ထရော်မာများ ရီဗျူး
ပါပီယွန်ရဲ့  ဒုတိယ စာအုပ်ဖြစ်တဲ့ ထရော်မာများကို ဖတ်ဖြစ်တယ်။ ပထမ စာအုပ်ဖတ်ပြီးတဲ့အချိန်မှာ ကိုယ်ကိုယ်တိုင်ပဲ ဇာတ်ကောင်ဖြစ်သွားသလို ခံစားရတဲ့ ခံစားချက်မျိုးရခဲ့တယ်။ တောင်ပေါ်မြို့ လေးတစ်မြို့  ဆေးသုံး ၊ ဖဲကစား ၊ ထစ်ခနဲဆို ရန်ဖြတ်တတ်တဲ့ကောင်လေး တစ်ယောက်နေရာမှာ ကိုယ်တိုင်ဝင်ခံစားကြည့်ဖို့ ကျနော့်လိုတောင်ပေါ်သားတစ်ယောက်အနေနဲ့ သိပ်ခက်ခဲလှတာ မဟုတ်ဘူးလေ ။ သူ့ဇာတ်လမ်းက နယ်မြို့ လေးမှာတင်မဟုတ်ဘူး ။ တခြားနိုင်ငံတွေ ရောက်သွားတယ်။ ဥရောပ နိုင်ငံ တွေဖြစ်မယ် ။ အင်္ဂလန်လို့လည်း ရေးတာ တွေ့ခဲ့တယ်။ အင်္ဂလန်ကို ကိုယ်မရောက်ဖူးပေမယ့် ဥရောပက နိုင်ငံတချို့ ကို ရောက်ဖူးနေတော့ သူပြောပြတဲ့ မြင်ကွင်းမျိုးကို ပုံဖော်ပစ်လိုက်လို့ ရတာပေါ့ ။ ဟိုးငယ်ငယ်တုန်းက တက္ကသိုလ်ဘုန်းနိုင် ၀တ္ထုထဲမှာ ကိုယ်နေတဲ့ စောစီဆိုတဲ့ ရွာလေးနာမည်ပါတာတောင် ကိုယ့်မှာ ရင်ခုန်လို့ဆုံးတာမဟုတ်ဘူး ။ ဖတ်ရတဲ့စာထဲမှာ ကိုယ်သိတဲ့နေရာ ၊ ကိုယ်ရောက်ဖူးတဲ့နေရာ ၊ ကိုယ်သိတဲ့သူ ၊ ကိုယ့်နဲ့စပ်ဆိုင်တဲ့ သူတွေ ပါနေရင် ဘာမှမဆိုင်ပဲ နဲ့ကို ကျနော်က ပျော်နေတာ ။ ပြောချင်တာ လိုရင်းကိုမရောက်တော့ဘူး ။
ဒီစာအုပ်ကို ကို လက်ဆောင်မရဘူး ။ အဲလေ မသိရင် စာအုပ်တွေအားလုံးကိုပဲ လက်ဆောင်ရသလိုလို ဘာလိုလိုပေါ့ ။ ပထမစာအုပ်လည်း လက်ဆောင် မရဘူး ။ မသိရင် စာအုပ်တိုက်ပိုက်ရှင်ကိုပဲ စောင်းရေးသလိုလို ဖြစ်နေဦးမယ်။ ဆိုလိုချင်တာက ကိုယ့်ဘာသာဝယ်ဖတ်တာလို့ ။ ပိတ်သတ် အစစ်အမှန်ပါလို့ ပြောချင်တဲ့အပြင် လက်ဆောင်ပေးသူမျက်နှာလိုက်ပြီး စာအုပ်ကောင်းကြောင်းထိုင်ရေးနေတာ မဟုတ်ဘူးလို့ ငြင်းချက်ထိုင်ထုတ်နေတဲ့သဘောပါ ။ အခုစာအုပ်မှာ ဆရာ ကြူးနှစ်က အမှာစာ ရေးထားတယ်။ သူကတော့ ပါပီယွန်ကို ကမ္ဘာဦးခေတ်က မီးပုံပွဲတွေမှာ ၀ိုင်းထိုင်ပြီး အမဲလိုက်ပုံပြင်တွေ အကြောင်း ၊ ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်တွေအကြောင်းပြောကြတဲ့ အခန်းကို စရေးထားတယ်။ အမှာစာနဲ့ ဘယ်လိုများချိတ်ဆက်သလဲဆိုတော့ ပါပီယွန်ဆိုတာ အဲ့သလို ပုံပြင်ပြောသူကြီးပါတဲ့ ။ ဟုတ်လည်းဟုတ်ပါတယ် ပါပီယွန်ဟာ သူ့ဘ၀ရဲ့  စာမျက်နှာတွေကို တစ်ရွက်ချင်းလှန်ဖတ်သွားလိုက် ၊ ကျော်ဖတ်သွားလိုက်နဲ့ ပြောပြနေခဲ့တာပါ ။ သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဝိုင်းတွေမှာ ၊အရက်ဝိုင်းတွေမှာ စကားပြောသလိုမျိုးပေါ့ပေါ့ပါးစကားပြောသလိုမျိုး စာရေးတတ်တဲ့ ပါပီယွန်လို စာရေးသူမျိုး ရှာမှ ရှားပါဘိခြင်း လို့ ဆရာကြူးနှစ်က သုံးသပ်သွားသည်။ သူ့စာတွေဟာ မှတ်တမ်းမှတ်ရာဆန်တယ် ၊ ပုံတိုပတ်စ ဆန်တယ် လို့ ပြောကြပါလိမ့်မယ်တဲ့ ။ သူကတော့ humorist လို့ ပြောချင်ပါသတဲ့ ။
ပြီးတော့ ပါပီယွန်ကိုယ်တိုင် အမှာစာရေးထားတယ်။ အရင်တစ်အုပ်တုန်းက မြင်းလှည်းဆရာသာ ဖြစ်ချင်တော့တယ်လို့ ပြောခဲ့တဲ့ ပါပီယွန်ဟာ အခုစာအုပ်မှာတော့ ဟဲမင်းဝေး ဖြစ်ချင်ခဲ့ဖူးတယ်လို့ ရေးထားတယ်။ ဘ၀မှာ ဖြစ်ချင်တာတွေများခဲ့မယ်ဆိုရင် အဲ့ဒီဆန္ဒကိုဖြစ်မြောက်အောင် အကောင်အထည်ဖော်ရတာ လွယ်တာမဟုတ်ဘူး။ ကျနော်ကတော့ အပြောင်းအလဲတွေကို ကြောက်တယ် ။ ကိုယ့်ဥခွံလေးထဲမှာ ဆရာလုပ်ရတာ ကို အသားကျနေတယ်။ အဲ့လေ ဘယ်နားရောက်သွားမှန်းမသိတော့ဘူး။
ကျနော်လည်းဖြစ်ချင်တာတွေရှိခဲ့တယ်။ ဒါပေမယ့် ကျနော် မကြိုးစားခဲ့ဖူးဘူး ။ ဂစ်တာတီးချင်တယ် ။ပီယာနိုတီးချင်တယ် ။ တယောထိုးချင်တယ်။ ဖြစ်ဖြစ်မြောက်မြောက်ဖြစ်အောင် တစ်ခါမှ မသင်ဖူးဘူး ။ ပန်းချီဆွဲချင်တယ် ။ နိုင်ငံခြား တက္ကသိုလ် တစ်ခုခုမှာ ကျောင်းတက်ချင်တယ်။ သိုင်းသမားတစ်ယောက်ဖြစ်ချင်တယ်။ ကဗျာဆရာတစ်ယောက် ဖြစ်ချင်တယ်။ စာရေးဆရာတစ်ယောက်ဖြစ်ချင်တယ်။ ဓာတ်ပုံဆရာတစ်ယောက်လည်း ဖြစ်ချင်တယ်။ ကျနော်ဟာ ဖြစ်ချင်တာတွေအတွက် လုံ့လ၀ီရိယ စိုက်ထုတ်ပြီး ကြိုးပမ်းတာမျိုးမရှိဘူး ။ ပျင်းရိခြင်းဟာ ကျနော့်ရဲ့  နေ့စဉ် အချိန်ဇယားပဲ ။ ပျင်းရိခြင်းနောက်ကို တကောက်ကောက်လိုက်တယ်။ လိုက်နေရင်းနဲ့ ကိုယ်ဖြစ်ချင်တာဟာ ပျင်းပျင်းရိရိရှင်သန်ခြင်းပါလားလို့ ထင်လာရတဲ့အထိ ကျနော်ပျင်းခဲ့တယ်။ ပါပီယွန်စာအုပ်မှာ ကျနော်ဖြစ်ချင်တာ တချို့ ကို ပြန်တွေ့လိုက်ရတယ်။ အဲ့ဒီအတွက် သူပေးလိုက်ရတဲ့ တန်ရာတန်ကြေးကိုလည်းမြင်ရတယ်။ ကျနော်ဖတ်နေရင်းပျော်လာတယ်။ လွမ်းသွားတယ်။
အခုစာအုပ်ခေါင်းစဉ်ကို တွေ့ကတည်းက ကျနော်စိတ်ဝင်စားတယ်။ ထရော်မာတွေ နဲ့ ရှင်ကျန် နေရတဲ့ ဘ၀လား ၊ ထရော်မာတွေနဲ့ ချန်ထားခံရသူလား ၊ တခြားသူတွေကို ထရော်မာတွေနဲ့ ထားခဲ့တာလား ။ စာအုပ်မဖတ်မီကတည်းက ကျနော်တွေးနေမိတဲ့ အကြောင်းတွေပဲ ။ စာပုဒ်ရေ ၃၅ ပုဒ်ပါတယ်။ ကျနော် ကတော့ ဆယ်ပုဒ်လောက်ကို ကြိုက်တယ်။ ခေါင်းစဉ်က စာအုပ်ထဲမှာပါသမျှ အပုဒ်တွေကို ခြုံငုံမိတာမျိုးတော့မဟုတ်ဘူး။ ဥပမာ ၂၇ ၊ ၂၈ ၊ ၂၉ ဟာ ဆိုရင် ဒီစာအုပ်မှာ မထည့်သင့်ဘူးလို့တောင် ကျနော်ထင်တယ်။ ကျနော်က သူ့ရဲ့  အလွမ်းအဆွေး စွန့်စားခန်းတွေကို ဖတ်ချင်တဲ့ကောင်ကိုး ။ နိုင်ငံရေးအတွေးအခေါ်လိုလို ၊ ယဉ်ကျေးမှု လေ့လာချက်လိုလို စာမျိုးနဲ့ ပါပီယွန်နဲ့ မကိုက်ဘူးထင်လို့ပါ။
အစကတော့ ကိုယ်ကြိုက်တဲ့ အပုဒ်တွေကို ဘာကြောင့်ကြိုက်ရတယ် ဘယ်လိုခံစားရတယ် စသည်ဖြင့် ပေရှည်ပြီး ရေးမလို့ပဲ တကယ်ရေးတော့ ပျင်းသွားရော ။ ပျင်းရိခြင်းဟာ ကျနော်နဲ့ နေထိုင်အသားကျနေခဲ့ပြီလေ။
ကဲ ဖတ်ချင်ရင်တော့ ၀ယ်သာဖတ်ပေတော့ ။
လွမ်းတေးချို
5:54 PM
29 Sep 2017
Comments
Post a Comment