မမရေ
မမ ရေ
မမကို လွမ်းတဲ့အချိန်တုန်းက
ခြိမ့်ကေကိုရဲ့  ကျနော်လွမ်းလို့ ငိုရတော့မယ် မမရေဆိုတဲ့
သီချင်းမပေါ်ခဲ့သေးတော့
ကြေကွဲစွာ မလွမ်းခဲ့ရဘူး။
သနပ်ခါးဘဲကြားလိမ်း နေကာမျက်မှန်ကိုတပ်
မမအိမ်ရှေ့ မှာ ဂစ်တာတီးပြီး
အဲ့ဒီသီချင်းသာဆိုပြလိုက်ရရင်
ဘယ်လောက်တောင် လွမ်းလို့ ကောင်းလိုက်မလဲ မမရေ ။
အခုတော့ မမဟာ ကျနော်ရဲ့  သောက်လက်စ ဆေးလိပ်ကို
ဆွဲယူပြီးလွှင့်ပစ်ရမယ့်အစား
ကျနော့်ကို ဆေးလိပ်ကျန်သေးလားတဲ့
မမက ကျနော့် မာဘိုရိုကို မကြာခဏ အလကားသောက်တယ်
မမက အချိန်ပြည့်မူးနေတော့တာပဲ
မမ မမူးတဲ့ရက်ဆိုတာ ကျနော်တို့ ချစ်ခဲ့ကြတဲ့ရက်တွေပဲ ဖြစ်မယ်
မမက မမူးတဲ့ရက်ဆိုတာ မရှိဘူး
မမက ကျနော့်ရဲ့  ချစ်ခြင်းမေတ္တာကို လှောင်တယ်
လှောင်တယ်
လှောင်ပါများတော့ ဈေးတက်လာမယ် ထင်တယ်လို့ပြောပြီး
နင့်အချစ်က မှိုတက်လာလိုက်တာလို့ တောင်စဉ်ရေမရပြောတယ်
အခုလည်း မမနေမကောင်းဘူး
ဆေးထိုးရမယ်တဲ့
သိပ်မကြာလိုက်ပါဘူး လူမှုကွန်ယက်မှာ ဓာတ်ပုံတစ်ခုတွေ့လိုက်တယ်
ပိုက်တန်းလန်းနဲ့ သေဆုံးနေတဲ့ မမ။။
လွမ်းတေးချို
မတ်လ ၁၆၊ ၂၀၁၉
မမရေ (၂)
မမဘာလုပ်နေလဲဆိုတော့
ခပ်ညံ့ညံ့ထမင်းကြော်ကို
ဟိုတယ်တစ်ခုမှာ စားနေတာတဲ့
ဘယ်သူနဲ့လဲဆိုတော့
တို့ ပရိုက်ဗစ်စီတွေကို
မင်းသိချင်တာလားတဲ့
ဟင့်အင်း
မသိချင်တော့ပါဘူးလို့ ပြောပြီး
စကားလမ်းကြောင်းလွှဲရတယ်
မမက ကျနော့်ကို ခွေးမသားလို့ဆဲတယ်
ပြီးတော့
ခွေးတွေကို ချစ်တယ်တဲ့
လွမ်းတေးချို
Comments
Post a Comment