ခေးတစ်သက်လုံး စတေးအပ်မဟုမ်း ရပါဘူးတဲ့
ခေးတစ်သက်လုံး စတေးအပ်မဟုမ်း ရပါဘူးတဲ့
“ရုပ်ချောတဲ့ကောင်လေးတွေကို ကြည့်ခြင်းဟာ အမျိုးသမီးတွေရဲ့ မှတ်ဉာဏ်ကို ပိုမိုမြင့်မားစေတယ်တဲ့ ဆရာရေ။ “
မောင်လွမ်းတစ်ယောက်တော့ ပေါက်ကရလေးဆယ် ပို့စ်တွေကို ဖေ့ဘုမှာဖတ်ပြီး စကားလမ်းကြောင်းစလာပြီ။
ဆိုစမ်းပါဦး ဘယ်တက္ကသိုလ်က သုတေတနလုပ်တာတုန်း ၊ လူဦးဘယ်နှစ်ယောက်ကို စမ်းသပ်ခဲ့တာတုန်း။
“အဲ့လို အတိအကျတော့ ဘယ်ရေးထားမလဲ ဆရာရယ်။ KBS ဆိုတဲ့အဖွဲ့က အလယ်တန်းကျောင်းသားချောချောတွေကို ကြည့်ပြီး ဇာတ်ကောင်တွေနာမည်တွေမှတ်ခိုင်း၊ ပြီးမှပြန်ပြောခိုင်းတာ ပိုမှတ်မိသတဲ့ဆရာရေ။ “
ယောက်ျားလေးတွေကော မစစ်ဘူးလားဟ။
“ အမျိုးသားတွေကတော့ အဲ့ဒီလိုစစ်လိုက်တာ မှတ်ဉာဏ်တိုးလာတာမျိုးမရှိဘူးတဲ့ဗျ။ ဆိုလိုချင်တဲ့သဘောက နှာဘူးစိတ်နဲ့ ဉာဏ်ရည်က ပိုပြီး ထိစပ်မှုရှိတဲ့သဘောပဲဗျ။ ဒါ့အပြင် “
ဒါ့အပြင်ဘာဖြစ်လဲ။
“ယောက်ျားတွေဟာ မိန်းမချောချောတွေကို ကြည့်တဲ့အချိန်မှာ ဦးနှောက်တံခါးပိတ်ပြီး နှလုံးသားနဲ့ ခံစားတဲ့သဘောပဲဗျ။ မိန်းမတွေကတော့ ယောကျာ်းချောချောကို ကြည့်တဲ့အချိန်မှာ နှလုံးသားတံခါးပိတ်ပြီး ဦးနှောက်နဲ့ ကြည့်ပုံရတယ်ဗျ။ အဲ့ဒါကြောင့် သူတို့ ဦးနှောက်က အဲ့ဒီအချိန်မှာပိုပြီး Active ဖြစ်နေတာပေါ့ဗျာ။ “
တော်ပါတော့ မောင်လွမ်းရယ် မင်းရဲ့ ခိုင်မာမှု မရှိတဲ့ သတင်းကနေဆွဲတဲ့ ၊ တော်ရိလျော်ရိ ကောက်ချက်တွေ တော်ပါတော့။
“တော်လို့ မရဘူး ဆရာရေ ၊ ဒီကနေ့ ထိ လူနာစုစုပေါင်းက တစ်သောင်းတစ်ထောင်နားကပ်နေပြီ။ ကမ္ဘာ့အဆင့်က ၉၂ ရှိနေပြီဗျ။ မလေးရှားကိုတောင် ရက်ပိုင်းအတွင်း မီတော့မယ့် အလားအလာပဲ။ “
အံမယ် အံမယ် မောင်လွမ်းတစ်ယောက် သတင်းတွေဖတ်နေပြီး ဂဏှာမငြိမ်ဖြစ်လှချည်းလားပေါ့။ အင်းအဲ့ဒါနဲ့ ဘာဖြစ်လဲ ။
“ ဘာဖြစ်လဲဆိုတော့ အခုအစိုးရက အမိန့်ထုတ်ပြီလေ။ အပြင်မှ ပေးမထွက်ပဲ ။ လမ်းထိပ်မှာလည်း လူမိုက်လိုလိုကောင်တွေက ပညာက ပြနေသေးတယ်။ ကွမ်းယာလေး ထွက်ဝယ်ဖို့တောင် အတော်စွန့်စားနေရတဲ့ဘ၀။ “
အော် သိလိုက်ပါပြီလေ။ မောင်လွမ်းတစ်ယောက် အပြင်မထွက်ရလို့ ဘူနေတာ။ ဒီကောင်က ဖင်မငြိမ်တဲ့ကောင်၊ အားတာနဲ့ လက်ဖက်ရည်ဆိုင်လေးထိုင်ပြီးလေပွား၊ အားရပါးရငြင်း ၊ Shopping center တွေလျှောက်သွား၊ ရုပ်ရှင်ရုံတွေ စုံအောင် ပတ်ကြည့် တဲ့ကောင်။
မိတ်ဆွေအပေါင်းအသင်းကလည်း များမှများ ရပ်ကွက်ထဲသူ့ မသိသူမရှိ။ ကဗျာပွဲ ၊ ပန်းချီပွဲတွေမှာလည်း သူက မပါမဖြစ် အခုတော့ သူ့မှာ ခြေရှုပ်မိနေပြီလေ။
မင်း ဖေ့ဘုပေါ်မှာ လေကန်ပါ့လားဟ ။ live လွှင့်ပြီး ပွားပါလားဆိုတော့
“ဟာ ဆရာသမားကလည်း တပည့် စမ်းကြည့်ပြီးပြီ အားမရပါဘူးဗျာ။ စခရင်ကြီးကြည့်ပြီး စကားပြောရတာ အရသာကို မရှိတာ။ မျက်နှာချင်းဆိုင်ပြောလိုက်ရမှ အရသာဗျ။ ဒါကို ဆရာတို့လို အင်ထရိုဗတ်တွေ နားမလည်ပါဘူးဗျာဆိုပြီး ဗျစ်တောက်ဗျစ်တောက် ရွတ်နေလေရဲ့ ။ “
အော် အခုမှ တွေးမိတာ
အစိုးရရဲ့ တင်းကြပ်တဲ့ စတေးဟုမ်းအမိန့်ဆိုတာ မောင်လွမ်းလိုလူတွေအတွက်များ ရည်ရွယ်ပြီးထုတ်ထားလေသလားပေါ့။
ဒါနဲ့ ဖေ့ဘုကို ဖွင့်ကြည့်လိုက်တော့ မောင်လွမ်းတစ်ယောက် တင်ထားတဲ့ စတေးတပ်စ်က
“ခေးတစ်သက်လုံး
စတေးအပ်ဟုမ်း မနေရပါဘူး
ကိုကို ရှိတယ်” ဆိုပါ့လား။
လွမ်းတေးချို
၂၈.၉.၂၀၂၀
Comments
Post a Comment