ပေးစာ

သူငယ်ချင်း ငါစာရေးလိုက်တယ်    
မင်းလည်း ကမ္ဘာကြီးကို ထမ်းပြီးပြန်ခဲ့မယ်လို့
ပြောကတည်းက ပြန်မလာဖြစ်တော့ဘူး
အေးကွာ ငါလည်း ကိုယ့်ကိုယ်ကိုယ်တောင် 
ထမ်းမပြန်နိုင်တဲ့ ညတွေများလာတယ်
နေကောင်းလားလို့တော့ လောကွတ်ချော်ပြီး မေးမနေ တော့ပါဘူး။
မင်းနေမကောင်းလည်း
ငါ့ဆီ အိပ်မက်ပေးမှ သိရမယ်ဆိုတဲ့ ခေတ်ကြီး မဟုတ်တော့ပေမယ့်
ဒီစာ ကိုငါရေးမိတယ်။
ဖေ့စဘုခ် ပေါ် စတေးတပ်တင် ဓာတ်ပုံရိုက်လိုက်ရင် 
ငါလည်း မင်းနေမကောင်းမှန်း သိမှာပါ
နာဖျားမှု ကို ထုတ်ထုတ်ပြမှ 
ဝမ်းနည်းကြောင်း ပုံကလေး ကို နှိပ်နှိပ်နေရတဲ့ ခေတ် မဟုတ်လား
ငါတော့ ဒီမှာ လုံခြုံရေးအကြောင်းပြပြီး 
ကိုယ့်ကို မသင်္ကာသလိုကြည့်တဲ့ 
လူတွေ နဲ့ ကြုံ ရတယ်
မတောက်တခေါက် ပညာကလေးနဲ့ 
အနူတောထဲမှာ လူချော အလုပ်လုပ်နေတယ်
တစ်ခါတစ်လေတော့လည်း  
ခပ်ချောချောတွေဆို ခပ်ချေချေ ဆက်ဆံပစ် လိုက်တယ် ပေါ့ကွာ  
မင်းသိတယ်မဟုတ်လား 
ငါတို့တွေ စာရချင်ယောင်ဆောင်ပြီး 
ဆရာမရှေ့ မှာ ဗလုံးဗထွေးနဲ့ စာအံရင်း 
စာမေးပွဲတွေအောင်ခဲ့ကြတာလေ
သိပ်တော့မကွာပါဘူး သူငယ်ချင်း
ငါနေထိုင်ရတဲ့ ဒေသက စာသင်ခန်းခပ်ကြီးကြီး ပါပဲ
ဒါပေမယ့် ဆရာတွေ များသဟ   Freelance တွေ များသဟ
တစ်ယောက်ကို တစ်ယောက် ဆရာလို့ခေါ်ပြီး နှုတ်ဆက်မှ ကြိုက်သဟ
ဆရာက ဆရာပါ လို့ပြောပေမယ့် ဆရာ့ကို ဆရာလုပ်တာတော့ မကြိုက်ကြဘူး ။
ပြောလည်း မင်း အတွက် နားငြီးစရာတွေပါကွာ
ကျန်းမာရေးဂရုစိုက်ကွာ
ငါလည်း ပြောချင်ရာပြောပြီးပြီကွာ တော်ပြီ ။

လွမ်းတေးချို
၂၈ ဇွန် ၂၀၁၆



ပေးစာ (၂)

ငါစာထပ်ရေးလိုက်တယ်
မုသာဝါဒဆိုတာ ဒီခေတ်ရဲ့  အိုင်ဒီယိုလိုဂျီပဲ ကွ
ငါ့အဖြစ်ကို ပြောရရင်တော့
ကြိုးတန်းပေါ်လမ်းလျှောက်ရခြင်းဟာ အိပ်ယာဆန်လာခဲ့ပြီကွ
ရှုံးထွက်အဆင့်မရောက်လိုက်တဲ့ ဘောလုံးအသင်းရဲ့ မန်နေဂျာတစ်ယောက်လို
ကမ်းကပ်တဲ့လှိုင်းတွေဟာ ပင်လယ်ရဲ့  အန်ဖတ်တချို့  ဖြစ်နေတာကို တွေးမိ
နိုင်ငံရေးပျက်လုံးတွေမိုးထားတဲ့ ထီးတစ်ချောင်းမှာ
ဗေဒင်ဟောသည်လို့ ရေးမှတ်ထားတာမျိုးကို
ရယ်လိုက် မောလိုက် ပေါ့ကွာ
စကားမစပ်
ငါတို့ ခုတ်ခဲ့ကြတဲ့ ခြံစည်းရိုးသားနဲ့လုပ်ထားတဲ့ ဓားတွေဟာ
စစ်ပွဲတွေရဲ့  ရင်းမြစ်တွေပဲကွ
စစ်ကို ဘောလုံးလို လှိမ့်ကန်ရမည့်အစား
စစ်ကို ဒရစ်ချိတ်ပြီး သွေးကြောထဲထိစိမ့်အောင် ထိုးသွင်းခဲ့ကြတာ
ငါတို့ ပစ်ချလိုက်တဲ့ နှံပြည်စုတ်ငှက်ဟာ
အင်အားကြီးသူတွေသာ အနိုင်ရတယ်ဆိုတဲ့ ပြယုဂ်ပဲကွ
မင်းမှတ်မိလား သူငယ်ချင်း
မြားတွေကို ချွန်ပြီး ဘ၀ကို ခပ်တုံးတုံး ရှင်သန်ဖို့
ဘုရားကျောင်းထဲမှာ ဆေးထိုးအပ်တစ်ချောင်းနဲ့ လက်မောင်းက သွေးကြောလိုက်ရှာဖို့
ငါတို့ဟာ အမောဆို့ လို့မဆုံးတာမျိုး
နေကောင်းအောင်နေကွာ

လွမ်းတေးချို
၂၉.၆.၂၀၁၈




Comments

Popular posts from this blog

စာဟောဆရာ

ပညာရှိအယောင်ဆောင်တုန်းက ကိုယ့်သီဝရီ က ကဗျာကိုဖျက်ဆီး

ပန်းကလေးနဲ့ ကျနော်