တေလေ ကကြိုး
အဲဒီလင်းရှတဲ့လွတ်လပ်မှုတွေနဲ့
အက်ကွဲခါးသက်တဲ့ပြဇာတ်တွေ ခင်းကျင်း
မှီတင်းတဲ့နံရံထောင့်စွန်းမှာလဲ
ကကြိုး .....တွေ.........ဝေ.....။
ပန်းပေါင်းစုံတဲ့ည
ပြင်းရှတဲ့ ရမ္မက် စွဲကိုင်
ကောင်းကင်တစ်ခုလုံး အပိုင်စား ရတဲ့ ခဏ
ဟော့ဒီ ကောင်က
မြေကြီးနဲ့ မလွတ်တော့ဘူး..........။
မြန်နှုန်းမြင့်ထားတဲ့ အချစ်
တ၀ုန်းဝုန်းနဲ့တိုက်ခတ်မှ လေ ဖြစ်တာ မဟုတ်ဘူး.........။
တဝေါဝေါနဲ့ စီးဆင်းမှ မြစ် ဖြစ်တာ မဟုတ်ဘူး..................။
တဒိုင်းဒိုင်းနဲ့ ပစ်ခတ်မှ စစ်ပွဲ ဖြစ်တာ မဟုတ်ဘူး................။
ဘူးတစ်လုံးဆောင် အိုတောင်မဆင်းရဲ
မောတောင် မောတယ်...............။
ကွေ့ကောက်မှ မြစ်ပီသမယ်
တစ်ခန်းပဲ ရပ်ရပ်
နှစ်ခန်းပဲ ရပ်ရပ်
ကြည့်မကောင်းရင် ထပြန်ရမှာ ကိုယ့်တာဝန်
မှားနေသမျှကို တွေ့ချင်နေတာလား
မေ့ချင်နေတာလား
ဖြစ်ချင်တာသိပ်များနေတာလား
အနမ်းနဲ့ အိပ်ယာထချင်တယ်ပေါ့
ဖုန်တင်နေတဲ့ စာအုပ်တစ်အုပ်သာ ကောက်ကိုင်လိုက်ပါတယ်။
ပြန်တယ်လို့ ပဲ ဆိုဆို
သွားတယ်လို့ပဲ ဆိုဆို
ကိုယ်တို့နှစ်ယောက် အတူ ရှိမနေဘူး.................။
တစ်ခေါ်စာလောက် ဝေးတာများ
အံ့ရောကွာ
အထူအပါးနားမလည်သူတွေက
ဖုန်းတစ်ခေါ်စာ ပါလားလို့
ဖြည့်စွက်စဉ်းစားကြဖို့
ပါရမီမပါဘူး ဆိုကြပါစို့ ............။
ဘာကိုမှ မတောင်းဆိုပဲ
ပေးအပ်လိုက်ရခြင်း
ငါ့ယဉ်ကျေးမှုက ကိုယ်ထူကိုယ်ထ စနစ်
လူတစ်ယောက်ရဲ့  မှီခိုစိတ်တွေကို
ပျက်ရယ် ပြု လို့ .............။
မင်းကို လောင်တဲ့မီး မှာ
ငါ့ကိုယ်က လောင်စာတစ်ချိ့  ဖြစ်လို့
ငါ့ကို လောင်တဲ့မီးမှာ
မင်းကိုယ်က လောင်စာတစ်ချို့ ဖြစ်လို့
အဲဒီစိတ်တွေကို ရွှေချ သိမ်းထားရ တယ်။
ဘယ်ရောက်နေမှန်း မသိ
ဘယ်သွားရမှန်း မသိ
ဟေး လား ၀ါး လား ကခုန်
တစ်ခြမ်းဟာ တခ်ခုဖြစ်တယ်
တစ်စိတ်ဟာ တစ်ခုဖြစ်တယ်
တစ်ခုနဲ့တစ်ခု ပေါင်းစပ်ဖို့
အစိတ်အပိုင်းတစ်ခုကစရတယ်
လွမ်းတေးချို
Labels: ကဗျာ၏ ပထမဆုံး အပိုဒ်ကို ကဗျာဆရာကြယ်ပြာ နှင့် အတူ ရေးသား သည်။
Comments
Post a Comment