လမ်းကြောင်းမှန်ပေါ်က ကားပျက်ကြီး

ကားပေါ်မှာ ဘယ်သူပါလဲ မမေးနဲ့
အကုန်ပါတယ်။
ကလေး ရော ခွေးရော
အကြွေးနဲ့ လူတွေ
ကြွေးတင်ရင် ရှင်ဘုရင်ကို ဆပ်စေချင်တဲ့သူတွေ
ဘယ်သွားမလဲ မမေးနဲ့
ခေတ်မီဖွံ့ဖြိုးတိုးတက်
ဆီလောက်သလား ဒီခရီးနီးသလား
ကိုယ့်အတွေးနဲ့ကိုယ်သောက်ရမည့် အရက်တွေ
ကိုယ့်အဖြစ်နဲ့ကိုယ် မူးရမည့် ရက်တွေ
ယာဉ်မောင်းပြောင်းပြီပြောတယ်
ကားပေါ်က ပါးစပ်ကြမ်းတဲ့ စပယ်ယာ ကို ဘယ်လိုလုပ်မလဲ
ဘယ်သူပိုင်ရှင်လဲ မမေးနဲ့
စာနဲ့ပေနဲ့ပြောရင် ခရီးသည်တွေပိုင်တဲ့ကား
လက်တွေ့ မှာတော့ ဇာတ်လမ်းကိုပြီးအောင် ကြည့်
ဘာမပြီးခင် ဘာမမြင်စေနဲ့ဆိုသား
တံခါးတွေဖွင့်ပြီပြောတယ်
လေ၀င်ပေါက်ထဲမှာ သဲတွေ၊ ဖွဲတွေ ၊ ဇကွဲတွေ
ဖြစ်နိုင်ချေရှိတဲ့ လေကောင်းလေသန့်တွေ ၊ ရှုခင်းလှလှတွေ
မကြုံချင်လည်း ကြုံ ရမည့် အကျည်းတန်မြင်ကွင်းတွေ
အဲ့ကားထဲမှာ
ကိုယ်မမောင်းရလို့ ကားဘီးထိုးဖောက်မည့်ကောင်တွေရှိမယ်
ဆီခိုးရောင်းတာ လူမမိဘူး
ထိုင်ခုံနပ် ဖြုတ်ရောင်းရင် အော်ကြီးဟစ်ကျယ်ဖြစ်မယ်
ပြောလို့လည်း မရတာတွေ အခုပြောလို့ ရတယ်
ငါ့မှာပြောလို့လည်းရ  ပြောလို့လည်းမ၀  ။  ။

လွမ်းတေးချို

၁၆.၁၁.၂၀၁၅

Comments

Popular posts from this blog

စာဟောဆရာ

ပညာရှိအယောင်ဆောင်တုန်းက ကိုယ့်သီဝရီ က ကဗျာကိုဖျက်ဆီး

ပန်းကလေးနဲ့ ကျနော်