ဈေးဝယ်ခြင်းအမှု နှင့် ပဲပြုတ်
ဈေးဝယ်ခြင်းအမှု နှင့် ပဲပြုတ်
အထုပ်တွေ အပိုးတွေနဲ့ မောင်လွမ်းတစ်ယောက် အိမ်ပေါ်တက်လာတယ်။
အိမ်တံခါးကို ဖွင့်ဝင်လိုက်ပြီး လက်ထဲမှ အထုပ်တွေကို တံခါးဝမှာတင် ချထားလိုက်တယ်။ ပြီးတော့ သူ့အိတ်ထဲက လက်ဆေးဂျယ်ဘူးလေးကို ထုတ်ပြီး လက်မှာဖြန်းပြီး လက်နှစ်ဖက်ကို ပွတ်လိုက်တယ်။
“မင်းဟာက ဈေးတစ်ဈေးလုံး အိမ်သယ်လာတာလား” ဟုမေးလိုက်တော့
ဈေးထဲမှာ လူတွေ ပီးနစ် ဘိုင်းရင်း လုပ်နေကြလို့ ကြိတ်ကြိတ်တိုးပဲ ဆရာသမားရေ ။
“ဟနေပါဦးဟ ပီးနစ်ဘိုင်းရင်းလို့ အသံမထွက်ရဘူး ပဲနစ်လို့ဖတ်ဟ ပီးနစ်ဆိုတာ ယောကျာ်းအင်္ဂါကို ပြောတာဟု အသံထွက်အမှန်ကိုပြင်ပေးရသေးတယ်။ “
ဆရာသမားကလည်း တပည့်က အဲ့ဒါလောက်တော့ သိပါတယ်။ အခု ဖေ့ဘုခ်ပေါ်မှာ လူတွေက ပီးနစ်ဘိုင်းရင်းဆိုပြီး နောက်နေကြလို့ ကိုယ့်ဆရာကို အပ်ပဒိတ် ဖြစ်လောက်တယ်ထင်ပြီး အဲ့ဒီအသုံးအနှုန်းနဲ့ နောက်ပြီးသုံးလိုက်တာ။
“အော် ခေတ်ကာလ သားသမီးတွေများ တယ်နောက်ကြသကိုး။
အေးလေ ဆိုစမ်းပါဦး ဈေးထဲက လူတွေရဲ့ အခြေအနေ “
ထုံးစံအတိုင်းပေါ့ ဆရာသမားရယ် ကျန်းမာရေး အသိကအားနည်း ၊ ဝမ်းရေးအတွက်လည်း ခက်နေကြတာဆိုတော့ မက်စ်တွေတပ်တာဆိုလို့ လူလေးနည်းနည်းပဲ ရှိတယ်။ တချို့ ဈေးသည်တွေဆို မက်စ်တပ်ပြီး မေးစေ့မှာ ချိတ်ထားသဗျာ။ အသက်ရှုကြပ်လို့ ဆိုပဲ ။ ခပ်ခွာခွာသာနေဖို့ စဉ်းစားရင် စဉ်းစားရင်းသာ ပျံလွန်တော်မူတော်မယ့်အဖြစ်ဗျ။ နှစ်ပေတောင် ခွာဖို့ မလွယ်လှဘူးရယ်။
“နေပါဦးမင်းက ဈေးအကြောင်းသာပြောနေတာ မင်းအိတ်တွေက စီးတီးမတ် ကြွတ်ကြွတ်အိတ်တွေ ပါနေပါရောလား “
ဒီလို ဆရာရဲ့ ဈေးထဲကို သွားဖို့ ရည်ရွယ်တာမဟုတ်ဘူး။ အရင်သွားခဲ့တာက စီးတီးမတ် ၊ စီးတီးမတ်မှာတော့ မတ်စ်မပါရင်ပေးမဝင်ဘူးဗျ။ လူရှင်းလောက်မယ့်အချိန်ရွေးသွားမှ ရွာဘုရားပွဲထပ်တောင် လူစည်သေးသဗျာ။ ပစ္စည်းတင်တဲ့လှည်းနဲ့ ခြောက်ပေခွာဖို့ စဉ်းစားနေတာ၊ နင်ဂျာခြေလှမ်းတွေနဲ့ နှစ်ပါးသွားနေရတာနဲ့ ဆရာမှာလိုက်တဲ့ ဘီယာလေးတောင် ပါမလာခဲ့ဘူး။
“ဟေ့ကောင် မင်းဟာက အထုပ်တွေ အများကြီးဝယ်ခဲ့ပြီး ငါ့ဘီယာကြတော့ မပါတော့ ဘာတွေများဝယ်ခဲ့သတုန်း”
နှစ်ပတ်စာ စားဖို့ ချင့်ပြီးဝယ်ခဲ့တာပဲ ဆရာရေ။ အသားအစုံပါတယ်၊ အရွက်နည်းနည်းပါတယ်။ ပဲနီလေးပါတယ်။ အသီးနည်းနည်းပါတယ်။ အဝတ်လျှော် ဆပ်ပြာရည်၊ ဒက်တော၊ ခရမ်းချဉ်သီးနည်းနည်းရယ် ၊ ကျန်တာက ကျနော်စားဖို့ မုန့်တွေရယ်၊ ဆရာ့အတွက် အမြည်းတွေရယ်၊ ထွေလီကာလီပေါ့ဗျာ။
ဆရာသောက်နေကြ ဘားဘရစ် ဘီယာကိုလည်း ဖေ့ဘွတ်ကနေ အိမ်တိုင်ယာရောက်မှာခဲ့ပြီးပါပြီ။
ဆရာပြောသလို မာတီတက်စကင်း လုပ်ရတာပါပဲလို့ ပြောပြောဆိုဆိုနဲ့ ဝယ်လာတဲ့ ပစ္စည်းတွေကို ရေခဲသေတ္တာထဲ စီထည့်နေလေရဲ့ ။ မောင်လွမ်းက စကားကို ဆက်ပြောတယ်။
လမ်းထိပ်မှာလည်း ဆိုင်းဘုတ်ကြီးနဲ့ ကားများနယ်ကျော်သွားခွင့်မရှိဆိုပြီးရေးထားသေးသဗျ။ ဈေးဝယ်ရင် တစ်အိမ်တစ်ယောက်ပဲသွားရမယ်။ ဆေးရုံဆေးခန်းဆို နှစ်ယောက်သွားလို့ ရတဲ့ဗျ။
“နေပါဦး ဘယ်လိုဖြစ်ပြီး ဈေးထဲရောက်သွားတာလည်းပြောဦး။”
စတေးဟုမ်းကာလမှာ ဆရာသမားအတွက် မုန့်ဟင်းခါးလေးချက်ကျွေးမလို့ ငှက်ပျောအူရယ်၊ ဘုရားပန်းရယ်၊ မနက်ဖြန် မနက်စားဖို့ ပဲပြုတ်ရယ်သွားဝယ်တာပဲ ဆရာရေ့ ။
ဘယ်လောက်ပဲ ခေတ်ပြောင်းပြောင်း ပဲပြုတ်ကိုတော့ စီးတီးမတ်က တင်မရောင်းသေးဘူးဆရာရေ့ ဆိုပြီး မောင်လွမ်းတစ်ယောက် ရေအိမ်ထဲဝင်သွားလေရဲ့ ။
အဲ့ဒါနဲ့ ကျုပ်လည်း သူ့စကားလေးကို သဘောကျလို့ ပြန်ရွတ်ကြည့်တယ်။
“ဘယ်လောက်ပဲ ခေတ်ပြောင်းပြောင်း ပဲပြုတ်ကိုတော့ စီးတီးမတ်က တင်မရောင်းဘူးဆိုပါ့လား။”
လွမ်းတေးချို
၂၇.၉.၂၀၂၀
၁၁ နာရီ ၁၈ မိနစ် ( ညပိုင်း)
Comments
Post a Comment