နော်ဒီဇင်ဘာသို့...........။

 နော်ဒီဇင်ဘာသို့...........။


၁။ 


အားလုံး ဗိုက်ဆာနေကြပြီ။ ထမင်းဟင်းတွေ ချက်ထားသည်ဟုဆိုသောကြောင့် လမ်းမှာ မစားလာခဲ့ပဲ တမင်တကာ အဆာခံပြီး ကားမောင်းလာခဲ့ကြသည်။ ကိုယ်လည်း အရမ်းဆာနေပြီ။ ပန်းကန်ထဲက ဝက်သားတုံးတွေကလည်းကိုယ့်ကို လက်ယက်ခေါ်နေသလိုဖြစ်နေသည်။ ဗိုက်ဆာဆာနှင့် လက်ဆေးပြီး  အပီအပြင် စားမယ်ကြံကာ တစ်လုပ်ကယ်၀၀ မစရသေးအချိန်မှာ အပေါ်ထပ်မှ ရေကျလာသဖြင့် မိုးယိုနေတယ်ဟု ပါးစပ်က အော်လိုက်မိပြီး ရေလွတ်ရာတို့ ရှောင်လိုက်သည်။ ရေအားက တဖြည်းဖြည်းပြင်းလာသည်။ ရေလွတ်ရာကို ဖယ်ရင်း အနံ့တစ်ခုရလိုက်သည်။ 

ကျင်ငယ်နံ့ 

ဟာ ဒါဆို ရေမဟုတ်ဘူးပေါ့။ ဒီရွာမှာ မီးမရှိသေးတော့ လူတော်တော်များများက စောစော အိပ်ယာရာဝင်ကြသည်။ ညဆယ်နာရီကျော်ပြီဆိုတော့ တရေးနိုးပြီလေ၊ အိမ်အောက်မဆင်းပဲ ကြမ်းကြားကနေ ရွှေပြွန်ဆပြီး ရေသွန်ချလိုက်တဲ့သဘောပေါ့။ သို့တည်းမဟုတ် ရွှေကန်မှ ရေလျှံကျတာလည်း ဖြစ်နိုင်သေးသည်။ 

ဘေးနားက ထမင်းစားနေတဲ့သူတွေလည်း လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။ အခြေအနေကို သဘောပေါက်မိပြီး ဗြုံးခနဲ ဝါးလုံးကွဲရယ်သူတွေကရယ်၊ နှုတ်ခမ်းလေးကွေးရုံ ပြုံးတဲ့သူက ပြုံးကြသည်။ ရွာခံအဒေါ်ကြီးက မျက်စိပျက် မျက်နှာပျက်နှင့် 


ကလေးလေ ၊ ညတစ်ရေးနိုး အပေါ့သွားတာ ၊ အောက်မှာ လူရှိနေမှန်းမသိဘူး နဲ့တူတယ်။ 


သူကသာကလေးလို့ ပြောနေတာ ကလေးလည်း ဟုတ်ချင်မှ ဟုတ်မှာပါ ။ သေချာတာတော့ 

ကိုယ့်ကျောပြင်တစ်ခုလုံးတော့ ရွှဲသွားပြီ။ ကံကောင်းတာတစ်ခုက မိုးကာ ဂျက်ကက် ဖြစ်နေသောကြောင့် အထဲသို့ မစိမ့်ဝင်ပဲရှိနေသည်။ ဂျက်ကက်ကို ချွတ်လိုက်ပြီး ခုံတစ်ခုပေါ်တွင် လွှားထားလိုက်သည်။ 

ပြီးတော့ လက်ကိုသေချာဆေးသည်။ အသစ်ထပ်ခူးထားသော ထမင်းကို ဆက်စားဖြစ်သည်။ စားကောင်းပေစွ၊ ဝက်သားဟင်း၊ ကြက်သားဟင်း ၊ ကြက်သွန်နီဟင်းချို ၊ ငပိရည်ကျို နှင့် လတ်လတ်ဆတ်ဆတ် အတို့အမြုပ် အရွက်ပြုတ်များ......။ 

ထမင်းပွဲဝိုင်းထဲမှာ  သေးစိုသော အဖြစ်အပျက်ကို ပြန်ပြောင်းပြောကြ၊ အစားအသောက်တွေရဲ့ ဂုဏ်ကျေးဇူးတွေကို ချီးမွမ်းကြရင်း  ရယ်မောပျော်ရွှင်စွာ ထမင်းဝိုင်းကို အဆုံးသတ်လိုက်ကြသည်။ 

လွမ်းတေးချို ဟူသော ကဗျာဆရာလေးခဗျာ ၊ လွမ်းသေးစို ဖြစ်ချေပြီ ။ ဤကား ဒီဇင်ဘာခရီးတစ်ခု၏ ဇာတ်ဝင်ခန်းတစ်ခုပင်ဖြစ်ချေပြီ တမုံ့။ 


၂။ 


ကိုသာနဲ့ မသီရိတို့က သူတို့ခြံထဲကို အလည်လာဖို့ ပြောနေတာဖြင့် ကြာလှပြီ။ ဆုံလိုက်တိုင်း လာခဲ့မယ်လို့သာ ပြောကြပြီး မသွားဖြစ်ခဲ့ကြ။ များသောဖြင့် အဖွဲ့လိုက်စီစဉ်ထားဖြစ်သော ခရီးများသည် အထမမြောက်။  ပြီးခဲ့တဲ့နှစ် နိုဝင်ဘာတုန်းက ကျနော့အိမ်တက်ပွဲလုပ်ဖြစ်သည်။ ထုံးစံအတိုင်း လူစုံကြသည်။  ကိုသာနဲ့ မသီရိကလည်း ခြံထဲလာလည်ဖို့ ထပ်ဖိတ်သည်။ နော်ဒီဇင်ဘာလေးရှိကြောင်းပြောသည်။ နော်ဒီဇင်ဘာ ဆိုတာက မွေးထားတဲ့ဝက်ကလေးကို ပြောတာ။ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ဒီဇင်ဘာမှာ ချက်စားဖို့ ရည်ရွယ်ထားတဲ့ ဝက်ကလေးနာမည်။ 

လူတိုင်းကလည်း သွားကြမယ်ဟု အမှုမဲ့အမှတ်မဲ့ ကတိပေးကြသည်။  သတ်မှတ်ရက်နားနီးတော့ ကိုသာက သွားရေးလာရေးမပူနဲ့ ကားမလောက်လျှင် သူ့ကားတစ်စီးပါ အပိုထည့်ပေးမယ်ဟုပြောလေသည်။ အဲ့ဒါနဲ့ ဟိုလူ့ခေါ်ဒီလူ့ခေါ်နဲ့ ခရီးစဉ်လေး အစပြုဖြစ်ခဲ့သည်။ သွားဖြစ်တာက ကားသုံးစီး ။ ကိုဖြိုးကားရယ်၊ ကိုသာ့ကား ရယ် ၊ Pink ကားရယ်။ ကိုသာနှင့် မသီရိတို့က ခြံထဲမှာ ကြိုရောက်နှင့်နေပြီ။ ကိုသာ့ကားကို အင်းစိန်က ခြံတစ်ခြံမှာ သွားယူရသည်။ 

တစ်ယောက်စောင့် နှစ်ယောက်စောင့်ရင်း မိုးက တဖြည်းဖြည်းချုပ်သွားသည်။  ဇီးရိုးမိုင် ရွှေပလ္လင်မှာကားသုံးစီး ဆုံကြသည်။ ကားသုံးစီး လူက ဆယ့်တစ်ယောက် ။ ကျနော်ရယ်၊ ဇင်ဝင့် ၊ အိမို၊ ဖြိုးကြီးရယ်က တစ်စီး၊ ကိုဖြိုး၊ စွမ်ပီး ၊ စောဝဏ္ဍ နှင့် ဂျာဒင်ရယ်က တစ်စီး၊ လေးလေး၊ ငယ်ငယ်နှင့် pink တို့က တစ်စီး။ 

  သူတို့ ခြံက ရန်ကုန်မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် xxx တွင် တည်ရှိပြီး ကရင်လူမျိုးအများစု နေထိုင်ကြသည်။ ဖြေးဖြေးမှန်မှန်မောင်းလာရင်း ဟိုကိုရောက်တော့ ည ဆယ်နာရီဝန်းကျင်ရှိနေပြီဖြစ်သည်။  ကားတွေကို အမြန်လမ်းမ အနီး အိမ်တစ်အိမ်မှာ ရပ်ခဲ့ရသည်။ ကိုသာက Light truck တစ်စီးနှင့်လာကြိုသည်။ ဦးစောဆေးဝါးကိုပါ တွေ့လိုက်ရသဖြင့် ကျွန်တော်အံ့ဩသွားသည်။ အော် ကိုသာတို့ခြံက ဦးစောဆေးဝါးတို့ ရွာမှာ ဝယ်ထားတာပါလား။ ဦးစောဆေးဝါးက ကျနော့်အရင်အလုပ်က လုံခြုံရေးဦးလေးကြီးဖြစ်သည်။ ရိုးသည် အေးသည်၊ အလုပ်ကြိုးစားသည်။ ကျနော်တို့လာမည်ပြော၍ ခွင့်ယူပြီး ရောက်နေတာဟု ပြောသဖြင့် ၊ ကြိုသိခဲ့ရင်ကောင်းမှာပဲ ၊ လက်ဆောင်လေးတစ်ခုခု ဝယ်ခဲ့လို့ရတာပေါ့ဟု တွေးမိသေးသည်။ 

ရွာထဲကို ရောက်ဖို့ ဆယ်မိနစ် ၊ ဆယ့်ငါးမိနစ်လောက် အမြန်လမ်းမှ မောင်းရသည်။  ကားပေါ်မှာ စကြနောက်ကြရင်း ကျနော်တို့ပြောမိတဲ့အကြောင်းက နော်ဒီဇင်ဘာ .....။ 

သူတို့ ခြံထဲမရောက်ခင် ရွာထဲက အိမ်တစ်အိမ်တွင် စားသောက်ဖို့ စီစဉ်ထားသည်။ 

အိမ်က ခြေတံရှည်အိမ်ကလေး ၊ အောက်ထပ်မှာ စားပွဲနှစ်ခုချထားသည်။  ကားပေါ်က ဆင်းဆင်းချင်း ဂျာဒင်တစ်ယောက်က တောင်ကြည့်မြောက်ကြည့်ရင်း တစ်ခွန်းတည်းမေးလိုက်သည်။ နော် ဂရေ့စ်က ဘယ်တော့ စားရမှာလဲတဲ့။ အားလုံးဝိုင်းကျသွားသည်။ နော်ဂရေ့စ်ဆိုတာ ကိုသာနဲ့ မသီရိတို့ရဲ့ သမီး ၊ ဂျာဒင်က နော်ဒီဇင်ဘာနဲ့ မှားပြီးပြောတာ။ ပြီးမှ ဆောရီးနော်ဆိုပြီး မျက်နှာတွေပူလို့ပေါ့။ လွဲလည်း လွဲတတ်တဲ့ ဂျာဒင်။ ကျနော်က ဂျာဒင်ကို ဘာထင်နေသလဲဆိုပြီး ကာရန်လိုက်ကာ စလေ့ရှိသည်။ 

ကားပေါ်မှာ အိတ်တွေ တင်ထားခဲ့ပြီး ထမင်းစားပွဲများတွင် အလျင်အမြန်နေရာယူလိုက်ကြသည်။ ထမင်းစားချိန်အတွင်း အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း အကျွန်ုပ်မှာ ရှူးရှူးပန်းခံလိုက်ရသည်။ စားသောက်ပြီးသောအခါ ကားပေါ်မှ ပစ္စည်းများကို ယူပြီး ခြံထဲသို့ လမ်းလျှောက်သွားကြသည်။ ဆယ်မိနစ်ခန့်လမ်းလျှောက်ပြီးသောအခါ ခြံထဲသို့ရောက်သည်။ ဧကများစွာကျယ်ဝန်းသော ခြံဝန်းတွင် အဆုံးမသတ်နိုင်သေးသော ကိစ္စဝိစ္စများနှင့် ပြည့်နှက်နေသေးသည်။ ဆောက်လုပ်ပြီးခါစ ဝါးစားပွဲ၊ ဝါးခုံရှည်များသည် ဗမာဇာတ်ကားထဲတွင် တွေ့ရလေ့ရှိသော သူပုန်စခန်းတစ်ခုနှင့်တောင် တူနေသေးသည်။ ဝါးစားပွဲအနီးတွင်  မီးပုံပွဲလုပ်ဖို့ စီစဉ်ထားသည်။ 

အိပ်ရမည့် နေရကတော့ ဆောက်လက်စ Recycle  ပစ္စည်းတွေကိုသုံးထားတဲ့ တစ်ထပ်အိမ်လေး၊ အမိုးတော့ကာပြီးပြီ၊ သံမံတလင်းခင်းထားပြီး တာလပတ်စများ ၊ ကော်ဇောများ ခင်းထားသည်။ အိမ်နံရံကတော့ လေးငါးပေလောက်ပဲ တက်ရသေးသည်။သစ်ပင်ပင်စည်တွေကို စဉ်းနှီးတုံးတွေအဝိုင်းတွေလိုဖြတ်ပြီး ဘိလပ်မြေနဲ့  အိမ်နံရံဆောက်ထားတာ၊ အလန်းဗျ။   ပစ္စည်းများကို နေရာချပြီး သောက်ဝိုင်းလေးတစ်ခု ပြင်ဆင်ကြသည်။ မီးပုံပွဲလုပ်ရန် စီစဉ်ထားသော နေရာသို့ မသွားတော့ပဲ အိမ်နားမှာပဲ မီးဖိုလိုက်ကြသည်။ ကိုသာ နှင့် စွမ်ပီးက ဂစ်တာတီးပြီး လေးလေးက တယောထိုးသည်။ သီချင်းဆိုတဲ့သူကဆို အရက်စပ်တဲ့သူက စပ်၊ ဝိုင်ပုလင်းဖောက်တဲ့သူကဖောက်နှင့် ကိုသာတို့ရဲ့ ဆောက်လက်စ အိမ်ကလေး အသက်ဝင်လာသည်။ ရှေးဟောင်းနှောင်းဖြစ်တွေပြောကြသည်။ ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင် ညနေခင်းတစ်ခုကို ဖြတ်သန်းကြသည်။ လတ်လတ်ဆတ်ဆတ် ငါးကင်တွေနဲ့ အမြည်းလုပ်ရသည်။  နှစ်နာရီလောက် သောက်စား ၊သီချင်းဆို၊ စကားပြောကြပြီးတော့ အိပ်ရာခင်းပြင်သူတွေကပြင်ကြသည်။ ကျနော်တို့ လင်မယားက ခြင်ကိုက်မှာစိုးသောကြောင့် နှစ်ယောက်အိပ် ခေါက်ခြင်ထောင် အပန်းရောင်ကြီးသယ်လာသည်။ တောထဲတောင်ထဲတွင် အပန်းရောင်ခြင်ထောင်ကြီးဟီးလို့ဆိုတော့ အားလုံးက ဝိုင်းရယ်ကြသည်။ မင်္ဂလာဆောင် ခြင်ထောင်ကြီးဟု စကြသည်။ အိပ်တဲ့သူတွေက စအိပ်ကြပြီ။ ကျနော်လည်း အိပ်ယာဝင်ခဲ့သည်။ ခက်တာ လေတဖြူးဖြူးနှင့်ဆိုတော့ ချမ်းလာသည်။ ကော်ဇော ခင်းထားပေမယ့် သံမံတလင်းမှာဆိုတော့ အအေးဓာတ်က စိမ့်ဝင်နေသည်။ အဲ့ဒါနဲ့ ကျနော်လည်း သေးစိုဂျက်ကက် အင်္ကျီကြီးကို ပြန်ဝတ်သည်။ ဇင်ဝင့်နှင့် စောင်တစ်ထည်တည်း ခြုံတာဆိုတော့ သူက အနံ့မခံနိုင်၊ ကျနော်ကလည်း ချမ်းဆိုတော့ အင်္ကျီကို ဆက်ဝတ်ပေါ့။ တချို့ သူတွေ အိပ်ရာဝင်ခဲ့ပေယ့် တချို့ သူတွေကတော့ စကားဝိုင်းကို ဆက်ဆဲပေါ့။ အဲ့ဒီမှာ ဘာဆက်ဖြစ်သလဲဆိုတော့..............။


၃။

အေးကလည်းအေးဆိုတော့ တော်တော်နဲ့ အိပ်မပျော်ပါဘူး။ သေးနံ့ကလည်း နံတာကိုး။ အဲ့ဒါနဲ့ စကားဝိုင်းက အသံတွေကို ကြားနေရသေးသည်။ 

ပြောဖို့မေ့နေတာက ရွာထဲက သူတွေလည်း ကျနော်တို့နားမှာရှိနေကြသည်။ သူတို့တွေက အိမ်အပြင်ဖက်မှာ မီးဖိုးရင်း ငါးတွေကင်ပေးသည်။ သူတို့လည်း ဂစ်တာတစ်လက်နှင့် တီးဆိုနေတာကြောင့် အိမ်ထဲကနေ သီချင်းသံ သဲ့သဲ့ကြားနေရသည်။ ငယ်ငယ်မက သူတို့နှင့်သွားကာ မီးသွားလှုံသည် ။ ဂစ်တာတီးပြီးသီချင်းလည်း ဆိုသေးသည်။  နောက်တော့ အိမ်ထဲပြန်ဝင်လာသည်။  နောက်တော့ အပြင်ဝိုင်းမှ ရွာခံ ဖထီးတစ်ယောက်က ကျနော်တို့ဝိုင်းထဲရောက်လာသည်။ သူ့အလုပ်ကို ပြောပြသည်။သူ့အလုပ်က မုဆိုး ။   ဦးစောဆေးဝါးဆီလာလည်ရင်း ကျနော်တို့ ရုံးကို အလည်ရောက်ဖူးကြောင်းပြောသည်။ ဖြိုးကြီးကို ခင်ဗျား ကျနော့်ကို မှတ်မိတယ် မဟုတ်လားဟု အကြိမ်ကြိမ်မေး ၊ ဖြိုးကြီးကလည်း မှတ်မိတဲ့အကြောင်း အကြိမ်ကြိမ်ပြောပေါ့။ တစ်ခါတစ်လေ ရေချိန်မှန်နေတဲ့ လူတစ်ယောက်ဟာ စကားတစ်ခွန်းကို လိုတာထက် ပိုပြီးပြောတတ်ကြောင်းကို ကျနော်တို့အားလုံးအသိပဲလေ။ စကားတစ်ခွန်းကို အကြိမ်ကြိမ်ပြောတဲ့ ဖထီးကို ကိုဖြိုးက နောက်သည်။  ဖြိုးကြီးကို အိမ်ခေါ်ပြန်သွားပါလား ။ သူလည်း လိုက်နေချင်တာ ဘာညာဆိုပြီး ထိုင်ကြပ်သည်။ ဟိုကလည်း ခေါ်သွားမယ် လိုက်ခဲ့ပေါ့ ။ ဖြိုးကြီးကလည်း ဘာသိလိုက်ဘာသာ နေလိုက် ၊ မယုတ်မလွန်လေးပြောလိုက်နဲ့ စကားဝိုင်းက ဘယ်ကိုမှမရောက်ပဲ ဖြစ်တော့သည်။ 

ကျနော်တို့အိပ်တဲ့ အိမ်နှင့် မလှမ်းမကမ်းတွင်  နော်ဒီဇင်ဘာလေးကို ကြိုးချည်ထားသည်။ နောက်ရက်ကျရင် အဲ့ဒီဝက်မလေးကို ပေါ်တော့မှာ။ ပေါ်တယ်ဆိုတာက သတ်ပြီးစားမှာကိုပြောခြင်းဖြစ်သည်။ ယင်းအချိန်တွင် စွမ်ပီးက ချင်းတောင်တွင် ဝက်ဘယ်လိုသတ်ကြောင်း ဓားတောင် မလိုကြောင်း ၊ ပေါက်တူးတစ်လက်ဖြင့်သာ တစ်ချက်တည်း ရိုက်သတ်ခြင်း ဖြစ်ကြောင်း ပြောသည်။ 

ဖထီးကလည်း ဟုတ်ပြီ သွားရအောင် ပေါက်တူးနဲ့ တစ်ချက်တည်း ဝက်သတ်ရအောင်ဆိုပြီး စွမ်ပီးကို ခေါ်ပြီး သူတို့နှစ်ယောက်ထွက်သွားသည်။ 

တော်တော်လေးကြာအောင်ပျောက်သွားသည်။ ဘယ်ကိုရောက်သွားမှန်းတော့ မသိရ။ 

နောက်တော့ စွမ်ပီးနှင့် ဖထီးပြန်ရောက်လာသည်။ ပေါက်တူးလိုက်ရှာတာ တစ်ခြံလုံးနှံ့သွားသော်လည်း ပေါက်တူးဟူ၍ စိုးစဉ်းမျှ မတွေ့ဟုဆိုကြသည်။ နှစ်ယောက်လုံးက မတွေ့အောင်ရှာတာလား ၊ တကယ်ရှာမတွေ့တာလား ဆိုတာကတော့ သူတို့ပဲ သိမည်ဖြစ်သည်။ 

ပြန်ရောက်လာသော်လည်း စကားစက မပြတ်ပဲ တစ်နေရာတည်းမှာပဲ တဝဲဝဲလည်နေကြသည်။ နောက်ဆုံးတော့ ဖထီး၏ ဓာတ်မီးမှ ဓာတ်ခဲတွေကို ဖြုတ်ယူပြီး တစ်ယောက်ယောက်က မီးပုံထဲ ပစ်ထည့်လိုက်သည်ဟု သိရသည်။ ဘာဆက်ဖြစ်မှန်း ကျနော်လည်း မသိတော့။ 

ကျနော်လည်း မှေးခနဲအိပ်ပျော်သွားပြီး နိုးလာသောအချိန်တွင်ကား မိုးစင်စင်လင်းနေချေပြီ။ 



၎။ 

မနက်လင်းတော့ မျက်နှာသစ်တဲ့သူကသစ် ၊ အပေါ့အလေးသွားသူတွေကသွား၊ ဆက်အိပ်နေသော သူတွေကလည်း အိပ်ယာနှင့် ခန္ဒာကိုယ်ကို ကော်နှင့်ကပ်ထားသကဲ့သို့ တုပ်တုပ်မျှပင် မလှုပ်ကြ။ ဒါပေသိ နေက မြင့်လာတော့ မထချင်လည်း ထနေကြရပြီ။ 

ဖြိုးကြီးနှင့် ကိုဖြိုးတို့ကတော့ မအိပ်ရသေးဟု ဆိုကြသည်။ စွမ်ပြီးကတော့ ကိုးရီးယားက သယ်ပြန်လာသော အနွေးအိတ်ကလေးများကို ချိုင်းကြားညှပ်ကာ ခွေခွေလေးအိပ်နေသည်။ နောက်တော့ သူနိုးလာသည်။ 

သူနိုးလာတော့ မနေ့ညက အဖြစ်အပျက်ကို ဇာတ်စုံခင်းပြသည်။ ကရင်နှင့် ချင်းဆိုတာ ညီအကိုတွေပင် ဖြစ်သည့် အကြောင်း၊ တောင်ပေါ်ဒေသမှာ ဝက်သတ်ရာတွင် ပေါက်တူးတစ်လက်သာလိုသည့် အကြောင်း၊ တစ်ချက်တည်းနှင့် အသေသတ်ကြောင်း ၊ သူနှင့် ဖထီး ခြံထဲတွင် ပတ်လျှောက်ရင်း ပေါက်တူးလိုက်ရှာရာ မတွေ့ ကြောင်း ၊ တွေ့ပါက နော်ဒီဇင်ဘာလေး မှာ ညကပင် နိတ္ထိတံ သွားမည်ဖြစ်ကြောင်းကို အိပ်ရာနိုးလာသောသူများအား အစမှ အဆုံး အကြိမ်ပေါင်းများစွာ ဇာတ်စုံခင်းပြလေတော့သည်။  

ပထမအကြိမ်တွေ လူတွေက အားရပါးရ ရယ်မောကြသော်လည်း အကြိမ်ကြိမ်ပြောသောအခါ ရယ်စရာပင်ဖြစ်လင့်ကစား ရယ်စရာမကောင်းတော့သည် မဟုတ်ပါလား။ မျက်နှာမသစ်မီ သစ်ပင်နှင့် တွဲလျက် ကြိုးချည်ထားသော နော်ဒီဇင်ဘာလေးကို တကူးတက သွားကြည့်လိုက်သေးသည်။ သေခါနီး ဝက်တစ်ကောင်၏ မျက်နှာကို ငေးကြည့်မိသည်။ စိတ်ထဲတောင် ဝမ်းနည်းသလိုဖြစ်သွားသည်။ 

ကိုသာတို့ ခြံထဲတွင် နောက်ထပ် အိပ်တစ်လုံးရှိသေးသည်။ ထိုအိမ်မှာ ခြံစောင့်မိသားစုနေဖို့ ဆောက်ထားပုံရသည်။ အဲ့ဒီနေအိမ်မှာပဲ ကျနော်တို့ မနက်စာစားကြသည်။ မှတ်မှတ်ရရ မျောက်ချေးခါးနှင့် အမဲရိုးဟင်း .....။ ဘ၀မှာ ပထမဆုံးအကြိမ် စားဖူးသော မျောက်ချေးခါးဟင်းဖြစ်ပြီး ကျနော်တော်တော် ကြိုက်သည်။ 

ခြံထဲတွင်း ငါးကန်လည်း ရှိသောကြောင့် ငါးတော်တော်များများကို ရသည်။ မနက်စာ ထမင်းပူပူလေးကို မျောက်ချေးခါး ၊ ငါးပေါင်းစုံ အကောင်လိုက်ကြော် နှင့် စား၊ ရေနွေးကလေးသောက်ကာ ကျေးလက်စည်းစိမ်ကို အပြည့်အ၀ ခံယူနေမိသည်။ 

နောက်တော့ ခြံထဲကို ပတ်ကြည့်ကြသည်။ ခြံထဲက စိုက်ခင်းများကိုကြည့်သည်။ တူးထားသော ငါးကန်ကို သွားကြည့်ကြသည်။ စူးစူးဝါးဝါး အသံတစ်သံကြားလိုက်သည်။ စိတ်ထဲတွင် ထင့်ခနဲ သိလိုက်ပြီ။ နော်ဒီဇင်ဘာရဲ့ နောက်ဆုံးထွက်သက် ။ 

ထို့နောက် ဓာတ်ပုံတွေ ရိုက်ကြသည်။ ဝါးစားပွဲတွင် ထိုင်ကာလေပစ်ကြသည်။ အမှန်တော့ ကိုသာတို့ ဆုတောင်းပွဲက ဒီနေ့မှဖြစ်သည်။ ကျနော်တို့က တစ်ရက်ကြိုရောက်နေသည်သာ။  မြို့မှ ဧည့်သည်များ၊ ဆွေမျိုးများက ဒီနေ့မှ ခြံထဲလာကြမည်ဖြစ်သည်။ ညနေထိ နေဖို့ပြောသော်လည်း နေ့လည်စာ မစားမီပြန်ကြဖို့ အားလုံးဆုံးဖြတ်လိုက်ကြသည်။ နော်ဒီဇင်ဘာ အကြောင်းတဖွဖွပြောလာခဲ့ကြသော် လည်း နော်ဒီဇင်ဘာ အသားကိုတော့ မစားဖြစ်ခဲ့ကြ။ 

ပြန်ဖို့ ပြင်ဆင် ၊ အထုပ်တွေသိမ်းကာ ဝါးစားပွဲဆီ အထုပ်များသည်လာခဲ့ကြပြီး စကားတွေ ဖောင်ဖွဲ့ပြောကြသည်။ ဂစ်တာတီးကြသည်။ လိမ္မော်သီးတွေ စားကြသည်။  ပြောမယ့်သာပြောရသာ လူတွေက အိပ်ရေးမ၀ကြဘူးဆိုတော့ အားပြတ်နေကြပြီ။ နုံးနေကြပြီ။ 

မြို့က ဧည့်သည်တွေ၊ ဆွေမျိုးတွေလည်း ရောက်လာတော့ ကျနော်တို့  ဝါးစားပွဲမှ နေရာဖယ်ပေးကြသည်။  စကားနည်းနည်းပြောပြီးသည်နှင့် ပြန်ဖို့ ပြင်ဆင်ကြသည်။ light truck ကားပေါ် ပစ္စည်းတွေတင်ကြသည်။ ပစ္စည်းတွေတင်ပြီးတော့ ဗိုက်ကအနည်းငယ် ပြန်ဆာလာပြီ။ ဖြိုးကြီးက ငပိရည်ကျိုဖြင့် နယ်ထားသော ထမင်းတစ်ဇလုံ သယ်လာသည်။ အားလုံဝိုင်းစားလိုက်ကြသေးသည်။ သွားခါနီးမှ ရွာနီးနားတစ်ဝိုက်မှာ သီတင်းသုံးသော ကျောင်းထိုင်ဘုန်းကြီးတစ်ပါးကြွလာသည်။ ဦးစောဆေးဝါးကလည်း  သင်တန်းပေးသော ဆရာများလာမည်ဟု ဘုန်းကြီးကို ပြောထား၍ စကားပြောပေးဖို့ ပြောသည်ကတစ်ကြောင်း၊ ကိုသာက ကျနော့်ကို ညီအကို ၊ ခဏနေပေးဦး ဘုန်းကြီးနဲ့ စကားပြောပေးဦးဟု ဆိုသောကြောင့် ကျနော်လည်း ဘုန်းကြီးဝိုင်းတွင် အလိုက်သင့် ဝင်ထိုင်ရင်း ထွေရာလေးပါးဝင်ပြောမိတော့သည်။ ဘုန်းကြီးက ဘုန်းတော်ကြီး ပညာသင်ကျောင်းဖွင့်ထားသည်။ ကိုသာကလည်း ဂေဟဟိတမှရေးဆွဲထားသော ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ သင်တန်းလေးတစ်ခုကို မိတ်ဆက်ပေးလိုသည်။ စကားဝိုင်းထဲမှာ မျှောနေရင်း ပြန်မည့်သူများက  မြန်မြန်လုပ်သွားတော့မယ်ဟု မျက်နှာရိပ်မျက်နှာကဲ ပြနေကြပြီဖြစ်သည်။ နောက်တော့ စကားဝိုင်းထဲမှ မသိမသာ ထွက်ခဲ့လိုက်သည်။ 

သော်ကြီးက light truck က ဖုန်ထတယ်ဆိုပြီး အခြားကားတစ်စီးဖြင့်လိုက်ပို့ဖို့ စီစဉ်သည်။ အဲ့ဒါနဲ့

အထုပ်တွေကို နောက်ထပ်ကားတစ်စီးဆီသို့ ရွှေ့ ရပြန်ပြီ။ 

ဒီလိုနဲ့ တစ်ယောက်တစ်ပေါက်ရောက်ရာပေါက်ရာတွေ ပြောကြရင်း  ညက ကားရပ်ထားသော နေရာသို့ ရောက်လာကြသည်။ သေချာကြည့်လိုက်တော့မှ ကျနော်တို့ ကားရပ်ခဲ့တဲ့နေရာက အင်ပင်တွေ ၊ ကျွန်းပင်တွေ အများကြီးရှိနေသော ခြံဖြစ်သည်။ 

အမြန်လမ်းမပေါ်ရောက်ပြီ။ တစ်မိနစ် ကီလို တစ်ရာကျော်နှုန်းဖြင့် မောင်းပြီး ဖမ်းမည့် ယာဉ်ထိမ်းရဲများ ရှိလေမလားဟု ကျီးကန်း တောင်းမှောက် လမ်းဘေးဝဲယာသို့ ကြည့်နေမိသည်။ ယင်းနောက်  ယာဉ်ရပ်နားစခန်းတစ်ခုတွင် နေ့လယ်စာစား ကြသည်။ ထို့နောက်........ကားပေါ်ပြန်တက်....... စက်နှိုး....

လီဗာကို ခပ်ပြင်းပြင်းနင်း …..စကားတွေဖောင်ဖွဲ့ရင်း...... ကားများကြပ်သော........ ပူလောင်လောင် ရန်ကုန်ဆောင်းဆီသို့ .........။  


#လွမ်းတေးချို

4 December 2020


Comments

Popular posts from this blog

စာဟောဆရာ

ပညာရှိအယောင်ဆောင်တုန်းက ကိုယ့်သီဝရီ က ကဗျာကိုဖျက်ဆီး

ပန်းကလေးနဲ့ ကျနော်