ဂန္တ၀င်တေး

အုတ်ဂူနားကို ပန်းစည်းကလေးသယ်လာပြီး
နင့်ကိုငါအရမ်းချစ်တယ်ဆိုတဲ့ ဇာတ်ဝင်ခန်းလေးကြည့်ရတယ်
မတော်ရသေးတဲ့ ရည်းစားကို ဖွင့်မပြောဖြစ်တဲ့ နောင်တမျိုး 
မရှိစေချင်လို့ မင်းဆီက အဖြေကိုငါတောင်းခဲ့တယ် ဆိုတဲ့ 
ခပ်မိုက်မိုက်စကားမျိုးနဲ့ ချစ်ခြင်းမေတ္တာကို ဓားပြတိုက်ခဲ့တယ်
လက်ချင်းယှက်ပြီး လျှောက်ဖူးရုံလောက်နဲ့ 
မြက်ခင်းပေါ်မှာ နာရီနဲ့ချီပြီး စကားပြောဖူးရုံလောက်နဲ့ 
ရုပ်ရှင် အတူကြည့်ဖူးရုံလောက်နဲ့ 
စသည်ဖြင့် 
အချစ်ဟုခေါ်သင့် မခေါ်သင့် 
ထီးကို ရှာမတွေ့ တော့တဲ့အခါ မိုးတွေသည်းလာမှာပဲ
ငါတို့ စိတ်ကအစ မိုးတွေမိတာ
ငါတို့စိတ်က အစ အုံ့မှိုင်းလာတာမျိုးပေါ့ 
စန္ဒယားအသံထဲ ငါတို့ ရောက်သွားတယ် 
တွယ်တာမှုတွေ အပေါ်ဝယ် 
စိတ်တန်ခိုးဖြင့်
ဖလှယ် မိသည့် အဖြူအမည်း ခလုတ်များ
ငါတို့ဘာကြားရလဲ 
ခိုနားတွယ် ခိုနားတွယ်
ခိုနားမှာ တွယ်နေတဲ့ စုံတွဲကိုကွယ် 
တစ်ယောက်နဲ့ တစ်ယောက် ခိုနားတွယ် နေကြတာလားလို့ မေးရင် 
သူတို့ ဘာဖြေဖို့လိုဦးမလဲ 
ငါတို့ ခေတ်ကြီးခေတ်ပျက်ဆီက ညစ်တီးညစ်ပတ်တွေရခဲ့တာကို
ရွှေလို့ သမုတ်လို့ မဆုံးဘူး မဟုတ်လား။


လွမ်းတေးချို 
12:47 AM

June 15, 2018 

Comments

Popular posts from this blog

စာဟောဆရာ

ပညာရှိအယောင်ဆောင်တုန်းက ကိုယ့်သီဝရီ က ကဗျာကိုဖျက်ဆီး

ပန်းကလေးနဲ့ ကျနော်