အဲ့ဒီကောင်

အဲ့ဒီကောင်

အဲဒီကောင်က နာချင်မွှေးထောင်နေတာ 
တစ်ကိုယ်လုံးကလည်း လူမိုက်နံ့တွေသင်းလို့
အဲ့ဒီကောင်ကို မြွေအကြောင်းသွားမပြောနဲ့ 
ခြေထောက်တွေအားလုံးကို သူမြင်တယ်
သူ့လားရာကို သူသိတယ်

အဲ့ဒီကောင်ဟာ တစ်ဘူတာပြီးတစ်ဘူတာ 
ခရီးဆက်နေတဲ့ ရထားလို
အရက်ဆိုင်တွေစေ့အောင် လိုက်သောက်တာ
အဲ့ဒီကောင်ဟာ စာအုပ်တွေကို အမြည်းလုပ်တာ
အဲ့ဒီကောင် ထထပြီးရေရွတ်သမျှဟာ 
ကဗျာဖြစ်တယ်ဆိုလား

အဲ့ဒီကောင်ပေါ့ 
ပန်းကလေးများပွင့်တော့မည်ဆိုပြီး
ရာသီလာနေတဲ့ မိန်းခလေးငယ်ကို 
သီချင်းဆိုပြီး စတာ
အဲ့ဒီကောင်ပေါ့ အဆောင်ရှေ့မှာ
တွေ့ကရာလူကို ရိုက်ခဲ့တာ

အဲ့ဒီကောင်ပေါ့ 
မချစ်ရင် မပြန်ဘူးဆိုပြီး
ကောင်မလေးအိမ်ရှေ့ တံခါးကို
ခြေထောက်နဲ့ ပိတ်ကန်
အဲ့ဒီကောင်ပေါ့ ရာဇ အိဒြေ္ဒနဲ့ 
လမ်းပေါ်မှာအိပ်ခဲ့တာ
တွေ့ကရာ ကောင်မလေးကိုလည်း 
အိပ်ရာပေါ်ခေါ်ချင်တဲ့ကောင်

အဲ့ဒီကောင်ပေါ့ အပျင်းပြေဆိုပြီး
ပြတင်းပေါက်က မြင်ကွင်းတွေကိုကြည့်ပြီး အာသာဖြေတယ်
အဲ့ဒီကောင်ပေါ့ မျက်စိမကောင်းတော့ဘူးဆိုပြီး
ဆေးလိပ်ဖြတ်ပစ်တာ
နှစ်ရက်တိတိ


အဲ့ဒီကောင်ပေါ့ ရှေ့ တန်းကို သေချာမသိပဲ 
စစ်ဗိုလ်လည်း ဖြစ်ချင်ခဲ့သေးတာ 
အဲ့ဒီကောင်ပေါ့ စူပါမားကတ်ထဲမှာ 
ဆယ်ဖီ ဆွဲဖို့ငြင်းဆန်ခဲ့တာ
အဲ့ဒီကောင်ပေါ့ စာစီစာကုံးသာသာ 
ကဗျာတွေ ရေးသေးတာ

အဲ့ဒီကောင်က ဘာကောင်လဲလို့မမေးနဲ့
ဖေ့ဘုခ်မှာ ဆယ်လီဆိုလား
ဝါးခနဲ တစ်ခါသမ်းရင်တောင် 
လိုက်ခ်ပေါင်း ထောင်နဲ့ချီရတာတဲ့ 
လူတွေမှာ ခေါင်းမပါဘူး
လူတွေမှာ နှာပဲပါတယ် လို့ပြောနေတတ်တာ။

အဲ့ဒီကောင်ပေါ့ 
ကျနော်ချောလားလို့ မေးရင်း
သူ့ကိုယ်သူ ချောလာတယ်လို့ထင်လာတဲ့ကောင်
သူ့အိမ်မှာ မှန်မရှိဘူးထင်တယ်

အဲ့ဒီကောင်ပေါ့ 
တက်စီသမားကို ပိုက်ဆံပေးပြီး 
တစ်ညလုံးပတ်မောင်းခိုင်းတယ်
အိမ် မပြန်ချင်ဘူးဆိုလား 

ခြင်္သေ့လည်ဆံမွှေးတွေကို ခေါင်းဖီးပေးချင်တယ်
ရဲရင့်မှုရဲ သင်္ကေတကို ပုံဖော်ပေးချင်တယ်ဆိုလား
ငြိမ်းချမ်းရေးရရင် ကိုယ်လုံးတီး 
ပတ်ပြေးမယ်ဆိုလား
ဆေးခြောက်ကို တရားဝင်ခွင့်ပြုသင့်တယ်ဆိုလား
ရေပက်မ၀င် စကားပြောတဲ့အခါပြောပြီး
ညတစ်ညလို တိတ်ဆိတ်နေပြန်တတ်တာ 
အဲ့ဒီကောင်ပေါ့ 


အဲ့ဒီကောင်ဟာ ခြင်ကိုက်မှာစိုးလို့တဲ့ 
ခြင်ထောင်ထဲမှာ နေ့ခင်းကြောင်တောင်ကြီး 
ထိုင်ထိုင်နေတတ်သေး
အဲ့ဒီကောင်ပေါ့
ကမ္ဘာနဲ့ရင်ပေါင်တန်းမယ်ဆိုပြီး 
တရုတ်စကားသင်တယ်
အင်္ဂလိပ်စကားကို မီးကျိုးမောင်းပျက် ပြောတယ်
ပြည့်စုံနေပါပြီတဲ့ 

အဲ့ဒီကောင်ပါ့ ပွဲပြီးလို့ မီးသေပြီဆိုတာတောင်
သေးသွားပေါက်တယ် 
တံတွေးနဲ့ သွားထွေးတယ်
အားရပါးရ ခြေစုံခုန်တယ်

အဲ့ဒီကောင်ပေါ့ အသဲကလည်း ကွဲတတ်သေး
ဘယ်သူနဲ့ရတဲ့ အလွမ်းလဲဆိုတာတော့ 
မရေရာတဲ့ကောင်
အဲ့ဒီကောင်ပေါ့ 
လက်သည်မဲ့နေတဲ့ ပျက်ကျစကားလုံးတွေ
ထွေးပိုက်ထားတဲ့ကောင်


လွမ်းတေးချို 

22/2/2019

Comments

Popular posts from this blog

စာဟောဆရာ

ပညာရှိအယောင်ဆောင်တုန်းက ကိုယ့်သီဝရီ က ကဗျာကိုဖျက်ဆီး

ပန်းကလေးနဲ့ ကျနော်