ပုံပြင်

ပုံပြင်

ငှက်ကလေးကို ကိုယ့်အနားမှာမရှိစေဖို့
သူနားနေတဲ့ကိုင်းကို ခုတ်ချတယ် 
ငှက်ကလေးက သိပ်နာကြည်းသွားတယ်
ဘယ်တော့မှ ပြန်မလာတော့ဘူး

ဒီလိုနဲ့ သစ်ပင်လေးဟာ သွေး တစက်စက် 
ကိုယ့်အမာရွတ်ကို ကိုယ်ပြန်စမ်း

တစ်ယောက်သောသူဟာ 
တစ်ယောက်သောသူနဲ့ဝေးကွာစေဖို့ 
အဲ့ဒီလောက်တောင် အားထုတ်ပစ်ဖို့လိုသလား

လွမ်းတေးချို 
8:00 AM
Aug 20,2018 

ပုံပြင် ()

သစ်ပင်ကြီးဟာ ခွန်အားကြီးတယ်
ငှက်ကလေး လာနားတာကို ဂုဏ်ယူတယ်
ငှက်ကလေး မရှိရင် သစ်ပင်ကြီးက 
ဝမ်းနည်းတတ်လာတယ် 
ငှက်ကလေးကို မျှော်တယ်

ငှက်ကလေးဟာ နားခိုစရာ ပေါမှပေါ 
အတောင်ညောင်းတဲ့အခါ 
နီးစပ်ရာမှာနားမိတယ်
သစ်ပင်ကြီးကိုတော့ သံယောဇဉ်ကြီးတယ်
ဒါပေမယ့် သစ်ပင်တစ်ပင်ရဲ
လောင်းရိပ်အောက်
သူ့ဘ၀ကြီးကို အကုန်ဆုံးမခံနိုင်ဘူး 

ငှက်ကလေး က ပျံပြီးရင်းပျံ
သစ်ပင်ကြီးကတော့ ငူငူငိုင်ငိုင်


လွမ်းတေးချို
8:07 AM
Aug 20,2018 


ပုံပြင် ()

ငှက်လေးက တငိုငို တရီရီ
သစ်ပင်ကြီးက သဘောမကျပါဘူး
အသံထွက်တတ်လို့ 
အသံလွှင့်နေတာလို့ပဲ မှတ်ယူတာကိုး

သစ်ပင်ကြီးကတော့ 
သူ့ရင်ခွင်ကြီးကို ပေးမြဲပေးဆဲ 
သစ်ရွက်ကလေးတွေ ယိမ်းခါပြီး
ငှက်ကလေးကို ချော့တယ်

ချော့လိုက် ငိုလိုက်
ငိုလိုက် ချော့လိုက် 

ငှက်ကလေး ဘာကြောင့် ငိုနေမှန်း
သစ်ပင်ကြီးကတော့  မသိဘူး


လွမ်းတေးချို 
7:43 AM
August 21,2018 


ပုံပြင်()

ကြောက်စိတ်ကို ဖွက်ထားလည်း
လူသိတာပါပဲ
ရင်ထဲမှာစို့တက်လာတော့ 
သစ်ပင်ကြီးဟာ
ရွှေ့ပြောင်းလုပ်သား ဖြစ်ချင်လာတယ်


တစ်ကောင်တည်းကျား
တစ်ဂူလုံးမှာ တစ်ကောင်တည်းခြင်္သေ့
တစ်ပင်တည်းပါပဲ
ငှက်ကလေးမနားတဲ့ အပင်

လွမ်းတေးချို 
August 23, 2018 



ပုံပြင်(၅) 

အဝေးပြေးလမ်းမတစ်နေရာမှာ
အဝေးရောက်နေသူနဲ့
နီးခွင့်ရတယ်
ငှက်ကလေးက
ဒီလောက်ဆို အသံထွက်ရယ်ပြီ

ဓာတ်တိုင်မဟုတ်လည်း
အလင်းပေးခဲ့ရပါတယ် 
အလှဆင်ထားတဲ့ မီးလုံးတွေနဲ့
သစ်ပင်ကြီး
ငှက်ကလေးကလည်း
အံ့သြစွာ ကြည့်ရှာပါတယ်


လွမ်းတေးချို 
20:48 
24.8.2018



ပုံပြင်()

ငှက်ကလေးနဲ့ ခြေတစ်လှမ်းနီးပါပြီ
ခန့်မှန်းရသိပ်ခက်ပါတယ် 
သစ်ပင်ကြီးက 
ငှက်ကလေးကို မျှော်ကြည့်တယ် 

ပြီးတော့ 
သွားအတူတူ လာအတူတူ
အိပ်မက်အတူတူ ဆိုတဲ့
ပဲ့တင်သံကြီးကြားရတယ် 

လွမ်းတေးချို 
8:58 AM
August 28,2018 


ပုံပြင်(

မပြီးသေးဘူးလား 
အဲ့ဒီ ဝေယျာဝစ္စတွေနဲ့ 
ငှက်ကလေးက မေးတယ်
သတင်းခေါင်းစီးမှာ
သစ်ပင်ကြီးအကြောင်းဝေဆာလို့  

ကျန်းမာပါစေ 
ချမ်းသာပါစေ 
တောင်းဆုတွေနဲ့ နေရ  
ငှက်ကလေးရဲ့ အပြုံးကို 
အနက်ဖွင့် တတ်ပါတယ်
အတိတ်ကို ဖမ်းဆုပ်ထားတဲ့
သစ်ပင်ကြီး

လွမ်းတေးချို 
11:07 am 
Sep 1,2018



ပုံပြင် (

နတ်စင်ကြီးရောက်လာကတည်းက 
သစ်ပင်ကြီးမှာ 
ထူးထူးခြားခြားတွေကြုံတာပါပဲ

တစ်နေ့တော့ 
ငှက်ကလေးကပြောတယ် 
နတ်စင်ကြီးရှိပြီပဲ 
ရှင့်ဘ၀က လုံခြုံသွားခဲ့ပါပြီတဲ့

လွမ်းတေးချို 
8:38 AM
September 2, 2018 

ပုံပြင် ()

သစ်ပင်ကြီးက ဖုန်းကြိုးတွေကို 
ဘာလာလုပ်တာလဲလို့ မေးတယ်
အသံလှိုင်းတွေကို သယ်ဆောင်ဖို့ 
ခရီးထွက်ခဲ့ပါတယ်တဲ့ 

ငှက်ကလေးဆီ 
ရောက်တော့မှာပေါ့နော်တဲ့ 
သစ်ပင်ကြီးက မေးတယ်

ဖုန်းကြိုးကလေး 
လိုင်းတွေပြတ်တောက်သွားပါတယ်။ 

6:27 pm 

March 18, 2019 

Comments

Popular posts from this blog

စာဟောဆရာ

ပညာရှိအယောင်ဆောင်တုန်းက ကိုယ့်သီဝရီ က ကဗျာကိုဖျက်ဆီး

ပန်းကလေးနဲ့ ကျနော်