နေ့ညလွဲခြင်း
နေ့ညလွဲခြင်း
နှိုင်းနှိုင်းဆဆ ဆင်ခြင်တွေးတောပြီးတဲ့နောက် ပညာရှိကြီးက စကားတစ်ခွန်းမိန့်လိုက်ပါတယ်။
“ ဒီနေ့ဘာစားရမလဲ”
အိမ်မှာ လက်တိုလက်တောင်းခိုင်းဖို့ ခေါ်ထားတဲ့ ကဗျာဆရာလေး မောင်လွမ်းက သွက်သွက်လက်လက်ပဲ ရေခဲသေတ္တာထဲက လက်ကျန် အစားအသောက်စာရင်းကို ရွတ်လိုက်ပါတယ်။ အမဲသားနည်းနည်း ၊ ဘေကွန် ၊ မျှစ်ချဉ်နည်းနည်း ၊ ဗူးရွက်၊ စူကာသီး၊ သံပရာသီး ၊ .....
ရွတ်လို့ မဆုံးခင်မှာပဲ ။
“ ဟေ့ကောင် ဆက်မရွတ်နဲ့တော့ ငါနားငြီးလှပြီ။ မင်းတို့ကောင်တွေက ဘာချက်ရမလဲ ဘာပြုတ်ရမလဲဆိုတာ ကြိုမတွေးထားဘူး။ အရာအားလုံး ငါ့ချည်းပဲ အားကိုးနေတယ်။
သွား အမဲမျှစ်ချဉ်ကို တရုတ်ဆိုင်တွေမှာ ကြော်တဲ့ ပုံစံလေးအတိုင်း စင်းကောခြောက်ခြောက်ကလေးကြော် ၊ မျှစ်ချဉ်ကို ရေအကြိမ်ကြိမ်ဆေး ၊ အနံ့တအားပြင်းနေရင် ခဏလောက်ပြုတ် ဟုတ်ပြီလား။ ငါအရင်တစ်ခါ ပြထားတဲ့အတိုင်းပဲ မီးအနေတော်ထားပြီးချက် ။ ဗူးရွက်ကို အရည်လည်းသောက်လို့ရအောင် အရည်သောက်ပုံစံလေးကြော်ချက်လိုက် ။ မနက်စာ ပူပူနွေးနွေးလေး စားမယ်ကွာ။ ပြီးရင် ငါသောက်ဖို့ ရက်စ်ဘယ်ရီတီးလေး လုပ်ထားပေး ။ “
မောင်လွမ်းတစ်ယောက် ဖင်တော့ ပေါ့တယ်။ မသင်ထားရင်တော့ တလွဲလုပ်တတ်တယ်။ ကြက်မြစ်ကြက်သည်းတွေကို ချီးမဖောက်ပဲ ဒီအတိုင်း ပြုတ်ပစ်တာမျိုး ၊ ငါးဖယ်ခြစ်တွေကို အားရပါးရ ရေဆေးပစ်တာမျိုးပေါ့။
ရပါပြီ ဆရာ ။ အားလုံးအဆင်သင့်ဖြစ်ပြီ ဆိုတာနဲ့ ပညာရှိကြီးက မျက်နှာပင်သစ်တော် မမူပဲ ၊ ထမင်းဝိုင်းကို ခြေလှမ်းပြင်တော်မူတယ်။
ဆရာရယ် မျက်နှာလေး ဘာလေး သစ်ပါဦး
“ ဟေ့ကောင် ကမ္ဘာ့ကပ်ရောဂါဆိုးကြီးဖြစ်နေတဲ့အချိန်မှာ မျက်နှာမသစ်ရလို့ ဘာမှဖြစ်မသွားဘူး။ ရေလည်း ချွေတာရရောက်တယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းတယ်ဆိုတဲ့ အသိစိတ်ကလေးနဲ့ နေနေတာကို ဘာမှ မသိပဲဝင်မပြောနဲ့ကွ။ “
မောင်လွမ်းလည်း ဟုတ်ကဲ့ပါဆရာရယ် ။ ဆရာက ညစ်ပတ်တယ်ဆိုပေမယ့် သဘောတော့ ကောင်းပါတယ်။
“ဟေ့ကောင်မင်းတော့ကွာ။ လာ ။ မင်းပါ တစ်ခါတည်းလာစား။”
တပည့် ဗိုက်ဆာတာနဲ့ အရင်ကြိုစားထားလိုက်တယ် ဆရာတဲ့။
အေးပါကွာ ဒါမျိုးတော့ စိတ်ချရသား။ ရက်စ်ဘယ်ရီတီးလေး ကိုသောက် မနက် နေရောင်လေးကို ကြည့်ရင်း ဟေ့ကောင် နေက အနောက်ဖက်က ထွက်နေပါလားလို့ ဆိုလိုက်မှ။
မောင်လွမ်းကလည်း
အကွက်ဝင်လာပြီ ဆိုပြီး တစ်ခွန်းတည်းပြောလိုက်တယ်။
“ဆရာရေ နေဝင်နေပြီ မကြာခင်မိုးချုပ်တော့မယ် သိလားတဲ့ ။ “
လွမ်းတေးချို
၂၇.၉.၂၀၂၀
Comments
Post a Comment