မောင်လွမ်းရယ် ယုန်လေးရယ် ဝင်းမင်းသန်းရယ်
မောင်လွမ်းရယ် ယုန်လေးရယ် ဝင်းမင်းသန်းရယ်
“အဲ့ကောင်တအားရိုင်းတယ်။ မိန်းမတစ်ယောက်ကို လိင်ဖျော်ဖြေမှုလောက်ပဲ ကြည့်တဲ့ကောင်။ အဲ့ကောင် ပညာမတတ်ဘူး။ အဲ့ကောင် ဦးနှောက်မရှိဘူး။ အဲ့ကောင် တော်တော်အောက်တန်းကျတဲ့ကောင်၊ အဲ့ကောင်လုပ်တာနဲ့ ယောက်ျားတွေအားလုံးက အတိုအပြတ်ဝတ်တဲ့သူတွေကို နှာဘူးမျက်လုံးတွေနဲ့ ကြည့်တဲ့ကောင်တွေ အဖြစ်ပုံဖော်သလိုဖြစ်နေတယ်။ “
တစ်ယောက်တည်း ဗျစ်တောက်ဗျစ်တောက်ရွတ်နေကတည်းကတည်း သူ့စကားကို နားထောင်စေချင်တဲ့ ပုံစံဖြစ်နေတော့ မေးခွန်းလေးတစ်ခုမေးလိုက်တယ်။
ဘာတွေဖြစ်နေတာလဲ မောင်လွမ်းရ။
“ယုန်ခေါလေဗျာ။ မျိုးမစစ်ကောင် တော်တော်အဲ့ကောင်ရိုက်တဲ့ ကြေငြာကိုကြည့်ပြီးဒေါသထွက်လာလို့ဗျာ။”
အဲ့ဒါနဲ့ မင်းဘာတွေလုပ်ဖြစ်လဲ။
“ကျနော်လား အကောင့်နှစ်ခုနဲ့ပါသွားဆဲခဲ့တယ်ဗျာ။ အဖေတွေအမေတွေ နှမတွေပါမချန်ထည့်ဆဲခဲ့တယ်။ အားမရလို့ နောက်တစ်ကောင့်နဲ့လည်း ဒီကောင့် မျက်ခွက် အနေအထားကို ပါ အယုတ္တအနတ္တတွေပါ နှိုင်းပြီး ဆဲခဲ့သေးတယ်။ စောက်ရေးမပါတဲ့ကောင်ဗျာ။
ပြီးရင် လိုက်လွှင့်ပြီးတောင်းပန်မယ်။ ဘုရားတရားတွေလုပ်ပြမယ်။ဒီကောင်ရဲ့ စောက်ချိုးက ဒီလိုပဲချိုးနေတတော့မှာ။ တကယ့်ကို မိန်းမလို မိန်းမရကောင် ၊ စောက်ခြောက်ဗျာ။ “
နေပါဦးဟ မင်းက ဘာလို့အဲ့လောက်တောင် လောင်မြိုက်နေရတာလဲ။
“ဒါက အမျိုးသားရေးပဲ ဆရာရဲ့ ။ ယောက်ျားထုကြီးကို စော်ကားတယ်။ မိန်းမတွေကို နှိမ်ချတယ်။ အဲ့ဒါတွေကို တန်ဖိုးမထားခြင်းဟာ ကျနော့်ကို ညှိတာပဲ ဆရာရေ။”
စကားလုံးတွေက ကြီးလှချည်းလား မောင်လွမ်းရ။ ငါနည်းနည်းပြောလို့ရမလား။
“ရတာပေါ့ ဆရာရယ်။ ပြောစမ်းပါ။ “
အခု မင်းသွားဆဲတဲ့နေရာမှာ Body shaming တွေပါမနေဘူးလားဟ။ “ယုန်ခေါ “ ဆိုတဲ့စကားလုံးကွာ။ မင်းသွားဆဲလိုက်တော့ မင်းပါ လူရိုင်းစာရင်းဝင်မသွားဘူးလား။
နောက်တစ်ခုက မင်းသုံးတဲ့ မိန်းမလို မိန်းမရတို့ ဆိုတာက မိန်းမတွေကို စော်ကားသလိုဖြစ်နေတယ်ဟ။
မိန်းမဆိုတာ ပလူးပလဲပြောသူ၊ ရှေနောက်မကိုက်ညီသူ ၊ ပါးစိပါးစပ် များသူအဖြစ် ပုံဖော်ထားတဲ့ စကားပဲ။ စောက်ခြောက်ဆိုတာကလည်း ။ လိင်စိတ်ခံယူမှုကွဲပြားသူတွေကို နှိမ်ချပြီးခေါ်တဲ့ အဆဲ။
နွဲ့ပြီး မပြတ်သားသူ၊ ခိုင်မာမှု မရှိသူအဖြစ် သူတို့ကို ပုံဖော်သလိုဖြစ်နေတယ် မောင်လွမ်းရ။
တစ်ခါတစ်လေ ကိုယ်ကိုယ်ကိုယ် အစွဲမကင်းပဲ ၊ လူတွေမှာ ဘယ်သူကသာပါတယ်။ ဘယ်သူက မြင့်မြတ်ပါတယ်ဆိုပြီး ကြိုတင်သတ်မှတ်ထားတာတွေ ရှိလေ့ရှိတယ်ကွဲ့။
ဆဲတာထက်ပိုပြီး ထိရောက်တဲ့ အရာတွေလုပ်သင့်တယ်လို့ မထင်ဘူးလား မောင်လွမ်းရ။
“ ရီပို့ကျွေးခဲ့တယ် ဆရာရေ ။ အခြားသူတွေလည်း ကျွေးခိုင်းလိုက်တယ်။ ဆရာပြောမှ ကျနော်လည်း ကိုယ်ကိုယ်ကိုယ် Body shaming လုပ်သူ၊ ခွဲခြား ဆက်ဆံသူအဖြစ် ပြန်မြင်လာတော့တာပဲ ဆရာရယ်။ “
အင်းဟာ အဲ့ဒီလို အပြုအမူတွေကို ငါတို့ ငယ်ငယ်လေးကတည်း နေရာပေါင်းစုံ ၊ မီဒီယာပေါင်းစုံကနေသင်ခဲ့ရတာကိုး။ အဲ့ဒီအစွဲတွေ၊ သင်ယူမှုတွေ၊ အပြုအမူတွေကို ပြန်ပြီး ချေချွတ်တဲ့ဖြစ်စဉ် တစ်ခုကို ငါတို့ ဖြတ်သန်းရဦးမှာဟ။ လူတိုင်းကို တန်ဖိုးထားဖို့ ၊ လူတွေရဲ့ ခန္ဒာကိုယ်အစိတ်အပိုင်းတွေ အပေါ် ကြည့်ပြီး မလှောင်မိဖို့ ၊ မျက်လုံးမှေးတာတို့ ၊ နှဖူးပြောင်တာတို့ ၊ ခန္ဒာကိုယ် ၀၀ ပိန်ပိန် အရွယ်အစားအစုံစုံဟာ လှပတယ်ဆိုတဲ့ အယူအဆတွေ ထွန်းကားဖို့ ၊ ဘယ်အသားအရောင်မဆို တန်ဖိုးကိုယ်စီရှိတယ်ဆိုတာသိဖို့ ပညာရေးစနစ်က အရေးကြီးတယ်ကွဲ့ ။
“ဟုတ်ကဲ့ ဆရာရေ ။ ဆရာပြောပြောနေတဲ့ ပန်းခန်းကြီးရဲ့ အလှတရားကို အခုမှ ပိုမြင်လာတယ်ဗျာ။ ပန်းတိုင်းဟာ လှတယ်။ နှင်းဆီဖြစ်လို့ စံပယ်ပန်းကို မလှဘူးပြောလို့ မရဘူးဆိုတာ ပိုသိလာတယ်ဗျာ။”
အဓိက သူရိုင်းရင် ကိုယ်ပြန်မရိုင်းမိဖို့ ၊ သူနှိမ်ရင် ကိုယ်ပြန်မနှိမ်မိဖို့ ၊ အရေးကြီးတယ် မောင်လွမ်းရဲ့ ။ အခုယုန်လေး ဗီဒီယိုက မသင့်ဘူးထင်ရင် ရီပို့ တင်ပေါ့ ။ မှတ်လောက်သားလောက်ဖြစ်စေချင်ရင် တရားစွဲပေါ့။ ဟုတ်ပြီလား။
“ဟုတ်ဟုတ်ကဲ့ ဆရာ။ “
သိပ်လည်း မကြာပါဘူး။ မောင်လွမ်း ဖေ့ဘုမှာ ပို့စ်တစ်ခုရှဲလ်လာတယ်။ ကြည့်လိုက်တော့ ဟိုးတလောက သင်္ချာအကြောင်းပြောမိလို့ ဝိုင်းဆဲခံရတဲ့ ဝင်းမင်းသန်းက ယုန်လေးကို ပက်ပက်စက်စက်ဆဲထားတာ။ သူဆဲကိုယ်ဆဲပါပဲလားဟ။
ဒီကောင်မောင်လွမ်းကတေ့ မလှိမ့်တပတ်လုပ်ပြီ ကိုယ်တိုင် မဆဲတော့တော့ဘူး။ သူများဆဲတာကို ရှဲလ်သတဲ့။ တုတ်ငှားပြီး ရိုက်သလိုပဲ ပို့စ်ငှားပြီး ဆဲတဲ့ သဘောပေါ့။
အော် မောင်လွမ်း ၊ မောင်လွမ်းလို့ လို့သာ ရေရွတ်နေမိတော့တာပဲ။
လွမ်းတေးချို
1st Oct 2020
Comments
Post a Comment