ရေလှိုင်းရိုးရာ သို့မဟုတ် စောက်သဲကွဲမှတ်စု
ရေလှိုင်းရိုးရာ သို့မဟုတ် စောက်သဲကွဲမှတ်စု
၁။
မနေ့ကလို မနက်ကလို မနေ့တစ်နေ့ကလို ဘယ်တုန်းကဖြစ်ခဲ့သလိုလို၊ မဖြစ်ခဲ့သလိုလို၊ အလိုလိုနေရင်း သားလျောသွားတဲ့ အပျိုမလေးလို၊ ကြယ်ကြွေတာ တစ်ညလုံးထိုင်စောင့်နေပြီး သေးငေါ့ပန်းချိန်ကျမှ ကြယ်ကကြွေကျသလို၊ ရာသီဥတုက သူ့ဖက်ပါသလိုလို ၊ကိုယ့်ဖက်ပါသလိုလိုနဲ့ ကိုယ့်ဖက်ဘယ်တုန်းကမှ မပါခဲ့ဖူးတဲ့ စောက်ကောင်မလေးဟာ ၊ ဘဲအုပ်က တစ်ရာနှစ်ရာ ၊ မဗေဒါ တစ်ပင်တည်းဆိုတဲ့ ကဗျာကို မူရင်းအတိုင်း အနက်ကောက် ၊ တစ်ဖက် ဘဲငါးဆယ်စီ ခြံရံပြီး ငါ့ရင်ခွင်ကို ဆောင့်ကန် ဖြတ်နင်း ထွက်သွားခဲ့တယ်။ ကြက်တိုက် ၊ ထန်းရည်သောက် ဘုရင်လုပ်တဲ့ တပင်ရွှေထီးမွေးတုန်းက ပြခဲ့တဲ့ နိမိတ်တွေလို၊ ဘုရင်ဖြစ်ပြီဆိုပြီး လက်မောင်းတွေ မီးထတောက်တဲ့ ယုံတမ်းစကားတွေလို နားထောင်လို့ ကောင်းပြီး ယုံဖို့ခက်တဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်ပဲလို့ ဘလော့ခံလိုက်ရတဲ့ ဖေ့စဘုခ်အကောင့်လေးက သံကုန်ဟစ်အော်နေတော့တယ်။ အတိတ်ဆိတ်ဆုံးအသံဆိုတာ အကျယ်လောင်ဆုံး.....။
၂။
ဖက်ထားတဲ့စာအုပ်ထဲမှာ ဖတ်ထားတဲ့စာသားတွေရှိမနေဘူး အုမ်းကျွမ်းတွေဆိုပြီး ဟာသလုပ်ပြောတုန်းက ငါလည်း အချစ်ဆိုတာ ပရဆေးဥယျာဉ်ထဲဝင်သွားတဲ့ ၀ရမ်းပြေးလို အစရှာလို့ မရ ပျောက်ဆုံးသွားတတ်မှန်း မသိခဲ့ဘူး။ ဘ၀က ကိုလှရွှေဆန်လိုက်တာ။ ( ဒီထက်ပိုကောင်းသော အ လင်္ကာများကို ကိုယ်တိုင် စဉ်းစားခြင်းဖြင့် သင့်ကိုယ်သင် ကူညီပါ။ ) တစ်တော့ကစားနေတဲ့ ကိုလှရွှေတစ်ယောက်ကို မျက်လုံးထဲ ဖျတ်ခနဲ မြင်မိတယ်။ ငါ့အာရုံတွေ ချောက်ခြားပြီး ဖောက်ပြားနေတာဖြစ်မှာပါ။ အထိအတွေ့ဟာ ဘိန်းပဲဆိုတဲ့ စကားလုံးကို ပြန်ဖျက်ရတယ်။ ငါမှ ဘိန်းမသုံးဖူးပဲ။ ဆေးခြောက်လောက်ဆိုရင်တော့ ချိတ်ဆက်ခံစားလို့ရတယ် ။ အဲ့ဒီတော့ အထိအတွေ့ဟာ ခိုးသောက်ရတဲ့ မုန့်ပဲပေါ့။ ငါ့ဆာလောင်မှုဟာ တသွင်သွင်စီးဆင်း။
၃။
ပေါပေါပဲပဲ ပြောရရင် ငါတို့ရဲ့ သမိုင်းဆိုတာကလည်း ဖေ့ဘုခ် timeline တစ်ခုပဲရှိတာပါ။ ဘယ်သွားသွားတင်မယ်။ ဘာစားစားတင်မယ် ။ အခုတော့ မန်မိုရီတွေ ပြန်တက်လာတိုင်း ပြန်ဖျက်ပစ်ရ၊ အကောင့်ပဲ ဒီပြေးရမလိုဖြစ်ရနဲ့ ။ အချစ်ဆိုတာ မသုံးသင့်တဲ့ဆိုရှယ်မီဒီယာပါပဲ။ မသောက်သင့်တဲ့ မာပိုရို ဆေးလိပ်ပါပဲ၊ နည်းနည်းလေးမှ မသောက်ခဲ့သင့်တဲ့ ဆင်ဂယ်မော့အရက်ပါပဲ။ စွဲတယ်၊ ဖြတ်ရခက်တယ်၊
အလွမ်းဆိုတာကတော့ လိလိလားလားတွေပြောပြီး ဓာတ်တိုင်ကို ဖက်ငိုမိတာပါပဲ။ ခွခေါင်းအုံးပေါ်က ချစ်ရည်စက်တွေပါပဲ။ သီချင်းစာသားတွေမှာ ဝင်စားပြီး တေးရေးဆရာလိုလို၊ အဖီးစာတွေဖတ်ပြီး ကဗျာဆရာကိုယ်တိုင်က ကိုယ့်နေရာမှာပဲ ဝင်ရေးထားသလိုလို၊ ဇာတ်လမ်းတွေထဲက ဇာတ်ဆောင်လိုလို။
ဖေ့ဘုခ် ဘိုင်အိုမှာ ရေးထားမိလိုက်သေးတယ်။ စောက်သဲကွဲဖူးမှ ငါ့ကိုနားလည်မှာ......။
၎။
သေသွားတဲ့ ဘေးအိမ်ကခွေးလေးကိုတောင် ငါသတိရမိသေးရင် နင့်ကို မေ့မရတဲ့အကြောင်း ပုံကြီးချဲ့ ပြီး ပြောဖို့လိုမယ်မထင်ဘူး။ အင်စတာဂရမ်မှာ စက်ရုပ်မတစ်ယောက်က အကောင့်တစ်ခုနဲ့သုံးနေတာကို သွားပြီးဖွန်ကြောင်မိသေးတယ်။ သူ့ reply မှာမျှောနေမိပြီးမှ မင်းရှိနေရင် သဝန်တိုဦးမှာပဲဆိုပြီး ငါပြုံးမိတယ်။ ပြီးတော့ ငါတို့ အကြီးအကျယ် ရန်ဖြစ်ခဲ့တာ ပြန် အမှတ်ရတယ်။ လင်္ကာတွေ ဖွဲ့သီလို့တော့မကောင်းဘူး ။ စောက်ရှက်တွေ ကွဲခဲ့တာချည်းပဲ။ သံလိုက်တုံးတွေလို ပြန်လည် ပူးကပ်ခွင့်ရှိဦးမလား၊ ရထားသံလမ်းနှစ်ခုလို အပြိုင်အဆိုင်ဝေး၊ နင်ချက်တဲ့ မဆလာနံ့သင်းတဲ့ ဟင်းတွေလို အလွမ်းနံ့က လွယ်လွယ်နဲ့မပျောက်ဘူး။
၅။
နင့်အိမ်က ဓားက ခရမ်းချဉ်သီးတောင် အံကြိတ်လှီးရတယ်လို့ ပြောတုန်းက နင့်မှာ ရယ်နေလိုက်တာ။ ရယ်မောခြင်းဟာ အတောမသတ်ဘူး။ အခု ငါလည်း ခပ်တုံးတုံး ဓားတစ်စင်းနဲ့ ကြက်သားတွေ ခုတ်နေတယ်။ တစ်ယောက် အကောင့်တစ်ယောက် မမြင်ရတဲ့အခါ ၊ တစ်ယောက်ဖုန်းတစ်ယောက် ဆက်လို့ မရတော့တဲ့အခါ လေတွေဟာ လျှာအရိုးမရှိတဲ့အတိုင်းစောက်စကားတွေ စောက်ရမ်းများတယ်။ စောက်ဝါးပင်တွေက စောက်ရမ်းယိမ်းခါနေပြီး ငါနင့်ကို စောက်ရမ်းချစ်တယ်လို့ ငါအော်ပြောတာကို ကြားသွားတယ်။
၆။
ငါရေးတဲ့ အဆိုင်းမန့်မှာ နင့်နာမည်ပါသွားလို့ မင်ဖျက်ဆေးနဲ့ဖျက်လိုက်တယ်။ နင့်နာမည်ကို အဖြူရောင်လွှမ်းပြီးဖျက်လိုက်ပါတယ်။ ငါတို့တွေ သူငယ်ချင်း ပြန်ဖြစ်နိုင်ဦးမလား။
လွမ်းတေးချို
8:51 PM
30 November 2020
၇။
တစ်ယောက်ရဲ့ ညံ့ဖျင်းမှုကို တစ်ယောက်က ခါးစည်းခံပေးရအောင် ငါတို့နှစ်ယောက်လုံးက ပရဟိတသမားတွေ မဟုတ်သလို ၊ နှစ်သိမ့်ဆွေးနွေး ပညာပေးနေတာလည်းမဟုတ်။ အဲ့ဒီတော့ အကြီးအကျယ်စကားများတိုင်း လက်ပါရင်ပါ မပါရင် ၊ ဆက်သွယ်ရေးပြင်ပတွေရောက်၊ ဖန်ခွက်တွေ ရိုက်ခွဲ စိတ်ကို ရွက်ကုန်လွှင့်ခဲ့တာပါပဲ။ ချစ်မှုပြုတိုင်း တွေးနေမိတဲ့ငါ့ဖန်တက်စီထဲက မိန်းမဟာ နင်မဟုတ်ဘူးဆိုတာကို မပြောပြခဲ့ရလို့ ငါစိတ်မကောင်းဘူး။
၈။
နှောင်းသွားခါမှ မတက်ရတဲ့ကျောင်းကို
ငေးကြည့်ပြီး ဘွဲ့ယူလို့ မရသလိုမျိုး.........။
ပြန်ဆုံချင်သေးတယ်လို့
ငါတွေးနေမိတယ် ထင်တယ်။
အကယ်၍
ပလက်ဖောင်းပေါ်မှာ ထီးချင်းတိုက်မိတဲ့
လူနှစ်ယောက်လို ပြန်ဆုံမိတဲ့အခိုက်အတန့်ရှိခဲ့ရင်
ငါလည်း နှုတ်ဆိတ်နေမိမယ် ထင်တာပဲ။
ရယ်မိသေးတယ်။
ဖျောင်း .....သစ္စာမရှိတဲ့ မိန်းမဆိုပြီး
အံကြိတ် နှုတ်ခမ်းကိုက် မျက်လုံးပြူး ….
ရယ်မိပါသေးတယ်။
တကယ်တော့
ငါဟာ
ပုရွတ်ဆိတ်တောင်
မသတ်ရဲတဲ့ကောင်.....။
၉။
အကြွေးမတင်ပေမယ့် တင်တောင်းစရာ အသပြာ မရှိတာတော့ ငါလည်း ဝန်ခံရမှာဖြစ်သလို၊ နင်လည်းငါ့ကို သကြားဖေဖေ ဖြစ်စေချင်မှာမဟုတ်ဘူး။ ငွေယားကလေးရှိရင် တည်းခိုခန်းသွား၊ လမ်းဘေးမှာ အသုပ်ကလေး အ၀စား ၊ ဒါကပဲ သုညထက်ပိုတဲ့ အားတွေမဟုတ်လား။ တစ်ယောက်နဲ့တစ်ယောက် နှိမ်စရာ မဟုတ်ပေမယ့် ငါလည်းနင့်ဉာဏ်ရည်ကို ဒီလောက်တုံးရသလားဆိုပြီး စနောက်မိတယ်။ တကယ်တော့ စနောက်ခြင်းမှာ အမှန်တရားတစ်ဝက်ပါတယ်။ နင်လည်း ငါ့ ရုပ်ရည်ကို လှောင်မယ် ။ လှောင်ပြောင်ခြင်းမှာလည်း အမှန်တရား တစ်ဝက်မက ပါပါတယ်ဟာ။
လွမ်းတေးချို
၁၀။
နင်လည်း ဘုရင့်သမီးမဟုတ်သလို ငါလည်း ဝန်ကြီးသား မဟုတ်ဘူး။ လူအချင်းချင်းထပ်ပြီး မြင့်မြတ်တဲ့လမ်းစဉ်ဟာ .........။ ရေးမိပြီးမှ ငါလည်း ငါ့ကိုယ်ငါ ပြန်ရှက်သွားတယ်။ ရှက်စရာမဟုတ်တာကို ရှာကြံပြီးရှက်နေကြတဲ့ အသိုင်းအဝိုင်းထဲမှာ ဘယ်လိုမှ ချိတ်လို့မရတဲ့ ဘလူးတု့ ဆောင်းဘောက်စ်တစ်လုံးလို ငါတို့ဟာ ပတ်ဝန်းကျင်နဲ့ဟလာတယ်။ လူ၏အကြိုက်ဆယ်ခါလိုက်လည်း .....ဘယ်ဘုန်းကြီးရေးခဲ့မှန်းမသိတဲ့ လင်္ကာကို နင်ထိုင်ရွတ်တယ် ပြီးတော့ ငါ့ကို နင့်ရဲ့ တစ်ရာ့တစ်ကြိမ်မြောက်အကြိုက်ကိုလိုက်ပေးဖို့ တောင်းဆိုမယ်။
၁၁။
အချစ်ဟာဘူးလီးမဟုတ်ဘူးလို့ အင်္ဂလိပ်လို နင်ပြောမယ်။ ဟုတ်တယ် ငါလည်း စတော့ဟုမ်းအကျဉ်းသားတွေလို ငါ့နှလုံးသားကို အကာအကွယ်ပေးနေမိတယ်။ ဒီနေရာမှာ ငါ့ဦးနှောက်က မဟာမိတ်တပ်သားတွေဖြစ်တယ်။ ကယ်ဆယ်ဖို့ ရောက်လာတာဖြစ်တယ်။ ငါလည်း သိပ်သိလှတဲ့ကောင်တော့ မဟုတ်ပါဘူး။ စိတ်ကြီးဝင်နေတဲ့ စောက်ရူးတစ်ကောင်ပါပဲ။ စာလေး မတောက်တစ်ခေါက်ဖတ်ပြီး စောက်ရမ်းတုံးတဲ့သူတွေကို ဉာဏ်နည်းလှချည်ရဲ့ လို့ အခါခါပြောပြီး ဘုရားတွေကိုလည်း မထိတထိ စော်ကားတတ်သေးတယ်။ ဗုဒ္ဒကို ဗိုလ်ဂေါလို့ ခေါ်ပြီး ငါဂေါ်ခဲ့တာလေး မှတ်မိလား။ တကယ်တော့ စောက်ရူးထခဲ့တာပါဟာ။
၁၂။
အိုးရှိုးအကြောင်းငါနင့်ကိုပြောပြတုန်းက တော်တော်အငြင်းသန်တဲ့ကုလားအဘိုးကြီးလို့ မှတ်ချက်ပြန်ပေးတာလေ။ လူဆိုတာ ကြားချင်တဲ့စကားကိုသာကြားပြီး ကောက်ချက်ဆွဲချင်သလို ဆွဲတတ်တဲ့ သတ္တဝါတစ်မျိုးပဲ ။ ငါလည်းနင်နဲ့ပတ်သက်ရင် ချစ်ခြင်းမေတ္တာကလွဲပြီး ဘာမှ မကြားခဲ့ဘူး။ ဘယ်တုန်းကမှ မမွေးဖွားခဲ့ မသေဆုံးခဲ့ပဲ ကမ္ဘာမြေကြီးကို အလည်လာခဲ့တယ် ဆိုတဲ့ စကားဟာ အိုးရှိုးရဲ့ အုတ်ဂူပေါ်မှာရေးထားသတဲ့။ ငါတို့လည်း ငါတို့ အုတ်ဂူမှာ ဘာရေးရင်ကောင်းမလဲ လျှောက်ပြောကြတယ်။ ပြီးတော့ အားရပါးရရယ်ကြတယ်။ ငါတို့ စဉ်းစားမိတဲ့ စကားလုံးက ဘယ်သူ့အုတ်ဂူလဲလို့ သိချင်နေတယ်မဟုတ်လား.....တဲ့
လူတွေကြားမှာဆိုပေမယ့်လည်း ပြုတ်ကျပြီးသား အစားအစာသာ တန်ဖိုးကြီးလွန်းရင် မသိမသာ ဖြစ်ဖြစ်၊ သိသိသာသာဖြစ်ဖြစ်ကောက်စားကြသေးရဲ့ မဟုတ်လား။ ငါတို့ အချစ်ကလည်း မကြာခဏပြုတ်ကျတယ်၊ ငါတို့ ပြန်ကောက်စားမိကြတယ်။ ပြုတ်ကျ ကောက်စား အချစ်များပေါ့......။
၁၃။
အသဲကွဲတဲ့အခါ......
ဒီဇင်ဘာနဲ့ဝေးတဲ့ ဆောင်းလို၊
မျက်ရည်နဲ့ဝေးတဲ့ ပုလဲလို ၊
ပိုးနှံကောင်တွေနဲ့ဝေးတဲ့ စိုက်ခင်းလို၊
ဓာတ်အားနဲ့ဝေးတဲ့ ဖုန်းတစ်လုံးလို၊
ခြေထောက်နဲ့ ဝေးတဲ့ ဖိနပ်လို၊
လမ်းနဲ့ဝေးတဲ့ ကားတစ်စင်းလို၊
ခွဲခန်းနဲ့ဝေးတဲ့ ဓားတစ်စင်းလို၊
မိုးနဲ့ဝေးတဲ့ထီးလို၊
ကြာကွေးနဲ့ ဝေးတဲ့ လက်ဖက်ရည်တစ်ခွက်လို၊
အိပ်ရာခင်းနဲ့ ဝေးတဲ့ ချစ်မှုပြုခြင်းလို၊
လော်စပီကားဝေးတဲ့ ဆိုက်ကားသမား၊
သစ်ပင်နဲ့ဝေးတဲ့နေရောင်ခြည်၊
ရေနဲ့ဝေးတဲ့ သမုဒ္ဒရာ၊ သမုဒ္ဒရာနဲ့ဝေးတဲ့ ရေတစ်စက်၊
သံစဉ်နဲ့ဝေးတဲ့ ဂစ်တာ ၊ ဂစ်တာနဲ့ဝေးတဲ့ သံစဉ်၊
အနာနဲ့ဝေးတဲ့ ဆေး၊ ဆေးနဲ့ဝေးတဲ့ အနာ
ပြတင်းပေါက်နဲ့ဝေးတဲ့ ခန်းစီး၊ ခန်းစီးနဲ့ ဝေးတဲ့ ပြတင်းပေါက်
အချစ်နဲ့ဝေးတဲ့လူ၊ လူနဲ့ဝေးတဲ့အချစ်
သစ်ပင်နဲ့ဝေးတဲ့ သစ်ရွက်၊ သစ်ရွက်နဲ့ဝေးတဲ့ သစ်ပင်
လက်နဲ့ဝေးတဲ့ ခန္ဒာကိုယ်၊ ခန္ဒာကိုယ်နဲ့ဝေးတဲ့ လက်တစ်ဖက်
မျက်ရည် နဲ့ ဝေးတဲ့ မျက်လုံး၊ မျက်လုံးနဲ့ဝေးတဲ့ မျက်ရည် ။
အိပ်ရာနဲ့ဝေးတဲ့ အိပ်စက်ခြင်း၊ အိပ်စက်ခြင်းနဲ့ဝေးတဲ့ အိပ်ရာ
ပန်းနဲ့ဝေးတဲ့ ရနံ့ ၊ ရနံ့နဲ့ဝေးတဲ့ ပန်း
အခေါင်းနဲ့ဝေးတဲ့ လူသေ၊ လူသေနဲ့ဝေးတဲ့ အခေါင်း .......။
၁၄။
နင့်ဖိနပ်ငါယူစီး ၊ ငါ့ဖိနပ်နင်ယူစီး နင့်လမ်းကို ငါလျှောက်ကြည့် ၊ ငါ့လမ်းကို နင်လျှောက်ကြည့် ၊ နင့်အပင်က ဘာအသီးသီးလဲငါကြည့် ၊ ငါ့အပင်က ဘာအသီးသီးသီးလဲ နင်ကြည့် ၊ နှစ်ယောက်သား နားလည်သွားကြပါပြီတဲ့ ။
၁၅။
ငါ့အိမ်ဝမှာ “လူအ” များသာ ၀င်ခွင့်ရှိသည်ဆိုတဲ့ ဆိုင်းဘုဒ်လေးချိတ်ထားလိုက်ပါတယ်။ ..........။ဘယ်တိုက်ကိုမှ မပို့ဖြစ်တဲ့ ငါ့အရေးအသားများဟာ ဖောင်းပွသထက် ဖောင်းပွလာတယ်။ ငါရေးငါဖတ် ငါပြန်ကြိုက် နေရာက ငါရေး နင်ဖတ်၊ နင်ကြိုက်တာမျိုးဖြစ်ချင်လာတယ်။ နင့်လွယ်အိတ်ထဲက ငါ့ကဗျာစာအုပ်ဟာ ခြေထောက်ပေါက်လာတယ်။ အတောင်ပံပေါက်လာတယ်။ ရေငွေ့ဆန်လာတယ်။ ပြီးတော့ တိမ်တွေက တဆင့် အလွမ်းမိုးတွေ ပြန်ရွာချတယ်။ ဇာတ်သိမ်းခန်းမှာ ပေါင်းရတဲ့ ပုံပြင်တွေကိုပဲ ငါရွေးဖတ်တယ် ။ စင်ဒရဲလားဟာ ဖိနပ်ပိုင်ရှင်အစစ်ပြန်ဖြစ်သွားတာ၊ စနိုးဝှိုက်ကို မင်းသားလေးက နမ်းလိုက်တာ.......။
၁၆။
ချစ်ခြင်းဟာ အရောင်တစ်ခုခု ရှိတယ်ဆိုပါစို့ ၊ ဘာအရောင်ဖြစ်မလဲ
အဖြူလား၊ အမည်းလား၊ အစိမ်းလား၊ အပြာလား၊ အနီလား၊
အဲ့ဒီအရောင်တွေကရော ဘယ်လို အဓိပ္ပာယ်မျိုးရှိနေမှာလဲ။ တွေ့ခဲ့ဖူးသမျှ စိမ်းခဲ့ပါတယ်လို့ ငါလည်း မဟုတ်မမှန် မပြောချင်ဘူး။ ရယ်ကာမောကာနဲ့ ဘာစောက်စကားမှ မပြောချင်ဘူး။
၁၇။
ငါနင့်ကို ချစ်တယ်။
နင့်အပြင် အခြားသူတွေကိုလည်း ထပ်ချစ်ဦးမယ်။ ပြီးတော့ နင့်ကိုလည်း ချစ်နေဦးမယ်။ အချစ်ဟာ သောက်လေသောက်လေ ငတ်မပြေသလို၊ အချစ်ဟာ လူတိုင်းသောက်သုံးခွင့်ရှိတယ်၊ အချစ်ဟာ တစ်ခါသုံးဖြစ်နိုင်သလို အကြိမ်အခါခါ သုံးနိုင်တယ်။ မပျက်မစီး ကာလတစ်ခုအထိ သစ္စာရှိခဲ့ပါတယ်ပေါ့။ ဒါဟာ ငါပေးခဲ့တဲ့ သစ္စာတရားပဲ။ မီးကျိုးမောင်းပျက် နေ့ရက်များစွာအတွက် အားနာရပါတယ်။
၁၈။
နှစ်ကိုယ်ကြားပြောခဲ့တဲ့ အပိုစကားတွေလည်းချိုတယ်
ဖိုသံမသံပေးပြီးမှ ထာဝရဝေးရမယ်လို့ အဘယ်သို့သော ကျိန်စာများက အသက်ဝင်လာခဲ့သလဲ
ငါ့အချစ်ကို စုပ်ယူပါ။ ငါ့အချစ်ကို မြိုချပါ၊ ငါ့အချစ်ဟာ နင့်ပါးပြင်ပေါ်မှာ ၊ နင့်ရင်သားတွေပေါ်မှာ
ငါတို့ အဆုံးစွန်ထိ ညစ်ပတ်ကြရအောင်ဟာ ......။ မီးသံတရဲရဲ နဲ့ ချစ်မှုပြုခြင်းကြောင့် အိပ်ရာခင်းတွေ တရှဲရှဲ ဖြစ်သွားမယ် .....။ မြင်းစီးသူအကွက်လေး တစ်ချက်.......အော်ညည်းသံလေးတွေဟာ မီးပွင့်မီးပွား ......ဘ၀ဟာ ကာမ ရထားကြီးပဲ မဟုတ်လားကွယ်။ တစ်ဘူတာပြီးတစ်ဘူတာ ခရီးဆက်.....။ ငါ ညစ်ပတ်ခဲ့တဲ့ နေ့ရက်များ.......။ နင်ပြောသလိုဆို ငါတို့ ညစ်ပစ်ခဲ့တဲ့နေ့ ရက်များ...။
၁၉။
တွေ့လား စာရေးဆရာတွေက သူတို့ချစ်တဲ့သူတွေအကြောင်း စာအုပ်ထဲမှာ ထည့်ရေးတယ်လို့ နင်ပြောတုန်းက ငါအငေါ့တူးခဲ့တာ မှတ်မိလား။
အင်းပေါ့ဟာ စာအုပ်ထဲပဲထည့်ရေးမှာပေါ့ ၊ ဈေးအိမ်သာမှာ ဘယ်သူရေးမှာလဲ။ တကယ်တော့ ငါဟာ စောက်ရူးပါဟာ နင့်နာမည်ကို စာမျက်နှာသုံးဆယ်ကျော်အောင် စာလုံးပေါင်းဖူးတယ်။ ကော်ပီပေ့စ် မဟုတ်ဘူးနော်။ ဒီအတိုင်း ချရေးနေခဲ့တာ။ အဲ့ဒီအကြောင်းကို ငါနင့်ကို ပေးမသိဘူး။ နင်သိသွားတဲ့အခါ ငါဟာ အားအားရှိ ဒရာမာတွေ ခင်းနေတာလို့ နင်ယူဆသွားနိုင်စရာ အကြောင်းရှိတာကိုး။ နင့်နာမည်ကို ဘယ်လို အဖျားဆွတ်ခေါ်မလဲ ငါစဉ်းစားဖူးတယ်။ နင်ဟာ အညွှန့်တလူလူတက်နေတဲ့ မီးတောက်မီးလျှံလေးလို ငါ့ကို လောင်ကျွမ်းသွားစေမယ်လို့ ငါလည်း မထင်ထားခဲ့ဘူး။ ငါဟာ ဖယောင်းပါ ငါ့ကို မဆိုသလောက်လေး အပူပေးပါ။ ငါ့ကို ပုံသွင်းပါ။ အေးစက်သွားရင် ငါမာကျောလာလိမ့်မယ်။
၂၀။
အဏုမြူကြယ်လေးတွေ၊ လမင်းတွေ ဝယ်ထားတယ်။ နင်နဲ့အတူသာရှိမယ်ဆိုရင် မျက်နှာကျက်မှာကပ်ပြီး ကြည့်ဖို့ စိတ်ရူးထဖူးတာပေါ့ဟာ ။ ဟိုနေ့က ကြယ်တွေ ကြွေတယ်ဆိုလားပဲ။ ဟုတ်လောက်ပါတယ်။ ငါ့အခန်းထဲမှာတော့ ကြယ်တွေ မမွေးသေးဘူး။ ကြယ်တွေဟာ ကိုယ်ဝန်ဆောင်ဆဲ ကာလမှာ ပျက်ကျသွားတယ်။ ဒဏ်ရာသက်သာအောင် ဘိန္တောဆရာနဲ့ ကြိတ်ကုလိုက်ရတယ်ဆိုလားပဲ။ နင့်ခြေရာတချို့ကို ငါသိမ်းထားဖူးတယ်။ ပိတ်စကလေး တစ်စ ၊ ပိတ်စကလေးပေါ်က နင့်ခြေရာဟာ အရောင်တွေဝေဝါးလာခဲ့ ။ ယာဉ်နောက်လိုက်ကတောင် လှောင်တဲ့ ငါ့အချစ် ... တစ်ခမ်းတနား ပြောပြစရာလိုမယ်မထင်ဘူး။
၂၁။
တစ်ခါတုန်းက ငါ့ဟာ စာရွက်ကလေးတစ်ရွက်ဖြစ်တယ်။ တစ်ခါတုန်းက နင်ဟာ ဘောပင်ကလေး တစ်ချောင်းဖြစ်တယ်။ စာရွက်ကလေးဟာ ဘောပင်ကလေးအနားကို နည်းအမျိုးမျိုးနဲ့ အရောက်လာခဲ့တယ်ပေါ့။ ကမ္ဘာဦးကဆိုရင်တော့ ငါက ဂူနံရံလေးတစ်ခုဖြစ်မှာပေါ့။ နင်က ဂူနံရံပေါ်မှာ သင်္ကေတတစ်ခုကိုရေးဆွဲနေတဲ့ လူသားမလေးဖြစ်မှာပေါ့။ ငါတို့အချစ်ကို တာလီချိုးပြီးမှတ်တမ်းတင်နေတဲ့ ချစ်စရာ လူရိုင်းမလေးတစ်ယောက်လည်း ဖြစ်ချင်ဖြစ်မှာပေါ့။
ဂူနံရံကြီးကနေ ပဲ့တင်သံတွေ အဆက်မပြတ်ထုတ်လွှင့် လင်းနို့တွေဟာ အသံလှိုင်းတွေနဲ့ ထိတွေ့ဆော့ကစား ........ငါကြားလိုက်ရမှာတော့ နင့်နာမည်ခပ်များများပဲ ဖြစ်မှာပေါ့။ ပြောမယ့်သာပြောရသာ ကမ္ဘာဦးလူတို့က အခုလို ရိုတတ်ပါ့မလား။ ငါအိပ်မက်က နိုးထလာခဲ့ပါတယ်။
၂၂။
ငါအဆင်မပြေဘူး။ ငါ့အဆင်မပြေမှုကို မှတ်တမ်းတင်တဲ့အနေနဲ့ ဒီစာကို ငါမရေးချင်ဘူး။ ငါ့သစ္စာတရားဟာ ပြေလည်တယ်။ ဒါကို နင်ယုံပေးပါ။ ငါ့ကို ယုံပေးစမ်းပါဟာ။ ချစ်ခြင်းရှိမယ်၊ မုန်းခြင်းရှိမယ်။ မသိခြင်းရှိမယ် ။ နင့်ရဲ့ မသိခြင်းထဲမှာ ငါမနေချင်ဘူး။ နင့်အသိထဲမှာ ရှိနေပေမယ့် နင့်အမုန်းတရားတွေထဲမှာ ငါမနေချင်ဘူး။ ငါ့ကို နင့်ချစ်ခြင်းတွေဆီသာ ခေါ်သွားပေပါ။ အဲ့ဒီနေ့ရက်တွေဆီ.... ငါ့ကို ခေါ်သွားပေးပါ ။ ခေါ်သွားပေးပါ။
၂၃။
စောက်နတ်ဘုရားတွေ......လို့ဆဲခဲ့ဖူးတဲ့ ငါ့ငယ်ဘ၀ကို ငါသတိရသွားတယ်။ မာရ်နတ်ဆိုတဲ့ ဘဲကြီးကို ငါလည်း တိတ်တခိုးအားကျခဲ့ဖူးကြောင်းဝန်ခံပါတယ်။ သန့်စင်သော ဘုရားအဖြစ်ကို မမျှော်လင့်နိုင်တဲ့အခါ မာရ်နတ်အဖြစ်ကို ဆုပန်ခဲ့ကြတယ်။ မာရ်နတ်ဂိုဏ်းသားတွေ စုရုံးစုရုံး .....။
ချစ်ခြင်းနဲ့ မာရ်နတ်တို့ပူးပေါင်းတဲ့အခါ ငါတို့အဖြစ်က ဘယ်လိုမျိုးဖြစ်ခဲ့ပါသလဲ။ လှပသော အတွေ့အကြုံများဆီသို့......။
၂၄။
စောက်ရူးတစ်ယောက်လို ဘာမှမရှိတဲ့အတွေ့အကြုံကို ဇမ်းတင် ၊ အင်တာဗျူးတွေဖြေ၊ ရုံးတစ်ကာကို အလည်ရောက် နောက်ဆုံးတော့ ငါရခဲ့တာ Thank You ဆိုတဲ့ ဘီယာ ပုလင်းအဖုံးလေးတွေပါပဲ။
ပုလင်းဖုံးပေါ်က ကျေးဇူးတင်စကားက ပြင်ပက ကျေးဇူးတင်စကားထက် အရှုံးစော်ပိုနံတယ်လို့ ငါထင်တယ်။
၂၅။
ငါကြောက်တယ် ....။ မကြောက်ဘူးလို့ ပြောခဲ့တိုင်း ငါသိပ်ကြောက်နေခဲ့တယ်။ တစ်ယောက်တန်ဖိုးတစ်ယောက် တံခါးဖွင့်ပေးမထားတဲ့ အဝန်းအဝိုင်းမှာ
လူ့အခွင့်အရေးဆိုတဲ့ စကားလုံးကို ငါအော်တယ် ။ ငါတီးလိုက်တဲ့ ဂီတသံဇဉ်ကို သုညလှိုင်းတွေ ဝင်စီးသွားတယ်။ ညဟာ ငါ့ကိုညာတယ်။ လင်းမယ်ပြောခဲ့ပြီး အခုတော့ မှောင်နေပြီ။
၂၆။
စစ်သူကြီးတစ်ယောက်ရဲ့ အမာရွတ် နဲ့ ချော်လဲလို့ ဒူးပြဲထားတဲ့ အမာရွတ်ဟာ ယှဉ်လို့တော့ဘယ်ရမလဲလို့ လူတွေက ပြောတယ်။ နာကြင်မှုဆိုတာ လူမရွေးဘူးဆိုတာကို
လူတွေမေ့လျော့နေကြတယ်။
၂၇။
လွယ်တယ် ။ လွယ်တာမှ လွှတ်လွယ်တယ်။ ငါတို့ဘ၀မှာ ရွေးချယ်စရာတွေ အများကြီးထဲမှာမှ ငါတို့ဟာ လွယ်လွန်းလို့ ချစ်ခဲ့ကြတယ်။ အလွယ်လမ်းကိုလိုက်ပြီး အလိုက်ကိုလွယ်ခဲ့ကြတယ်။ အဲ့ဒီတော့ လွယ်လွယ်လေး ဝေးခဲ့ရတယ်။ အခု ငါလွယ်လွယ်လေးလွမ်းနေတယ်။ ဘ၀ကြီးတစ်ခုလုံးဟာ အလွယ်လမ်းပဲ။
ဖဲဝိုင်းထဲရောက်သွားတော့ ငါလည်း သွေးကြီးသွားတယ်။
ငါတို့ဟာ လူတွေကို ကစားကြတာ
လူတွေရဲ့ အကြည့်တွေကို အလျော်အစားလုပ်ကြတာ
ငါတို့အချစ်ဟာ ဖူးဟောက်စ် .......။
၂၈။
နင့်အကြောင်းစာစီစာကုံး ရေးရလိမ့်မယ်လို့ မထင်ထားဘူး။ အခုငါထိုင်ရေးနေတယ်။ ငါရေးနေတာ ကဗျာမှ မဟုတ်ပဲ ။ နင့်မျက်နှာတွေ မဲပုပ်သွားမယ် ။ လိုတာရသွားမယ်။ မျက်နှာကလေး ဖြူဝင်းတောက်ပလာမယ်။ ငါနင့်ကို စ သလိုပေါ့ဟာ။ ကတ္တရာ မျက်နှာပေးကနေ ၊ ဗယာကြော် အသွင်ပြောင်းသွားတယ်။ ငါ့ကို ထုရိုက်လိုက်စမ်းပါ။ ငါ့ရင်ဘတ်ကြီး ကွဲအက်သွားအောင် ထုရိုက်လိုက်စမ်းပါ။ စောက်မိုးတွေ သည်း ၊ စောက်နှင်းတွေကျ၊ စောက်နေက ပူ။ ငါက ရာသီဥတုနဲ့ ရန်ဖြစ်နေတယ်။ အဓိပ္ပာယ်ကို ရှာမတွေ့တော့တဲ့အခါ ဆဲဆိုခြင်းနဲ့ ငါ့ဘာသာငါ တည်ဆောက်နေခဲ့ပါတယ်။ ဘီလူးအသွင်ပြောင်းသွားတဲ့ နေ့ရက်များပါပဲ။ နေ့ရက်တွေဟာ မြစ်ထဲမှာ စီးဆင်းသွားကြတယ်။ တသွင်သွင်စီးလို့။
၂၉။
တစ်ယောက်နဲ့ တစ်ယောက် လှည့်မကြည့်လည်း အသဲဆိုတာ ခွဲလို့ရပါတယ်။ မပြောမပြုပဲ ထွက်သွားတာမျိုးတော့ မလုပ်နဲ့ပေါ့ဟာ။ ကိုယ့်ဓားကိုယ်သွေးပြီး လက်ကောက်ဝတ်ကို လှီးရသလို၊ ကိုယ့်တွင်းကိုယ်တူးပြီး မြေဖို့ သတ်သေရသလို၊ ကိုယ့်ကြိုးကိုယ်ဆွဲပြီး အဆုံးစီရင်ရသလို .....။ ငါတို့ဆီကို ခွဲခွာခြင်းက ရောက်လာခဲ့တယ်။
၃၀။
ညဟာ မှောင်မည်းနေတယ်။ လျှပ်စစ်မီးပျက်နေတယ်။ဖယောင်းတိုင် မဝယ်ထားမိဘူး။ နှင်းလည်း ကျစရာတော့ မရှိဘူး။ လပြည့်ည မဟုတ်တာတော့ သေချာတယ်။ ညဟာ အင်အားချိနဲ့နေတာလား။ ညဟာ အမှောင်ဓာတ်တွေပြည့်နေတာလား ငါလည်း မသိဘူး။ ကဗျာသမားတစ်ယောက်ဆိုရင်တော့ ညကို မျိုးစုံဖွဲ့မှာပေါ့။ လနဲ့မတွေ့ရတဲ့ညဟာ တော်တော်လည်းကြေကွဲစရာကောင်းတယ်မဟုတ်လား။
အိပ်မက်တွေထည်လဲမက်မှာပေါ့။ အိပ်မပျော်တာလည်းဖြစ်ရင်ဖြစ်မှာပေါ့။ လွမ်းနေရခြင်းကို အိပ်နေရခြင်းထက် ပိုမြတ်နိုးတာလည်းဖြစ်ချင်ဖြစ်မှာပေါ့။ သေချာတာတော့ အခုလို ဘာရေးလို့ရေးရမှန်း မသိတဲ့ အခြေအနေတော့ မဟုတ်ဘူး။
၃၁။
နားခိုရာမရှိဘူးလို့ ငါမပြောဘူး။ ငါ့မှာ တစ်စုံတစ်ယောက်ရှိလိမ့်မယ်လို့ ငါထင်တယ်။ အဲ့ဒီစိတ်နဲ့ပဲ နင့်ကိုလွမ်းတဲ့စိတ်ကို တောင့်ခံခဲ့တယ်။ ကျားကန်ခဲ့တယ်။ သူတို့ဆီသွားဖို့ ငါလက်မှတ်ဖြတ်လိုက်ပါတယ်။ ဒါတွေဟာ စိတ်ကူးယဉ်ခရီးတွေသာ ဖြစ်တဲ့အကြောင်းနင့်ကို ဝန်ခံရမှာ ငါကြောက်တယ်။ စိတ်ကူးထဲက ဘီယာဆိုင်လေးမှာ ငါထိုင်တယ်။ လက်ဖက်ရည်ဆိုင်လေးမှာ ငါထိုင်တယ်။ နင့်အကြောင်းတွေကို ဖောင်ဖွဲ့ပြီးပြောပြတွေ။ ငါ့သူငယ်ချင်းတွေကလည်း ဘေးနားကနေ ဝန်းရံလို့ပေါ့။ ငါပြောသမျှကို စိတ်ဝင်တစား နားထောင်ပေးကြတယ်။ စိတ္တဇဇာတ်ကားတွေထဲကလို တစ်ယောက်တည်း စကားတွေပြောပြီး ဘေးနားမှာလူတွေရှိနေတယ်လို့ ထင်နေတာမျိုးဖြစ်နေမလားဟာ။ ငါ့ကို ဆက်သွယ်ပါ ရောက်ရာ အရပ်က ဆက်သွယ်ပေးပါ။
၃၂။
ပြန်မလာသူကို ဖိတ်ခေါ်ရတာဟာ ကောင်းကင်ကို ငေးကြည့်ပြီး အော်သံတွေ ထုတ်လွှတ်လိုက်တာမျိုး၊ ရေဒီယို စတေရှင်တစ်ခုက အသံလွှင့်လိုက်တာမျိုးဖြစ်မှာပေါ့။ ပြန်မလာသူဟာ ပြန်မလာတဲ့အကြောင်းကို စာပို့ပြီးမပြောဘူး။ ဖုန်းဆက်ပြီး မပြောဘူး။ မဆက်သွယ်ခြင်းဖြင့် ငါ့ကို ဆက်သွယ်တယ်။ အသံမမြည်တဲ့ဖုန်းတွေ၊ စာမလာတဲ့ စာတိုက်ပုံတွေဟာ ဝေးကွာခြင်းကို သက်သေထူပေးနေတာပါပဲ။ ပြန်မလာသူဟာ အိုက်စပ်နေတဲ့ ရာသီဥတုထဲမှာ နှင်းစက်ကလေးတွေ ရှိနေကြောင်းပြောခဲ့ဖူးတယ်။ ပြန်မလာသူဟာ မြစ်တစ်စင်းထဲကို နှစ်ခါမဆင်းနိုင်တဲ့အကြောင်း ၊ ပြန်မလာသူဟာ လွတ်သွားတဲ့ ဘက်စ်ကား ၊ ပြန်မလာသူဟာ ရုံမတင်တော့တဲ့ဇာတ်ကား၊ ပြန်မလာသူဟာ ပိတ်သွားတဲ့ တံခါး၊ ပြန်မလာသူဟာ ကျိုးကျသွားတဲ့ တံတား ၊ ပြန်မလာသူဟာ တိမ်ညိုတိမ်မဲတွေကုန်သွားတဲ့ မိုးတိမ်ဖြူဖြူ ဘယ်တော့မှ မိုးမရွာတော့ဘူး။ ပြန်မလာသူဟာ မဆက်သွယ်ခြင်းဖြင့် ငါ့ကိုဆက်သွယ်ပါတယ်။
၃၃။
အနမ်းကြိမ်ရေ ဘယ်လောက်ရှိမလဲ။ အနမ်းဟာ ဆက်ဆံရေးကို ဘယ်လောက် အားဖြည့်ခဲ့သလဲ။ အနမ်းဟာ ဧရိယာ ဘယ်လောက်ကျယ်ပြန့်သင့်သလဲ။ အနမ်းဟာ လေလှိုင်းတွေက တဆင့် ပို့ဆောင်လို့ရသလား ။ ငါ့မှာ အနမ်းတွေဆာလို့ ။ ဖုန်းချခါနီးတိုင်း အာဘွားနော်လို့ ယောင်ပြီး အလုပ်ထဲမှာပြောမိလို့ စောက်ပြဿနာတွေ တက်တော့မလို့။ ဘ၀ကြီးက ဆာလောင်မှုတွေကို သယ်လာပြီး ငါ့အိမ်ရှေ့မှာ လာပုံသွားတယ်။ အိမ်နောက်ဖေးမှာ အနမ်း လေဟာနယ်ကြီးရှိနေတယ်။ အိမ်ရှေ့မှာ မင်းစိုက်ခဲ့တဲ့ အလွမ်းပင်ကြီးဟာ အသီးတွေသီးနေတယ်။ ကိုယ်နံ့တွေကို တစ်သီးတစ်သန့် မှတ်မိနေတဲ့အခါ လူဟာ နာကျင်ဖို့ဖြစ်လာတယ်။ လေညှင်းကလေးက ဘာညာ ၊ သီချင်းတွေနဲ့ ဆွေးရတယ် ပြီးတော့ တိုက်နေတဲ့ လေကို ဆဲဖို့ဖြစ်လာတယ်။ အမှောင်ကြီးထဲ တစ်ယောက်တည်း ထိုင်ဆဲတယ်။ ဖုန်းစခရင်ပေါ်မှာ မင်းဓာတ်ပုံကို စကားတွေ ထိုင်ပြောတယ်။ အထီးကျန်တိုင်းပြည်ကို အုပ်စိုးဖို့ နှစ်ကိုယ်တူဆိုတဲ့ ဘ၀တစ်ခု စတေးရကြောင်း.....။
၃၄။
တစ်ယောက်ကိုတစ်ယောက် ကားလမ်းကူးရင်တောင် တိုက်မိမှာစိုးတဲ့ ပူပန်မှုမျိုးနဲ့ ....။
တစ်ယောက်ကိုတစ်ယောက် ထမင်းစားရင်တောင် အရိုးနင်မှာစိုးတဲ့ ပူပန်မှုမျိုးနဲ့.....။
တစ်ယောက်ကိုတစ်ယောက် ခရီးသွားရင်တောင် မတော်တဆဖြစ်မှာ ပူပန်မှုမျိုးနဲ့....။
တစ်ယောက်ကိုတစ်ယောက် ညဥ့်နက်သွားရင်တောင် မတော်တရော်ဖြစ်မှာ ပူပန်မှုမျိုးနဲ့....။
တစ်ယောက်ကိုတစ်ယောက် ညအိပ်ရင်တောင် အိပ်မက်ဆိုးမက်မှာ ပူပန်မှုမျိုးနဲ့......။
တစ်ယောက်ကိုတစ်ယောက် ရုပ်ရှင်ကြည့်ရင်တောင် ကြောက်လန့်နေမှာတွေးပြီး ပူပန်မှုမျိုးနဲ့.....။
၃၅။
ညဟာ ကျရှုံးနေတဲ့ စီမံကိန်းတစ်ခုပဲ။ နှစ်ရှည်လများ မျှော်မှန်းချက်တွေ ချမှတ်ပြီး ၊ အကောင်အထည်ဖော်ခဲ့ပေမယ့် အကြောင်းတရားပေါင်းများစွာနဲ့ မအောင်မြင်ခဲ့တဲ့ စီမံကိန်းပေါ့။
တစ်ယောက်ကိုတစ်ယောက် လက်ညှိုးတွေ ထိုးကြမယ့်အစား တစ်ယောက်ကိုတစ်ယောက်လက်ပြလိုက်ခြင်းဟာ တစ်ခုတည်းသော ရွေးချယ်မှု ဖြစ်ခဲ့တာပါပဲ။
၃၆။
မယုံဘူးလား ။ အဲ့ဒါဆို ငါသက်သေပြမယ်။ ငါဟာ စုံထောက်တစ်ယောက်ဖြစ်သွားတယ်။ ငါတို့ချစ်ခြင်းကို စုံစမ်းစစ်ဆေးဖို့။ အမှုအခင်းကို ထောင့်စေအောင်သုံးသပ်တယ်။ နောက်ဆုံးတော့ ငါသိလိုက်တာက ငါတို့နှစ်ယောက်စလုံးဟာ တစ်ယောက်ရင်ခွင်တစ်ယောက် ကန်ထွက်ဖို့ စနစ်တကျ ကြံစည်ခဲ့ကြတာပါပဲ။ မတူညီမှုကို တံတားထိုးဖို့ မကြိုးစားပဲ ငါတို့ ဆောက်ခဲ့တာ တံတိုင်းတွေ၊ ပျိုးခဲ့တာ ဆူးတွေ၊ မြုပ်နှံခဲ့သမျှက မိုင်းတွေ ၊ ကဲငါတို့ကိုယ် ငါတို့ မကယ်တင်နိုင်ကြတော့ဘူးမလား။ ဟားဟားဟား.......။ စောက်ရူးစုံတွဲ........။
၃၇။
ငါသွားတော့မယ် ။ ငါသွားတော့မယ်။ တကယ်တော့ ဘယ်ကိုမှ သွားဖို့ မရည်ရွယ်ဘူး။ ငါထွက်ပြေးတော့မယ်လို့ ပြောရင် ပိုမှန်မှာပေါ့။ ငါ ထွက်ပြေးပါတော့မယ်။ ချစ်ခြင်းမေတ္တာကို ဖဲဝိုင်းလောက်တောင် တန်ဖိုးမထားတဲ့ကောင်ဆိုတဲ့ စကားလုံးဟာ ငါ့နားထဲမှာ ပဲ့တင်သံထွက်နေတယ်။ ရယ်ရတယ်။ ငါလည်း အချစ်နဲ့ ဖဲဝိုင်းမှာ ဖဲဝိုင်းကို ဦးစားပေးခဲ့တယ်။ နောက်ဆုံးတော့ နင်ပစ်ချလိုက်တဲ့ ဖဲတစ်ချပ်ဟာ ငါဖြစ်နေတယ်။ ကောက်မယ့်သူမရှိဘူး။ ချွင်းချက်မရှိ ငါညံ့ခဲ့ပါတယ်။ ချွင်းချက်မရှိ မိုက်ရူးရဲ ဆန်ခဲ့ပါတယ်။ ငါ့ကိုယ်ငါ မှားတယ်လို့ ငါသိတဲ့အချိန်ဟာ မီးပွိုင့်မိနေတဲ့ လူနာတင်ကားလို ငါ့ဆီအရောက်လာခဲ့ပါတယ်။ ဆေးရုံရောက်တော့ ဆုံးသွားတဲ့လူနာလို ငါတို့ ဆက်ဆံရေးဟာ သေဆုံးခဲ့ပါတယ်။ ငါ့ကို ဆုပေးပါ။ အမှားဆုံးကောင် ၊ ထိပ်တန်း အမှားဆုပိုင်ရှင် ၊ အဂ်ဂမဟာ အမှားစရိယ...... စသည်ဖြင့်ပေါ့ဟာ ။ ငါမှားတာ ငါ့ကိုယ်ငါလည်း သိပါစေ။ နင်လည်း ငါ့အမှားကို ကော်ဇောလိုခင်း တစ်ခြားရင်ခွင်ထဲမှာ လင်းပါစေပေါ့ဟာ။
၃၈။
အတိတ်ဆိုတာ အမှောင် ၊ အမှောင်ထဲမှာ နေထိုင်သော .....အမှောင်ထဲက မထွက်နိုင်သော .........အမှောင်ထဲမှာ ပိတ်မိနေသော ........အမှောင်နှင့်ဆက်နွယ်သော စကားလုံးများ....... ။ အနာဂတ်ဟာ အလင်းပဲ.......။
အလင်းထဲမှာ ကြည်နူးပါ ၊ ပျော်ရွှင်ပါ.....။ အလင်းထဲမှာ လင်းနိုင်သမျှလင်းပါ။ အမှောင်ထဲက လူဟာ အလင်းထဲက မင်းကို လွတ်သွားတဲ့ငါးကြီးသလို ကြည့်မှာ၊ မဖမ်းဆုပ်နိုင်တဲ့ တစ္ဆေတစ်ကောင်လို ငေးမှာ.....။ မင်းကလေး ပျော်ပါ။ အလင်းကလေးဟာ အမှောင်ကို မေ့သွားမှာပါ။ အလင်းကလေး ရောက်လာတဲ့အခါ အမှောင်ဟာ လင်းသွားမယ်။ ဒါပေမယ့် တစ်နေရာရာမှာတော့ ဆက်မှောင်နေမယ်။
ငါတို့ အဲ့ဒီလို စနစ်တကျ ဝေးခဲ့တာပါ။ မဟာဗျူဟာ ကျကျ ဝေးခဲ့တာပါ။ ဆုံနိုင်ခွင့်မဲ့စွာ ဝေးခဲ့တာပါ။
၃၉။
ငါ့အသဲကွဲဒဏ်ရာဟာ ဒူးပြဲဒဏ်ရာလို နာကျင်ခဲ့ရပါတယ်။ နာကျင်ခဲ့ရပါတယ်။
ယမင်းရေ၊ သက်ထားရေ၊ သူဇာရေ၊ နှင်းဆီရေ၊ သဇင်ရေ.....၊လမင်းရေ.....၊ ကြယ်စင်ရေ
အကိုကြီး နာကျင်ခဲ့ရပါတယ်
ညီမလေးတို့ မရှိတဲ့ KTV မှာ စက်ကိုင်ကောင်လေးတစ်ယောက်မဖြစ်ချင်ဘူး။
အပေါက်စောင့်ကောင်လေး တစ်ယောက်မဖြစ်ချင်ဘူး။
ပိုက်ဆံအိမ် ချိုင်းကြားညှပ် နေကာမျက်မှန်ကြီးတပ်တဲ့ ဘောစိကြီး တစ်ယောက်ပဲဖြစ်ချင်တယ်။
ညီမလေးတို့ ကိုကြီးခေါ်တိုင်း လာခဲ့ရမယ်နော် ။ မိုက်တစ်လုံးရဲ့ ဗီဇမှာ ..... ခွဲခြားမှုတွေ မပါဘူးကွဲ့ ။သံသေးသံညောင်တွေကြားမှာ ကီးအနိမ့်အမြင့်ဆိုတာ မရှိဘူးကွဲ့ ။
ငါဟာ မူးတိုင်း KTV ရောက်ရောက်သွားတယ်။ နင်က ငါ့ဖုန်းနံပတ်ကို ဘလက်လစ်ထဲ ထည့်ထားတယ်။
ဖုန်းတစ်လုံးရဲ့ Job description မှာ အချစ်ကို စောင့်ရှောက်ခြင်းဆိုတာ မပါလို့ ငါတို့ဝေးခဲ့ရပါတယ်။
၄၀။
ရောက်ရာအရပ်မှာ ပျော်ရွှင်ပါ
ရောက်ရာအရပ်မှာ အောင်မြင်ပါ
ရောက်ရာအရပ်မှာ …… ငါရှိကြောင်း သိပေးပါ....။
လွမ်းတေးချို
4:36 PM
16 Dec 2020
Comments
Post a Comment