ကမ္ဘာမြေပြင်ကြီးကို အမာရွတ်တွေ ရွှေထီးဆောင်းကြပြီ ။ ဒီနေရာမှာ ကဗျာရေးသူဆိုတာထက် ကဗျာဖတ်သူ ကျနော်ရဲ့  ကောင်းကင်လို့ ပြောရင် ပိုမှန်ပါလိမ့်မယ်။ ဘာလို့လဲ ဆိုတော့ ကျနော်က ဖတ်သူရှုထောင့်ကနေ စာကြောင်းတွေကို ပုံဖော် တွေးခေါ် ၊ ဆင့်ပွား ခံစား နေခဲ့မိတာကိုး ။
(၃)
မြန်မာ့သမိုင်းဟာ ဂဠုန်ဦးစောရဲ့  အမာရွတ်နောက်ကို လိုက်သွားတယ်
ဦးစောရဲ့  ကျည်ဆံမှန်ထားတဲ့ အမာရွတ်ကြီးဟာ အမုန်းတရားတွေကို စိုက်ပျိုးခဲ့တယ်။ ဗိုလ်တေဇ ဆိုတဲ့ လူငယ်လေးအပေါ် သံသယတွေဝင်ပြီး သတ်ဖြတ်ဖို့ ကြံစည်တယ်။ ဗိုလ်ချုပ်ဟာ သမိုင်းပဲ ။ အဲ့ဒီသမိုင်းကို သူသတ်ပစ်လိုက်တယ်။ သမိုင်းရဲ့  တန်ဖိုးကို ထည့်တွက်မယ်ဆိုရင် အမာရွတ်တွေကို မေ့ထားလို့ မရဘူးပေါ့ ။
(၈)
နှင်းဆီပွင့်ပေါ်ပျံဝဲနေသော အမာရွတ်များ
နူးညံ့ပါပေ့လို့ ဆိုလို့ ရတဲ့ ပွင့်ဖတ်တွေပေါ်မှာ အမာရွတ်တွေ အုပ်မိုးထားတယ်။ ဟုတ်တယ် ပန်းစောင့် အမာရွတ်တွေ ဖြစ်မှာပေါ့ ။ ဒါမှမဟုတ် အမာရွတ်တွေကြောင့်ပဲ အဲ့ဒီနှင်းဆီတွေ ပွင့်ခဲ့တာလား ။ အမာရွတ်တွေရဲ့ အလင်းတန်းတွေကြောင့် ပန်းတွေ လှပခဲ့တာလား ။
(၁၁)
သူမရဲ့  ဂါဝန်ကို ချွတ်ချလိုက်တဲ့အခါ အမာရွတ်ကြီးပေါ်လာတယ်။
အိုးသူမဟာ အမာရွတ်တွေကို ဖုံးကွယ်ခဲ့တာပါလား ။ အမာရွတ်တွေဟာ မလှမပလို့များလား ။ အမာရွတ်ကို မြင်တွေ့ ရသူမှာ လွယ်လင့်တကူလက်ခံမိရက်သား ဖြစ်နေမလား ။ အမာရွတ်တွေကို စက်ဆုပ်ရွံ့ ရှာဖွယ်ကြည့်နေမလား ။ အမာရွတ်တွေရဲ့  သမိုင်းကြောင်းကို တူးဖော်နေမလား ။ အမာရွတ်တွေကို ကိုင်တွယ်ပြီး ချစ်တင်းနှောကြမလား ။
(၁၅)
ဝါသနာ- အမာရွတ်စုဆောင်းခြင်း
ပန်းချီကားတွေ ၊ စာအုပ်တွေ ၊ တံဆိပ်ကောင်းတွေ စုဆောင်းသလိုမျိုး အမာရွတ်ကို စုဆောင်းကြသူများ ။ ဒဏ်ရာကို တသသ မွေးမြူထားသူများဟာ ဒုနဲဒေးပါပဲလား ။ အမာရွတ်တွေ ဘယ်နေရာမှာ ရှိမလဲလို့ စုဆောင်းသူတွေဟာ လိုက်ရှာကြတယ်။ တန်ရာတန်ကြေးပေးပြီး ၀ယ်ယူကြတယ်။ အမာရွတ်တွေ ဟာ ထိုက်တဲ့သူတွေဆီမှာသာ မြဲကြတယ်။ ကိုယ်နဲ့ ထိုက်လို့ ဒီအမာရွတ်ကလေး ရထားတာကွလို့ ကြွေးကြော်ကြတာလည်း ရှိမှာပေါ့ ။ တချို့  ပန်းချီကားတွေဟာ အမာရွတ်တွေပဲ ။ ဆိုလိုချင်တာက အမာရွတ်တွေဟာ အမာရွတ်အနေနဲ့ သာမဟုတ်ပဲ တခြားပုံစံအမျိုးမျိုးနဲ့ တည်ရှိနေကြပြီ ။
(၁၈)
စူပါမင်း ၀တ်စုံအောက်မှ အမာရွတ်များ
ကောင်မလေးတစ်ယောက်နဲ့ စူပါမင်းနဲ့ တော့ ကွာသွားပြီ ။ ကောင်မလေးရဲ့  အမာရွတ်ဟာ ဖုံးကွယ်ထားခြင်းခံရပြီး သူနဲ့သက်ဆိုင်သူကိုသာ ထိတွေ့ ကိုင်တွယ် ပွတ်သပ်ခွင့်ပေးတဲ့ အမာရွတ်ဖြစ်ပြီး စူပါမင်းတစ်ယောက်ရဲ့ အမာရွတ်ဆိုတာက ဆုတံဆိပ်အနေဖြင့် ရိုက်နှိပ်ထားတာမျိုး ။
(၄၉ ၉ )
အမာရွတ်ဟာ “ ဗုဒ္ဓမပြေးနဲ့ ရပ် “ လို့ လှမ်းအော်တယ်။
အမာရွတ်ဟာ ၀ဋ်ကြွေးတစ်ခုလို အလုပ်လုပ်နေခဲ့တာလား ။ ဒါမှ မဟုတ် ဒေ၀ဒတ်လို ဘုရားနောက်ကို လိုက်နှောက်ယှက်နေခဲ့တာလား ။ ဘုရားကို ရပ်ခိုင်းတာဘယ်သူလဲ ။ ဘုရားကကော ရပ်မှာတဲ့လား ။ ကျနော်ကတော့ ရပ်လိုက်ပါပြီ ။
ကဲ ဒီလောက်ဆို အမာရွတ်တွေကို ခင်ဗျားတို့ မြင်လောက်ပြီထင်တယ်။ မှန်တွေများ ပြန်ကြည့်ပြီး အမာရွတ်တွေများ ရှာနေခဲ့ပြီလား ။ ဒါမှ မဟုတ် ခင်ဗျားကိုယ်တိုင်လည်း စကားလုံးတွေကို နဲ့ ကစားပစ်ဖို့ စိတ်အားထက်သန်နေခဲ့ပြီလား ။ အဲ့ဒါဆိုရင်တော့ ခင်ဗျား နာမည်ကို ဂူဂယ်မှာ ရိုက်ထည့်ပြီး ပေါ်လာသမျှ စကားလုံးတွေနဲ့ ကဗျာတစ်ပုဒ်လောက်စပ်ကြည့်လိုက်ပေါ့ ။ ကိုယ့်အကြောင်းကိုယ်ရေးရတာ ပျော်စရာကောင်းချင်လည်း ကောင်းနေပါလိမ့်မယ်။

5:10 PM
10/7/2018
5:10 PM
10/7/2018
The Complete Guide to the Casino at Aruba Casino
ReplyDeleteThe Casino at 먹튀사이트 조회 Aruba has a great 암호화폐란 collection of slots and pci슬롯 table 무료슬롯머신 games. It's got the best poker machines, as 안전 바카라 well as a huge collection of table games.