ကျနော်နဲ့လူမျိုး
ကျနော်နဲ့လူမျိုး
“ကျနော်ဟာ ဗမာလူမျိုးဖြစ်ပါတယ်။ “
ကျနော့်စကားကို ပြုံးလျက်နားထောင်ပြီး သူ မေးခွန်းထုတ်လိုက်တယ်။
ခင်ဗျား ဗမာလူမျိုးဖြစ်ကြောင်း ကျနော်က ဘယ်လိုယုံရမလဲ။
ဒီကိစ္စက လွယ်ပါတယ် ။ တကယ့်မိုင်နာပဲ ဆိုတဲ့ အပြုံးလေး ပြုံးရင်း ဒီမှာ ကျနော့် မှတ်ပုံတင်ကဒ်ကို ကြည့်လိုက် “လူမျိုးအမည်ဆိုတာမှာ ဗမာလို့ ရေးထားတယ် “တွေ့လား ။
ဒါက လူဝင်မှုကြီးကြပ်ရေးက ရေးပေးလိုက်တာကြီးလေ။ တရုတ်တွေတောင် သူတို့ကိုင်ထားတဲ့ မှတ်ပုံတင်မှာ ဗမာလို့ ရေးထားတာ တွေ့ဖူးသဗျ။ ခင်ဗျားကဒ်မှာ ရေးထားတဲ့ ဗမာဆိုတာ ကျနော့်အတွက် ခိုင်လုံတဲ့ အကြောင်းပြချက် မဟုတ်သေးဘူးဗျ။
“ကျနော် ဗမာစကားတတ်တယ်ဗျာ၊ ဗမာစာရေးနိုင်တယ်ဗျာ။ ကဲ ဒီလောက်ဆို ကျနော် ဗမာဆိုတာ ယုံပြီလား။ “
အဲ့ဒါဆို ဟိုတစ်လောက ဆုံးသွားတဲ့ ဂျွန်အိုခဲ ဆိုတဲ့ နိုင်ငံခြားသား ဗမာစကားပညာရှင်ကို ဗမာလို့ ဆိုလို့ရမလား ။
“ဟာ အဲ့ဒါတော့ ဘယ်ရမလဲ။ “
အဲ့ဒါဆို ခင်ဗျား ဗမာဖြစ်ကြောင်း ဘယ်လို သက်သေပြလို့ ရဦးမလဲ။
“ကျနော် ဗမာ့ ယဉ်ကျေးမှုတွေကို သိတယ်။ ဗမာတွေရဲ့ အလေ့အကျင့်ကိုသိတယ်ဗျာ။ ဗမာ့ သမိုင်းကြောင်းကို သိတယ်ဗျာ။ “
ကျနော်က တခြားနိုင်ငံမှာမွေးမယ်ဗျာ ဗမာပြည်မှာ ငယ်ငယ်လေးကတည်းက နေမယ်ဗျာ။ ခင်ဗျားပြောတဲ့ ကျနော် ဗမာဖြစ်နိုင်သလား။
“အဲ့ဒါတော့ ဘယ်ဖြစ်မလဲဗျ။ “
ကဲ ခင်ဗျား ဗမာဖြစ်ကြောင်းကျနော်က ဘယ်လိုသိနိုင်မလဲ။
“ ဒီမှာကြည့် ကျနော့်ရုပ်ကိုကြည့်ဗျာ ကျနော့်ရုပ်က ဗမာရုပ်အစစ် “
ဟာဗျာ ခင်ဗျားရုပ်က ဗမာရုပ်ဆိုတာကြီးက ကျနော့်အတွက်တော့ ရယ်စရာလိုဖြစ်နေတယ်။ ဗမာရုပ်ဆိုတာ ဘယ်လိုမျိုးလဲဗျ။ ခင်ဗျားနဲ့ ရုပ်ရည်ဆင်တဲ့သူတွေ အာရှတိုက်မှာကော၊ တောင်အမေရိကတိုက်မှာပါ အများကြီးဗျ။
အမှန်အတိုင်းအတိုင်းပြောရင် ကျနော် ဆက်မဖြေနိုင်တော့ပါဘူး။ ကိုယ့်အမျိုးကိုယ် ချစ်ရမယ်ဆိုတဲ့ စကားလုံးကိုသာ အဓိပ္ပာယ် ဖော်နေမိတော့တာပါပဲ။
လွမ်းတေးချို
၂၄.၉.၂၀၂၀
Comments
Post a Comment