ခံရပုံများ

ခံရပုံ ၅၉ /၁

ဘယ်နေရာမှ မလွတ်ဘူး
ဒဏ်ရာတွေကလည်းလာလည်ပြီး
ဘယ်တော့မှမပြန်တဲ့ဧည့်သည်တွေလို

လွမ်းတေးချို


ခံရပုံ ၂
ချော်လဲမှာစိုးလို့ လှမ်းကိုင်တာကို
ထာဝရလက်တွဲတာလို့
ထင်မှတ်တာမျိုးပေါ့

လွမ်းတေးချို
၇ဇူလိုင် ၂၀၁၆


ခံရပုံ ၃
ဈေးနှုန်းကို ကြည့်တော့ မ၀ယ်နိုင်
ကိုယ့်ကိုယ်ကိုယ် ဈေးကြီးပစ္စည်း မှတ်ပြီး
လှည့်ပြန်ခဲ့

လွမ်းတေးချို
၇ဇူလိုင် ၂၀၁၆


ခံရပုံ ၎
စက္ကူ ငှက်တွေ ထောင်ကျော်အောင်
ခေါက်တယ်
စိန်စီဖို့ မတတ်နိုင်ဘူး

လွမ်းတေးချို
၇ဇူလိုင် ၂၀၁၆


ခံရပုံ ၅
တဖြည်းဖြည်း မှောင်လာလိုက်
လင်းသွားလိုက်
ငါတို့ဟာ မလွတ်မြောက်နိုင်

လွမ်းတေးချို
၇ဇူလိုင် ၂၀၁၆

ခံရပုံ ၆
ရောဂါကို
အာဟာရမှုန့်လို့ နာမည်တပ်ထားတယ်

လွမ်းတေးချို
၇ဇူလိုင် ၂၀၁၆

ခံရပုံ ၇
သူ့ရည်းစားနဲ့ချိန်းတွေ့တာ
လိုက်ပို့မိတယ်

လွမ်းတေးချို
၇ဇူလိုင် ၂၀၁၆


ခံရပုံ ၈
ဆိုင်ကယ်မှောက်တဲ့ညက
မသေသေးဘူးလားလို့
အမေးခံရတယ်

လွမ်းတေးချို
၇ဇူလိုင် ၂၀၁၆


ခံရပုံ ၉
သူငယ်ချင်းတွေနဲ့လို့ပြောတယ်
ရုပ်ရှင်ရုံ ထဲက
နှစ်ယောက်တည်း ထွက်လာတယ်

လွမ်းတေးချို
၇ဇူလိုင် ၂၀၁၆


ခံရပုံ ၁၀
နေမကောင်းဘူးဆိုလို့
ဆေးသွားပို့တယ်
ရေကူးကန်မှာတဲ့

လွမ်းတေးချို
၇ဇူလိုင် ၂၀၁၆


ခံရပုံ ၁၁
ဘုရားကို
အကိုနဲ့လာတယ်တဲ့
အိုအောင်မင်းအောင်ပေါင်းရပါစေတဲ့
ဂေါ်ပက က ဆုတောင်းပေးတယ်

လွမ်းတေးချို
၇ဇူလိုင် ၂၀၁၆

ခံရပုံ ၁၂
တောင်ပေါ်ရောက်တော့
အလကားရတာ
အချစ်နဲ့လေပဲ ရှိတယ်နော်တဲ့

လွမ်းတေးချို
၇ဇူလိုင် ၂၀၁၆


ခံရပုံ ၁၃
မိုးကာ ပါသေးတယ်ဆိုပြီး
ထီးကလေး ပေးလိုက်တယ်
သူ့ကောင်လေးနဲ့ အတူဆောင်းသွားတယ်

လွမ်းတေးချို
၇ဇူလိုင် ၂၀၁၆

ခံရပုံ ၁၄
ဒီပိုက်ဆံ လောက်နဲ့
စကားထဲ ထည့်မပြောဘူးတဲ့

လွမ်းတေးချို
၇ဇူလိုင် ၂၀၁၆


ခံရပုံ ၁၅
သူငယ်ချင်းက
ကျွန်တော့် ကောင်လေးတွေ
လွှတ်လိုက်မယ် ဆိုပဲ

လွမ်းတေးချို
၇ဇူလိုင် ၂၀၁၆


ခံရပုံ ၁၆
တားလည်းသွားမှာ
ပြတ်လည်း မတတ်နိုင်ဘူးဆိုပဲ
ဘာမှပြန်မပြောမိ

လွမ်းတေးချို
၇ဇူလိုင် ၂၀၁၆


ခံရပုံ ၁၇
နင့်လစာ ဘယ်လောက်လဲတဲ့

လွမ်းတေးချို
၇ဇူလိုင် ၂၀၁၆

ခံရပုံ ၁၈
ဒီကားက
ဘယ်လောက်တန်တယ် ထင်လဲ

လွမ်းတေးချို
၇ဇူလိုင် ၂၀၁၆


ခံရပုံ ၁၉
ဂစ်တာသံ မလိုဘူး
လီဘာ လေး တစ်ချက်နှစ်ချက်ပုတ်ရင်
ရပြီ

လွမ်းတေးချို
၇ဇူလိုင် ၂၀၁၆


ခံရပုံ ၂၀
ဒီလို စတစ်ကာ
စတေးတပ်စ်မျိုး တင်ဖို့ဆိုတာ

လွမ်းတေးချို
၇ဇူလိုင် ၂၀၁၆


ခံရပုံ ၂၁
သူကျကျန်ခဲ့တဲ့ ပန်းပွင့်လေး
စာအုပ်ကြားမှာ ညှပ်ထားတယ်
သူငယ်ချင်းက တစ်ခန်းလုံးလိုက်ပြောပြတယ်

လွမ်းတေးချို
၇ဇူလိုင် ၂၀၁၆


ခံရပုံ ၂၂
မင်းက
ဗမာပေါကားတွေ ကြည့်တာလားဆိုပဲ

လွမ်းတေးချို
၇ဇူလိုင် ၂၀၁၆


ခံရပုံ ၂၃
မင်း အမေက ဆရာမ ဆိုတော့
မင်း အဆင့် တစ် ရတာပေါ့တဲ့

လွမ်းတေးချို
၇ဇူလိုင် ၂၀၁၆

ခံရပုံ ၂၄
မင်း ဒါလေးတောင်
မလုပ်တတ်ဘူးလား

လွမ်းတေးချို
၇ဇူလိုင် ၂၀၁၆


ခံရပုံ ၂၅
ငါလည်း ဆက်အိပ်မရဘူး
ဘေးအိမ်လည်း အိပ်ပျက်တယ်
နောက်ည သီချင်းလာမဆိုပါနဲ့လား

လွမ်းတေးချို
၇ဇူလိုင် ၂၀၁၆


ခံရပုံ ၂၆
ဟိုစာအုပ်ဖတ်ဖူးလား
ဒီစာအုပ်က မိုက်သဟ
အင်းလေ English တော်တော်ကောင်းမှ
ဖတ်လို့ရတာကွ

လွမ်းတေးချို
၇ဇူလိုင် ၂၀၁၆

ခံရပုံ ၂၇
ငါ့လို တာဝန်မျိုးယူရတဲ့အခါ
မင်းသိလိမ့်မယ်

လွမ်းတေးချို
၈ ဇူလိုင် ၂၀၁၆

ခံရပုံ ၂၈
မလုပ်ချင်ရင် ထွက်သွား
ဘယ်သူမှ ခယပြီး ခေါ်မထားဘူး

လွမ်းတေးချို
၈ ဇူလိုင် ၂၀၁၆

ခံရပုံ ၂၉
ပြည်သူတွေက
သူတို့နဲ့ ထိုက်တန်တဲ့  အစိုးရပဲ ရတာ

လွမ်းတေးချို
၈ ဇူလိုင် ၂၀၁၆

ခံရပုံ ၃၀
အရမ်းလည်း ဂရုစိုက်တယ်
ဆေးလိပ်က အစ မီးညှိပေးတယ်
အခြားသူတွေကိုလည်း ဒီအတိုင်းပဲ

လွမ်းတေးချို
၈ ဇူလိုင် ၂၀၁၆

ခံရပုံ ၃၁

ငွေပေးရန် မလို
ငွေပေး  ရန်မလို
အလှူခံ လေး ထည့်သွားနော်

လွမ်းတေးချို
၈ ဇူလိုင် ၂၀၁၆

ခံရပုံ ၃၂
 ခင်ဗျား အဆင့်ကြီးနဲ့ဗျာ တဲ့

လွမ်းတေးချို
၈ ဇူလိုင် ၂၀၁၆

ခံရပုံ ၃၃
ပါတီပွဲထဲမှာ
ကိုယ်သိတဲ့သူများတယ်
ကိုယ့်မှာ အဖော် မရှိဘူး

လွမ်းတေးချို
၈ ဇူလိုင် ၂၀၁၆

ခံရပုံ ၃၄
ရှင်မနမ်းတတ်သေးပါဘူး
နှုတ်ခမ်းကို အသေကြီးမထားရဘူး

လွမ်းတေးချို
၈ ဇူလိုင် ၂၀၁၆

ခံရပုံ ၃၅

ငါ မင်းနေရာကနေ ခံစားကြည့်မယ်
ငါ့ဖိနပ်ကို သူစီးကြည့်မယ့် သဘော
တစ်ခုပဲ
သူ့ဖိနပ်ကို မချွတ်ထားဘူး


လွမ်းတေးချို
၈ ဇူလိုင် ၂၀၁၆

ခံရပုံ ၃၆

စိတ်ကူးထဲမှာ
အ၀တ်တောင် လဲပြီးနေပြီ
ကိုယ့်ကို မဖိတ်ဘူး

လွမ်းတေးချို
၉ဇူလိုင် ၂၀၁၆


ခံရပုံ ၃၇
သူများတွေ တမင် မဖြည့်ပဲထားတဲ့
ကွက်လပ်ကို
အငမ်းမရ ဖြည့်မိတယ်
ပထမ ရတယ်ဆိုပြီး ငါပျော်ရွှင်လို့ ။။။။။။။

လွမ်းတေးချို
၁၂ ဇူလိုင် ၂၀၁၆


ခံရပုံ ၃၈
လူတချို့  ရဲ့ 
မယောင်ရာလူးတဲ့ဆီထဲမှာ
ငါက ဆီအဖြစ်ကို ရခဲ့တဲ့ နှမ်းတစ်လုံး

လွမ်းတေးချို
၁၂ ဇူလိုင် ၂၀၁၆


ခံရပုံ ၃၉
ဝယ်မိတုန်းက
ကြော်ငြာ ကောင်းမကောင်းမတွေးဘူး
ဈေးခြင်းကို ကြည့်လိုက်မှ
ကြေငြာအားကောင်းတဲ့ ပစ္စည်းတွေချည်း

လွမ်းတေးချို
၁၇ဇူလိုင် ၂၀၁၆

ခံရပုံ ၄၀
တစ်ဆံတည်းကျန်တာ
ဘယ်တတ်နိုင်မလဲ
မျောက်လက်ထဲကိုမှ
မီးခြစ်ဆံ သွားထည့်မိတယ်

လွမ်းတေးချို
၁၇ဇူလိုင် ၂၀၁၆


ခံရပုံ ၄၁
အန္တရာယ်ရှိတယ် ဘေးဖယ်လို့ပြောတယ်
စေတနာကောင်းတယ်လို့ထင်တယ်
ကိုယ့်ကို ကျော်တက်သွားတယ် ။

လွမ်းတေးချို
၁၇ဇူလိုင် ၂၀၁၆


ခံရပုံ ၄၂
အချိန်ပိုကြေးမရတဲ့အလုပ်တွေလုပ်ရတော့
ကိုယ်တို့မှာ အချိန်လည်းမပိုဘူး
ငွေလည်းမပိုဘူး
အရိုးတစ်ချောင်း
ခွေးတစ်သောင်းဝိုင်းကိုက်ရတာမျိုးဟာ
ဝဋ် တဲ့လား၊ ကံတဲ့လား

လွမ်းတေးချို
၁၇ဇူလိုင် ၂၀၁၆

  
ခံရပုံ ၄၃
မင်းတို့ဘာဖြစ်ခဲ့လို့လဲတဲ့
ကျနော်တို့ အတူရယ်မောခဲ့ကြတယ်လေ
ပြီးတော့
သူ့လူနဲ့ ပြောစရာ
ဟာသ တွေ အလကားရတယ်မလား

လွမ်းတေးချို


ခံရပုံ ၄၄
 အတူရှိခဲ့တာကို တွေးမိတိုင်း
နောင်တတွေ ရ ဆိုပဲ
လေဟာနယ်ထဲကို အချစ်တွေလောင်းထည့်မိ

လွမ်းတေးချို
၂၆.၉.၂၀၁၆

ခံရပုံ ၄၅
ရှင်ပြေလည်နေတာပဲလေ
စလိုက် နောက်လိုက်နဲ့
ဘယ်လိုမှ မခံစားရဘူးမလား
မပြောဖြစ်လိုက်တာက
လူမှုကွန်ယက်ပေါ်က ဘ၀အတုကြီး

လွမ်းတေးချို
၂၆.၉.၂၀၁၆

ခံရပုံ ၄၆
ဒီလိုပါပဲ လို့ ဖြေကတည်းက
သိပ်အဆင်ပြေကြီးမဟုတ်မှန်းသိတယ်
ကိုယ်ကသာ ရေနစ်မယ်ထင်ပြီးစိတ်ပူ
အဲ့ဒီ ဘဲမလေး က ရေကူးတတ်ပါတယ်

လွမ်းတေးချို
၂၆.၉.၂၀၁၆

ခံရပုံ ၄၇
ပြောခဲ့သမျှကို ဖျက်ပစ်လိုက်တယ်
ပြီးတော့
ဘာမှ မဖြစ်ခဲ့ကြသလိုမျိုး နေကြတာပေါ့တဲ့

လွမ်းတေးချို
၂၆.၉.၂၀၁၆

ခံရပုံ ၄၈
ညဆိုခြင်ထောင်နဲ့
သွေးလွန်တုပ်ကွေးဖြစ်မှ
နေ့ခင်းခြင်ဆိုတာ သိခဲ့

လွမ်းတေးချို

ခံရပုံ ၄၉
ရော့
ရင်ဘတ်ငှားခ
ပြန်မအမ်း နဲ့

လွမ်းတေးချို
၂၆.၉.၂၀၁၆

ခံရပုံ ၅၀
တစ်ယောက်တည်းမဟုတ်ပါဘူး
နောက်ပြန်လှည့်ကြည့်မှ
ဘယ်သူမှ မရှိမှန်းသိ

လွမ်းတေးချို

ခံရပုံ ၅၁
နေရာမရွေးဘူး
ဘယ်သူ့မှဂရုမစိုက်ဘူး
ပြီးတော့
နေစရာလည်းမရှိ
ဘယ်သူမှလည်း ဂရုမစိုက်

လွမ်းတေးချို

ခံရပုံ ၅၂
 တစ်လှေထဲစီး ရတယ်
လှော်တက်ကျိုး တယ်
ရေဆင်းကူးသွားကြတယ်
ရေမကူးတတ်သူသာ ကျန်ရစ်
သူရဲကောင်းဘွဲ့ယူ

လွမ်းတေးချို

ခံရပုံ ၅၃
နာသုံးနာ တော့ မပြောလိုက်ပါနဲ့
ကိုယ်သိပ်စိတ်နာတယ် သူငယ်ချင်းရယ်
ဇာတ်လမ်းက လာနေပြီလားကွာ
ကိုယ်က ထွေလာပြနေတယ် မှတ်တာ

လွမ်းတေးချို

Comments

Popular posts from this blog

စာဟောဆရာ

ပညာရှိအယောင်ဆောင်တုန်းက ကိုယ့်သီဝရီ က ကဗျာကိုဖျက်ဆီး

ပန်းကလေးနဲ့ ကျနော်