ဒီပရက်ရှင် မှတ်စု
ဒီပရက်ရှင် မှတ်စု
ဒီပရက်ရှင် နဲ့တွေ့တော့
ပေါင်းစည်းမှု သင်္ကေတအဖြစ် အိပ်ယာခင်းတွေ တွန့်ကြေ
ခြေမလေးတွေ ကွေးညွှတ်သွားတဲ့ ဇာတ်ဝင်ခန်းတွေ
ဘယ်သူက စာလုံးပေါင်းမှန်အောင် ဂရုစိုက်ပါ့မလဲ
စာလုံးပေါင်းမှန်သွားရင်ကော ဒီပရက်ရှင်ဟာ
ဘာအဓိပ္ပာယ်ရှိနေမှာမို့လို့လဲ
ခင်ဗျားတို့သိလား
သေနတ်ပြောင်းဝကို မန်းမှုတ်လိုက်တဲ့အခါ
ကျည်ဆန်ဟာ ပစ်ခတ်သူတွေဆီ လှည့်ပြန်သွားစေတာမျိုး
ချွေးစက်တွေသီးနေတဲ့ တွေးခေါ်မှုမျိုးနဲ့
ဒီပရက်ရှင်မြင်းဟာ ဒုန်းစိုင်းပြီး ခြံစည်းရိုးတံခါးကို ခုန်ကျော်သွားတယ်
မြင်းခွာသံ တစ်ချက်ပေါက်
ဒီပရက်ရှင်တွေ ဟုန်းဟုန်းတောက်။
ခင်ဗျားတို့သိလား
ဇက်ကြောတွေတက်တဲ့အထိ ထိုင်နေရတဲ့အခိုက်အတန့်
တစ်ခါတစ်လေ လက်ဖက်ရည်ဆာတယ်
အောင်ခြင်း ရှစ်ပါး ဆာတယ်တဲ့
ဆာဘွဲ့ရထိုက်ပါတယ် ဒီပရက်ရှင်
တောင်းပန်ပါရစေ ဒီပရက်ရှင်
ငါတို့ ငယ်ငယ်တုန်းက အပြာကားကို ခိုးကြောင်ခိုးဝှက်ကြည့်ခဲ့ရပေမယ့်
ခုချိန်ခါမှာတော့ငါတို့ကို လွတ်လပ်စွာ သုက်ထွက်ခွင့်ပြုပါ
ဝတ်လွှာလေးကို ချွတ်လိုက်
ငါတို့ဆီမှာ ငွေအလုံအလောက်ပါပါတယ်
ဒီပရက်ရှင်ဟာ ၀င်ပြီး ပြန်ထွက်မရတဲ့ တံခါး
ဘွတ်ဖိနပ်တွေ စိတ်ကြိုက်ဝယ်စီးတဲ့ ကင်းခြေများ
သူ့မှာ လျှော်ဖွပ်ချိန်တောင် မရှိပါဘူးတဲ့
ဒီပရက်ရှင်ဟာ သူ့ခေါင်းပြတ်ကို တိုင်ထိပ်မှာစိုက်ပြီး
မီးညှိလိုက်ပါပြီတဲ့
ငါတို့လမ်းတွေကို မှတ်မိခဲ့ပါပြီ
မြေပုံတွေ အလွတ်ရခဲ့ပါပြီ
ဒီပရက်ရှင် အနံ့တွေချည်း ဖြန်းထားတဲ့အဲကွန်းခန်းထဲမှာ
ချိုင်းထောက်နဲ့တက်နင်းခံရတဲ့ အနာတချို့ ဆီ
စာရေးဖူးလား ၊ ဖုန်းဆက်ဖူးလား
ပဋိသန္ဒေရ စကားဆိုဖူးသလား
ငါတို့အသည်းဟာ
သံမဏိတွေကို အရည်ကြိုပြုလုပ်ထားတာဖြစ်ပြီး
အသံလွင်လွင်နဲ့ ခေါင်းလောင်းသံကလေး အဖြစ်
အိမ်ဝမှာ ချိတ်ဆွဲမိတဲ့ ဆည်းလည်းလေး အဖြစ်
ဒီပရက်ရှင်လေနုအေးကလေး အနော့မှာ
တော်သလို နေနေရတယ်။
လွမ်းတေးချို
12:22 AM
Feb 27,2019
ဒီပရက်ရှင် မှတ်စု -၂
ညတစ်ဝက်လောက်တော့ အိပ်လိုက်ရင် ဘာဖြစ်သွားမှာမို့လို့လဲတဲ့
အခန်းတံခါးဝမှာ အိပ်စက်ခြင်းမ၀င်ရလို့ စာတမ်းကို
ဘယ်ကောင် ကပ်သွားတာလဲ
ပုတီးစိပ်ရင် မျက်ခွံတွေလေးလာမယ်ဆိုလား
သေခါနီးမီးဟာ ရေအမြောက်အမြားနဲ့ ရှဲခနဲ ငြိမ်းခံရတယ်
ညတာရှည်ခြင်းကို
နာရီဒိုင်ခွက်ထဲမှာ လှောင်ပိတ်ထားပြီးတဲ့နောက်
ပြေးစက်ပေါ်မှာ ထပြေးပြီး ဘယ်ကိုမှမရောက်
လဲကျတဲ့အခါ လူတွေဝိုင်းကြည့်ကြတယ်
လမ်းဆုံကိုရောက် ၊ လမ်းကိုရွေးပြီးခါမှ
လမ်းဆုံးရတယ်
မအိပ်ရသေးတဲ့မျက်လုံးနဲ့ မနက်ဖြန်ကို
အလုပ်သွားရမယ်ဆိုတော့မှ
လွမ်းတေးချို
12:43 AM
Feb 27,2019
ဒီပရက်ရှင်မှတ်စု -၃
ကောင်းကင်ကို ဒူးနဲ့တိုက်မယ်ဆိုတဲ့ တက်ကြွမှုနဲ့ မနက်ခင်းကို
ခပ်ပြင်းပြင်း တံခါးခေါက်လိုက်တယ်
သွေးဆင်းနေတဲ့ ဓာတ်ပုံထဲမှာ အနာဂတ်ကလေး လိုက်ပါသွားတယ်
သားလျှောသွားတဲ့ ငါ့မိန်းမဆီက ဖုန်းဝင်လာတယ်
စကားကို ကုန်အောင်မပြောတတ်လို့
ဘယ်လိုမှ မနေတော့တဲ့ ထူပေပေ၊ အတတကောင်လို
ငါငြိမ်သက်မိတယ်
လုပ်စရာရှိတာတော့ လုပ်ရမှာပဲ
ငါ စာဆက်သင်ရတယ်
နိုင်ငံရေးအကြောင်းတွေ ကြီးကြီးကျယ်ကျယ်ပြောပြီး
ငါ့သိမ်ငယ်မှုကို ဖုံးရတယ်
မပျံသန်းရဇုန်ထဲမှာ ငှက်ဖြစ်ရတာကို ဂုဏ်ယူနေရတာတော့မှာလား
ဘ၀မှာ ဘာအရေးကြီးဆုံးလဲ
အရေးကြီးဆုံးဟာ ငါတို့ဘ၀တွေပဲ
ဒီလိုနဲ့ ကလေးဟာ ငါတို့ဆီ ရောက်မလာတော့ဘူး
ငါ အော်ငိုလည်း ဘယ်သူမှ မကြားမယ့်အတူတူ
အရက်တစ်ခွက်ကို ငါသောက်ခဲ့တယ်။
လွမ်းတေးချို
1:11 AM
Feb 27,201
Comments
Post a Comment