ကျနော်နှင့် အားနာခြင်း

ကျနော်နှင့် အားနာခြင်း 

ဟိုတလောတုန်းက နေပြည်တော်ကအပြန် လေဆိပ်မှာ နိုင်ငံခြားသားတစ်ယောက်နဲ့ မိတ်ဖွဲ့ စကားပြောဖြစ်တယ်။ သူ့အကြောင်းကိုယ့်အကြောင်းမိတ်ဆတ်ကြရင်း 
ကိုယ်သိတဲ့သူတွေက သူနဲ့အလုပ်တွဲလုပ်နေတဲ့သူတွေဖြစ်နေတယ်။ ဒီလိုနဲ့စကားတွေပြောမိကြတယ်။ သူက မြန်မာစကားပြော သင်နေတယ်။ တော်တော်လေးလည်း တတ်နေပြီ။ မေးထူးခေါ်ပြောထက်ကို ပိုနေပြီ။ 
ဝါကျအတိုလေးတွေ ပြောနိုင်တဲ့အပြင် ဟာသတောင် မြန်မာလိုပြောနေပြန်ပြီ စကားတွေပြောနေရင်း အားနာတယ် ဆိုတဲ့ စကားလုံးအကြောင်းရောက်သွားတယ်။ သူက အားမနာပါနဲ့ ဆိုတဲ့ စကားလုံးကို စိတ်မပူပါနဲ့လို့ အဓိပ္ဗာယ်သတ်မှတ်ထားတာ။ အဲ့ဒါနဲ့ အားနာခြင်းအကြောင်းကို သူ့ကို ရှင်းပြဖို့ ကြိုးစားမိတယ်။ တကယ်ရှင်းမယ်ဆိုမှ တိုက်ရိုက် အနက်ဖွင့်ဖို့ တအားခက်နေတယ်။ အဲ့ဒါနဲ့ ဥပမာလေးတွေ အရင်ပေးကြည့်တယ်။ 

မင်းက မင်းသူငယ်ချင်းအိမ်ကို ညဆယ်နာရီလောက်ရောက်သွားတယ်။ ဘာမှမစားရသေးဘူး သူတို့က မင်းကိုမေးမယ်။ ညစာစားပြီးပြီလား ဘာစီစဉ်ပေးရမလဲ ပေါ့  
မင်းဘယ်လိုဖြေမလဲ  
မစား ရသေးဘူးလို့ အမှန်အတိုင်းဖြေမလား
စားပြီးပြီ ဗိုက်တွေမှ တင်းလို့ လို့ဖြေမလား  
မြန်မာတွေက ဒုတိယ အဖြေကို ဖြေတာများလိမ့်မယ်။ အဲ့ဒါဟာ အားနာခြင်းပဲ တစ်ဖက်သားကို အလုပ်ပိုသွားမှာ စိုးရိမ်တဲ့စိတ်ပဲ အကျိုးဆက်ကတော့ ငတ်တာပေါ့  
ဒါပေမယ့် တစ်ဖက်လူအတွက် အပိုဒုက္ခများသွားမှာ ပူပန်ပေးခြင်းဟာ ကောင်းမွန်တဲ့အလေ့အထ ဖြစ်နေပြန်တယ်။

နောက်ထပ်ဥပမာ တစ်ခုပေးကြည့်မယ်  

မင်းဆီကို သူငယ်ချင်းတစ်ယောက်က ပိုက်ဆံချေးတယ်။ 
မင်းက မပေးချင်ဘူး။ မင်းလည်း သိပ်ပြေလည်တာမဟုတ်ဘူး ဒါပေမယ့် သူငယ်ချင်းဖြစ်တဲ့အတွက် မျက်နှာလည်း မပျက်ချင်ဘူး အဲ့ဒါနဲ့ပေးချေးလိုက်တယ်။ 
အားနာလို့ ပေးချေးလိုက်တယ်လို့ သုံးတယ်။  ဒီမှာကျတော့ မင်းက ဆက်ဆံရေးမှာ အဖုအထစ်ဖြစ်သွားမှာကို စိုးရိမ်တယ်။ 


နောက်ထပ် ဥပမာ ထပ်ပေးဦးမယ်။ 
မင်းနဲ့အလုပ်တွဲလုပ်တဲ့သူတစ်ယောက်ရှိတယ်။ အဲ့ဒီမှာ မင်းက အမှားတစ်ခုလုပ်မိတယ်။ တအားကြီး မှားတာမျိုးတော့ မဟုတ်ဘူး။ 
ဒါပေမယ့် မင်းကို မှားကြောင်းမပြောဘူး ဘာလို့လဲဆိုတော့ အားနာလို့ အဲ့ဒါနဲ့ မင်းလည်း မှားမှန်းမှန်မှန်းမသိပဲ ဆက်လုပ်တော့တာပါပဲ  
ဒီမှာလည်း မင်းတို့ဆက်ဆံရေးပျက်သွားမှာစိုးတယ်။ အလုပ်က ပျက်သွားလို့ရတယ်။ ဆက်ဆံရေးပျက်သွားရင် ပိုဆိုးသွားနိုင်တယ်လို့ ယူဆချက်တစ်ခုကို တွေ့ရမယ်။ 
အဲ့ဒီမှာ မင်းက အထက်လူကြီးဆိုရင်  အကြောက်တရားလေးပါ ပေါင်းစပ်ပါဝင်သွားပြီး မင်းမှားနေရင်တောင် မင်းနောက်ကို ခေါင်းငြိမ့်ပြီးလိုက်လုပ်မည့် နောက်လိုက်တွေအများကြီးပေါ်လာမယ်။ 
ရှေ့ မှာ အလုပ်မဖြစ်တဲ့အကြောင်းမပြောပဲ နောက်ကွယ်မှာ စောင်းပါးရိပ်ခြည်ပြောတာမျိုး အုပ်စုဖွဲ့ အတင်းတုပ်တာမျိုးလည်း မင်းကြုံရနိုင်တယ်။ 
အဲ့ဒီမှာ မင်းက နိုင်ငံခြားသားဆိုရင် မင်းလုပ်ငန်းခွင်က မြန်မာတော်တော်များများက ဒဲ့ပြောမှာမဟုတ်ဘူး။
သူတို့မှာ အကြောက်တရား အနည်းငယ်ပေါင်းစပ်ထားတဲ့ အားနာခြင်းဆိုတဲ့ ယဉ်ကျေးမှု မကျော်လွှားနိုင်ဘူးလေ။ 
နောက်တစ်ခုက တချို့ အကြောင်းအရာတွေကို လိပ်ပတ်လည်အောင်ပြောဖို့ ဘာသာစကားအလုံအလောက်လည်း မရှိနေဘူးလေ။ 
အဲ့ဒါနဲ့ အလုပ်မဖြစ်တဲ့ လုပ်ငန်းခွင်တွေ များသထက်များလာတော့တာပါပဲ  

ကျနော်ပေးတဲ့ ဥပမာတွေကို အဲ့ဒီနိုင်ငံခြားသားက ခေါင်းတငြိမ့်ငြိမ့်နဲ့နားထောင်တယ်။ တစ်ခုခုကိုတော့ သဘောပေါက်သွားဟန်တော့ရှိပါတယ်။ အားနာလို့ သဘောပေါက်ဟန်ဆောင်တာများဖြစ်နေမလားမသိဘူး။ 

အားနာခြင်းကိုမြန်မာစာအဖွဲ့ကထုတ်တဲ့ အဘိဓာန်ကျမ်းမှာတော့'
'မိမိကြောင့် တစ်ဖက်သားအနှောက်အယှက်ဖြစ်မှာကို စိုးရိမ်တာ၊အနှောက်အယှက်ဖြစ်ရသည့်အတွက်စိတ်မချမ်းမသာဖြစ်ရလေသည်'' လို့ဆိုထားပါတယ်...... ဒီအနက်က အပေါ်ကပြောခဲ့တဲ့ ဥပမာတွေအားလုံးကို
လွှမ်းခြုံနေမိတာမျိုးတော့ မဟုတ်နေဘူး။  နောက်တစ်ခုက အားနာခြင်းဟာ ရိုးသားသူတွေရဲ ဂုဏ်တစ်ခုအနေနဲ့ မှတ်ယူကြတာပဲ  
စာရေးဆရာကြီး တစ်ယောက်ကို အားနာတတ်လွန်းသူကြီးပြီး သူ့မိန်းမက ဂုဏ်တင်ပြီး စာရေးတာကို ဖတ်ဖူးတယ်။ 

နေရာတို်င်းမှာ အားနာတယ် ဆိုတဲ့ စကားက ကြားနေရမှာပဲလေ ဘာကြောင့် ဒီယဉ်ကျေးမှုကြီး ဖြစ်လာရတာလဲဆိုတာကို တွေးကြည့်မိတယ်။ 
တစ်ဖက်သားကို ခံစားနားလည်ပေးရမယ့် ကျင့်ဝတ် ရယ် ငြင်းလိုက်ရင်တစ်ခုခု ဖြစ်သွားမှာပဲ ဆိုတဲ့ စိုးရွံ့ မှု နှစ်ခုဆီက အဓိက ဖြစ်တည်လာတယ်လို့ ကျနော်ထင်တယ်။ 

ပြောမယ့်သာပြောရတယ် ကျနော်ဆိုလည်း အလွန်အားနာတတ်တဲ့ကောင်။ ပိုက်ဆံချေးထားတဲ့ ဘော်ဒါနဲ့ ဆိုင်ထိုင်မိရင်တောင် သူနေရခက်မှာစိုးလို့ ပိုက်ဆံနဲ့ ဆက်စပ်တဲ့အကြောင်းအရာမျိုးမပြောမိအောင်ရှောင်တယ်။ 
တော်တော်ကြာသူ့ကို သွယ်ဝိုက်ပြောပြီး ပိုက်ဆံပြန်တောင်းတယ်လို့ ထင်မှာစိုးလို့လေ ဘယ်လိုတွေတောင် အားနာနေမိသလဲတော့မသိပါဘူး။ 
အားနာခြင်းမှာ ကောင်းကျိုးရှိသလားလို့ မေးဖွယ်ရာရှိတယ်။ 
ကောင်းတဲ့အချက်တော့  သူများကို တစ်ဖက်သားကို စာနာနားလည်ပေးတယ်ဆိုတဲ့အချက်ပဲ ဒါကလည်း စဉ်းစားစရာရှိတယ်။ တစ်ဖက်လူကို မမေးမမြန်းပဲ ကိုယ့်ဖက်ကနေ တစ်ဖက်သတ် စာနာနေမိတာမျိုးဖြစ်နိုင်လို့ပဲ ဒီအချိန်ကြီး သူ့တို့ အိမ်သွားလည်ရင်တော့ ကရိကထများမှာပဲ အလုပ်တွေပိုတော့မှာပါပဲ မသွားတော့ပါဘူးလေ ဆိုပြီး စဉ်းစားနေတဲ့အချိန် တစ်ဖက်လူက ကိုယ်နဲ့ တွေ့ချင်နေတာ ကိုယ့်ကိုယ် ပြောစရာတစ်ခုခု ရှိနေနိုင်တာပဲလေ။ အဲ့ဒီမှာ အရေးကြီးတာက ကိုယ်အလည်သွားမည့်အိမ်ကို ဖုန်းကြိုဆက်ပြီး သူတို့ အားမအား ဆန်းစစ်ကြည့်တာမျိုးတော့ လုပ်သင့်တယ်လို့ ထင်တယ်။ ပွင့်ပွင့်လင်းလင်းမေးလိုက်တော့လည်း စိတ်ရှင်းတာပေါ့  

အားနာခြင်းကြောင့်ဆိုးကျိုးတွေလည်း ရှိတယ်လို့ထင်တယ်။ 

ပွင့်လင်းတဲ့ ဆက်ဆံရေးမျိုးရဖို့ ခက်သွားတယ်။ တကယ့်အဖြေအမှန်လား အားနာလို့ ဖြေတာလားေ၀၀ါးလာတယ်။ ဆက်ဆံရေးမှာ ခန့်မှန်းပြီး ကိုယ်ထင်သလို အနက်ပြန်ပြီး ရမ်းသတ်မှတ် ရမ်းလုပ် ရတာမျိုးတွေ ဖြစ်လာတယ်။ အားနာလို့ မပြောပဲ မျိုသိပ်ထားတာကြာတော့ ဒဏ်ရာက ပိုပြင်းလာတာမျိုးတွေလည်း ကြုံဖူးတယ်။ ကျနော်ကိုယ်တိုင်လည်း ဖြစ်ဖူးတယ်။ 
နောက်ထပ်တစ်ချက်က ကြောက်စိတ်နဲ့ ယှဉ်ပြီးဖြစ်ပေါ်လာတဲ့ အားနာစိတ်ပဲ လုပ်ငန်းခွင်တွေထဲမှာ တွေ့ ရတာများတယ်။ အဲ့ဒါဆိုရင်တော့ အဲ့ဒီအဖွဲ့ အစည်းက တိုးတက်သင့်သလောက် တိုးတက်မှာမဟုတ်တော့ဘူး။ ပိုဆိုးက ရှေ့ မှာ မပြောရဲလို့ နောက်ကွယ်မှာ ပြော နောက်ကွယ်မှာ ပြောတော့ အတင်းအဖျင်းပုံစံမျိုးဖြစ်သွားပြန်ရော တကယ် တေ့တေ့ဆိုင်ဆိုင်ပြောကြမယ်ဆိုတော့ မပြောကြတော့ပြန်ဘူး။ တော်တော်လည်း ရယ်ရတဲ့ အားနာခြင်း  

အားနာခြင်းနဲ့ ပတ်သက်ပြီး ကျနော် ကဗျာလေးတစ်ပုဒ်ရေးဖူးတယ်။ 


မရိုးသေးတဲ့ပုံပြင်

အားနာလို့ပိုက်ဆံပေးချေး
အားနာလို့ ပြန်မတောင်း 
အားနာလို့ ရှေ့ မှာမပြော နောက်ကွယ်မှာပြော
အားနာလို့ မျက်နှာပူလို့  မတွေ့အောင်ရှောင် 
အားနာလို့ တခြားသူနဲ့တောင်းခိုင်း
အားနာလို့တဲ့ ရှိတဲ့ပစ္စည်းလေးထုခွဲပြီး ပြန်ပေးတော့
အားနာလို့ မယူပဲပြန်ငြင်း အဆင်ပြေမှပေးပါ ပြန်လုပ်
အားနာလို့ မပြောပဲနေတာ အလိုက်သိလာမယ်မှတ်တယ်
အလိုက်မသိတဲ့ကောင်တွေ အားနာလို့ မဖြစ်
အားမနာလျှာမကျိုး စွတ်စွတ်ပြော  (နောက်ကွယ်မှာ)
ဟိုကပြန်ကြားတော့ ဒီကောင် နည်းနည်းမှ အားမနာဘူး 
ငါ့ကို မှိုချိုးမျှစ်ချိုး ပြောတယ် ဆိုပြီး အားကြီးဒေါသထွက်
ဒီအတိုင်းပြောမထွက်တော့ ရဲဆေးတင်ပြီး အားရပါးရ အိမ်ရှေ့ မှာလာဆဲ
ငါအားမနာနိုင်တော့ဘူးဆိုပြီး အိမ်ထဲက ငှက်ကြီးတောင်ကို ဆွဲပြီး ပြဿနာထွက်ရှာ
ပြဿနာသာထွက်ရှာတာ တစ်ယောက်ယောက်က အလိုက်တသိဝင်ဆွဲမှာပဲလို့ မျှော်လင့် 
ဘေးနားကလူတွေက အားနာလို့ဝင်ဖျန်ဖြေ
တော်တော်ကြာကြာ မခေါ်မပြော 
အလှူပွဲမှာ တစ်ဝိုင်းထဲ ထိုင်ရတော့ အားနာလို့ စကားစပ်မိစပ်ရာတွေ
ပြောမိပြောရာတွေပြန်ပြောကြ

လွမ်းတေးချို
၂၉ သြဂုတ် ၂၀၁၆


အခုတလော မေးနေမိတဲ့မေးခွန်းကတော့ အားနာခြင်းဟာ ကျနော်တို့ရဲ ပေါင်းသင်းဆက်ဆံရေး အပေါ် ဆိုးရွာစွာထိခိုက်နေပြီလားဆိုတဲ့မေးခွန်းပဲ တချို့ ကပြောကြတယ်။ ကျမက ကျတော်က အားမနာတတ်ဘူး တဲ့။ 
အဲ့ဒီလူတွေက တကယ်များ အားမနာတတ်တာများလား အကြောက်တရားတွေကင်းလွတ်ပြီး မိတ်ပျက်မှာ နည်းနည်းမှ မစိုးရိမ်တဲ့လူတွေလားပေါ့ ကျနော်ကတော့ တစ်ဖက်လူကို စာနာနားလည်ပေးတတ်တဲ့စိတ်ဟာ ကောင်းတယ်လို့မြင်ပါတယ်။ ဒါပေမယ့် မေးမြန်းပြီးမှ စာနာတာက ပိုကောင်းမယ်လို့ ယူဆတာပါပဲ တစ်ဖက်သတ်တွေအားနာနေမယ့်အစား ရှင်းလင်းအောင်မေးမြန်းပြီး ကိုယ့်ဖက်ကလည်း ကိုယ်လိုချင်တာကို ရှင်းလင်းစွာတင်ပြပြောဆိုတတ်တဲ့ အလေ့အထလေးတွေက သိပ်အရေးကြီးတယ်လို့ မြင်မိတာပါပဲ  

စာတွေအများကြီးရေးမိသွားပြီ စာဖတ်သူကို အားနာလိုက်တာဗျာ  

လွမ်းတေးချို

August 22,2018 

Comments

Popular posts from this blog

စာဟောဆရာ

ပညာရှိအယောင်ဆောင်တုန်းက ကိုယ့်သီဝရီ က ကဗျာကိုဖျက်ဆီး

ပန်းကလေးနဲ့ ကျနော်