“ကွန်ဆာဗေးတစ် ယောင်္ကျားဟာ ပုဆိုးခြုံ ထဲမှာ ချုံးပွဲချငို “
ကျုပ် ချစ်တဲ့အိမ်မြှောင်မလေးက လေ
ပရီးမီးယားလိဂ် ကိုမှ အင်္ဂလန်သွားပြီး ကြည့်ချင်သတဲ့
ဘောလုံးသမားဝတ်စုံဝတ်ပြီး အားပေးချင်သတဲ့
အံ့ရော
ရွာကျောင်း ဘောလုံးကွင်းကို ဗွက်ထတယ်တဲ့
ရွာမှာလည်း စကိုင်းနက်နဲ့ပါလို့ ပြန်မပြောဖြစ်ဘူး။
အဲဒီမိန်းမကလေ
ကိုးရီးယားကားကိုမှ ကြိုက်ပြန်သတဲ့
လေယာဉ်ပျံကြီးစီးပြီး လက်ထပ်ခွင့်တောင်းတာ ခံယူလိုသတဲ့
ရိုမန်တစ်ဆန်ဆန် ညစာစားပွဲတွေတက်ချင်သတဲ့
ရင်ဖုံးအင်္ကျီကြီးက စိတ်ကျဉ်းကြပ် သတဲ့
ကမ္ဘာကြီးပူနွေးလာပြီ ရေခဲမုန့်ကို မြန်မြန်စား
စကပ်တိုတို ၀တ်သတဲ့
ကလပ်စ် မမှန်တဲ့ မိန်းမကလေ
ကလပ် ဆို နေ့ညမရွေးပါတဲ့
မိန်းမတွေလည်း ရင်ဘောင်တန်းနိုင်ပါတယ်
ရင် ပေါင် တွေ တန်း ကြ သတဲ့
ရေအိုးစဉ်တွေ နှာခေါင်းရှုံ့  ပြီး
ရေသန့်ဘူးသန့်ကိုမှ ၀ယ်သောက်သတဲ့
ထမင်းချည်းစားရတာပျင်းစရာ
ပီဇာလေးကမှ ပိုခံတွင်းတွေ့ စရာ ဆိုပြန်သေးရဲ့ ။
ကျားမ တန်းတူပဲ
မောင်တစ်ထမ်း မယ်တစ်ထမ်းပဲ
အဲလို စကားလုံးတွေလည်း ရွတ်တတ်သေးရဲ့  ။
သူ့ကို သူများ နိုင်ငံက ခိုးသွားပြီသိလား။
သနပ်ခါး နဲ့ ဆံပင်ရှည်ကြီးနဲ့
ပုံတုံးလိုက်တာ
သူသုံးတဲ့ မိတ်ကပ်တွေက သိပ်ဈေးကြီးသတဲ့
ဆံပင်ကို တံမြတ်စည်းစတွေလို ကောက်ပစ်တာလေ
မလှဘူးလားလို့ ပြန်မေးသေးရဲ့ ။
အိုင်ဖုန်း အိုင်ပတ် တွေက ခေတ်မီ သတဲ့
ခေတ်နဲ့ အမီလိုက်ရမယ်
ကားလှလှလေးတွေမြင်ရင် ငေးကြည့် ချင်သေးရဲ့ ။
သင်တန်းဆင်းလက်မှတ်တွေ ခေါင်းအုံးလို့ရတယ်တဲ့
မိုးတွေကြီးလိုက်တာ
လေတွေတိုက်လိုက်တာ
လျှပ်စီးတွေ လက် ခနဲ
စီးကရက်ကလေးကို မီးညှိ လိုက်တဲ့အခါ
သူ့ခမျာ အရမ်းဘိုဆန်တာပဲ တဲ့။
ပိုက်ဆံပေးပြီး
ကိုယ့်ဘာသာ ချက်စားရတဲ့ ဟော့ပေါ့ က
ကျန်းမာရေး နဲ့ညီညွတ်သတဲ့
အဲဒီမိန်းမ ကို လူစိမ်းတစ်ယောက်ခိုးသွားပြီ
ဂလိုဘယ်အရေခြုံ ၀ိညာဉ်ပူးသွားပြီ
အခါကြီးရက်ကြီး ရုံးပိတ်တဲ့အခါ
ရှော့ပင်ထွက်မယ်
ဘုရားသွားဖို့ပြောတဲ့အခါ
နှလုံးသားမှာ ဘုရားတည်ဖို့ ပိုအရေးကြီးတယ်တဲ့။
ဂျက်ကာမိုက်ဇာ လေးက မွှေးသတဲ့
ခေါင်ရည် က အနံ့ မခံ နိုင်ဘူးတဲ့
ကျုပ် ချစ်တဲ့ မိန်းမကလေ။
နက်ကတိုင်လေး စည်းပြီး
ကုဒ် အကျီလေး ၀တ်စေချင်သတဲ့
ဘိုလိုမှုတ်မှ လူရာဝင်သတဲ့။
သစ္စာဖောက် အဖြစ်ခံမယ်
မျိုးစောင့် တာတွေ လက်မခံဘူး
ကိုယ်ယူချင်တာ ယူမှာပေါ့တဲ့
သူပြောချင်ရာ ပြောနေတတ်ပြီး
နားထောင် ဖို့ရာ သိပ်ပျင်းတာပါ ဆိုပဲ
ဒီမိုကရေစီ လို့ ခပ်ဖွဖွလေး ရွတ်လိုက်တဲ့အခါ
လော်ရယ် ဆိုးထားတဲ့ နှုတ်ခမ်းဟာ
ရနံ့ကလေး သင်းသွား တာပေါ့။
ရှင်က သိပ် ပုံတုံးတာပဲ
မ၀တ်တတ်မစားတတ်နဲ့
ကျုပ်နဲ့တွဲသွားရတာ ရှက်လာသတဲ့
ကွမ်းတွေ မစားစမ်းပါနဲ့
ရှင့်ပါးစပ်က twilight ကထဲက သွေးစုပ်ဖုတ်ကောင်မင်းသားလို
မလှဘူးတဲ့
အလှအပ ကို ခံစားတတ်စေချင်တယ်လို့
တဖွဖွ ရွတ်တယ်။
ကျုပ်ချစ်တဲ့ တောသူမဟာ
ကမ္ဘာနဲ့ အမီ ခရီးဆက်နေတာတဲ့
ရွာကို မပြန်ချင်တော့ဘူးတဲ့
ဒိုမီနို နဲ့ မန်ကျည်းဖျော်ရည်ဟာ
ဘယ်လို ယှဉ်ယှဉ် ယှဉ်လို့ မရတာ အသေအချာတဲ့။
တစ်ကိုယ်ရည် အာသာဖြေခွင့် ဟာ
မိန်းမ တွေမှာလည်း ရှိသတဲ့
အိုး… ရှက်စရာ စကားတွေ သူမပြောပြန်ပြီ။
အွန်လိုင်းပေါ်က ပွန်းဝက်ဆိုဒ်တွေဟာ
သူမ အတွက် စိတ်ထွက်ပေါက် တစ်ခုတဲ့
အိုး…ကမ္ဘာ ကြီးဟာ တစ်ခုခုမှားနေပါပြီ။
ထမိန်ဝတ်ခြင်းဟာ မုဒိမ်းမှုကို အားပေးစေတယ်
ဘယ်လိုဖြစ်ရပြန်တာလဲ မြို့  ကြီးသူ တောသမရယ်
ရွာမပြန်တော့ဘူးလား
ရွာမပြန်တော့ဘူးလား
ဖေ့စ်ဘုခ်ဟာ ကျမ ရဲ့  ဒုတိယ ဘ၀ ပဲ
ရှင်ကတော့ ကျမရဲ့  တတိယ ဘ၀ တဲ့
ငါပြီးရင် ငါပဲ ဖြစ်ရမယ်လို့
ကျုပ်မပြောရဲ ခဲ့
အတွေးအခေါ်ဟာ တဖြည်းဖြည်း ရှော့ခ်ဖြစ်လာတယ်။
ဟိုနိုင်ငံမှာဆိုရင်လေ
…..
ဒီလို စည်းမဲ့ကမ်းမဲ့တွေ မရှိဘူး..
…
မရှိဘူး..
မရှိဘူး..
ဟိုးတီဗွီထဲက အကြောင်းအရာတွေ သိပ်ပြောလာတယ်။
ရှင်နဲ့ အတွေးအခေါ်မတူဘူး
ရှင်နဲ့ နေရတာ ပြောစရာစကားရှားလာတယ်
အဲဒီမိန်းမကလေ
မြန်မာပြည်မှာတောင် ခြေမချချင်တော့ဘူးတဲ့
လက်နဲ့ ထမင်းစားတာ ရွံ့ စရာကြီးတဲ့
လမ်းဘေးအသုပ်ဆိုင် က ကျန်းမာရေးနဲ့ မညီညွှတ်ဘူးတဲ့
ဇွန်း ခရင်းလေးကို
မစားခင် တစ်ရှုးလေးနဲ့ သုတ်တယ်
လက်ဆေးဂျယ်ဘူးလေးကို စလင်းဘတ်ထဲက ထုတ်တယ်
ဂျင်သွားရဦးမယ် ဟုတ်လား
သနပ်ခါးအမြဲ သွေးရင် ခါးလှပါတယ် ဆိုတာ သူ နားမထောင်တော့
ကပွဲတွေမှာ လိုက်မကတဲ့ အတွက်
သူ့မှာ ရှက်ရတယ်တဲ့
လက်ရှေ့ တန်းပြီး တင်ခါပြတဲ့ အခါ
အခြားငနဲတွေ သူ့ကို ငေးကြည့်လို့
ဂုဏ်ယူစွာ ကျုပ်ကို ပြုံးပြတတ်သေးရဲ့ ။
ဟင်းချက်တာ အချိန်ဖြုန်းတာပဲ
တက်စ်စီကိုပဲ နေ့တိုင်းစီးသတဲ့
အဲဒီဖုန်းအပြား ကြီး တစ်ချိန်လုံး ပွတ်နေ တော့တာပဲ
အတူထိုင်နေပြီး အတူမရှိတဲ့သူတွေနဲ့ စကားပြောလို့
ကျုပ် ရဲ့  ဖြစ်တည်မှုဟာ ၀ါးပြီးထွေးထုတ်ထားတဲ့
ကွမ်းတံသွေး သာသာ…ပေါ့။
ရွာအကြောင်းလည်း ပြောသံမကြားရတော့
ရွာနားက စိုက်ခင်းတွေလည်း
ရယ်ဒီမိတ်တွေ အဖြစ်ပြောင်းသွား
အဲဒီမိန်းမဟာ အရင်လိုမဟုတ်တော့
အရပ်ကတို့ရေ
ခင်ဗျားတို့ ရွာသူမ ကြီးဟာ ရွာ ပြန်မလာတော့ပါဘူး
လွမ်းတေးချို
၁၈.၅.၂၀၁၄
၁၀ နာရီ ၄၀ မိနစ် ( ညပိုင်း)
Comments
Post a Comment