တကယ်မရှိသောနှစ်များ
တကယ်မရှိသောနှစ်များ
ကဗျာ လို့ အမည်တပ်မလား ၊ စကားပြေလို့ အမည်တပ်မလားလို့ ကျွန်တော်ကိုယ်တိုင်ဝေခွဲမရတဲ့ အရေးအသားတွေ ။ တကယ်မရှိသောနှစ်များလို့ခေါင်းစဉ်တပ်ထားတယ်။ ၈၈ အရေးအခင်းရဲ့  ၀ူးဝူးဝါးဝါးအော်သံဟာ ဆယ်ကျော်သက်လူငယ်တွေဆီကို ဘယ်လို မီဂါဗိုက်ဒ် တွေနဲ့ ၀င်ရောက်ခဲ့တာ ။ ပြီးတော့
၉၀ ခုနှစ်ဝန်းကျင်ကို ပြန်ခေါ်သွားလိမ့်မယ် ။ တဖြည်းဖြည်း သက္ကရာဇ်တွေတိုးလာမယ်။ ကိုးဆယ့်ခြောက် ယူရိုဘောလုံးပွဲအကြောင်းတွေရောက်လာမယ်။ သမိုင်းဖြစ်ရပ်တွေထဲမှာ တစ်ကိုယ်ရည်စာ ဖြတ်သန်းမှု ပုံရိပ်တချို့ ဟာ ပျောက်သွားလိုက်ပြန်ပေါ်လာလိုက်နဲ့ ။ လူငယ် တစ်ယောက် သို့မဟုတ် လူငယ်ထု ရဲ့  မိုက်ရူးရဲ ဆန်မှုလား ၊ ထူးခြားတဲ့ အာရုံခံစားမှုတွေလား ၊ မဖြစ်မနေကြုံတွေ့ပြီး ယဉ်ကျေးမှုအသိုးတွေထဲမှာ ငြင်းဆိုခြင်းခံရတဲ့ လိင်ကိစ္စလား ။ ကြည့်ခဲ့ဖူးတဲ့ရုပ်ရှင်တွေအကြောင်းလား ။ နှစ်ခြိုက်မိတဲ့ သီချင်းတွေအကြောင်းလား ။ ပန်းချီကားပေါ်က စုတ်ချက်ခပ်ကြမ်းကြမ်းတွေလား ။
ဒီစာအုပ်ကို သမိုင်းစာအုပ်လား လို့မေးရင် ကျနော်က ဟုတ်တယ်လို့ ဖြေဆိုလိုက်မှာဖြစ်ပြီး မဟုတ်ဘူးလားလို့မေးရင်လည်း မဟုတ်ဘူးလို့ ဖြေဆိုပစ်လိုက်ရမှာပဲ ။ ဘာလို့လည်းဆိုတော့ သမိုင်းထဲမှာ ပါဝင်ကပြရတဲ့ လူတစ်ယောက်ရဲ့  ပုံရိပ်တွေကို လျပ်တပြတ်ရိုက်ချက် တွေလို အမြန်ရိုက်ပြသွားတာမျိုးလည်း ကြုံရမှာဖြစ်သလို နားမလည်လိုက်ဘူး၊ ဘာကိုဆိုလိုလိုက်တာလဲ ၊ နိမိတ်ပုံတွေက တစ်မျိုးကြီးပဲ ဆိုတဲ့ အရေးအသားတွေလည်းတွေ့ ရမှာကြောင့်ပဲ ။ နောက်တစ်ခုက သမိုင်းဟာ ရသ မဆန်ဘူးလို့ ကျနော် ထင်လို့ပဲ ။ လျပ်တပြတ်ရိုက်ချက်လို့ ကျနော်ရည်ညွှန်းရေးသားရခြင်းရဲ့ အဓိက အကြောင်းအရင်းက ဒီစာအုပ်ဖတ်နေရင်း စာဖတ်သူဟာ သမိုင်းထဲကို ဖျတ်ခနဲရောက်ရှိသွားမှာဖြစ်ပြီး သရုပ်မှန်အရေးအသားတစ်ခုလို ဇာတ်ကြောင်းစုံအောင် သင့်ကိုပြောပြမှာမဟုတ်ဘူး။ အစိတ်အပိုင်းတစ်ခုကနေ ပိုမိုကြီးမားကျယ်ပြန့်တဲ့သိမှုဆီကို အလည်သွားတာများမဟုတ်ပဲ ခံစားမှု အာရုံကို မလွဲမသွေ ထိတွေ့တို့ကစားသွားပြီး ဟာ ၊ ဟင် ၊ ဟို ၊ ဘယ်လိုကြီးမှန်းလဲ မသိဘူးဆိုတာတွေ အထိ အံ့သြမှုပေါင်းစုံ ။ ကားထဲမှာလှုပ်ရှားနေတဲ့ ဘုရားပုံတော်နဲ့  ပန်းပွင့်တွေရဲ့  ၀တ်မှုန်စတွေ ထိတွေ့ချိန် ၊ ရမ္မက်ဟာ မဟာတံတိုင်းကြီးဆိုလည်း ကျော်သွားမှာကို ကျနော်တို့သိရမယ် ။ ဘုရားအဆုံးအမတွေကိုလည်း ကျော်ဖြတ်ပစ်မှာ ။ ကျနော်တွေ့နေရတာက ခေတ်အသိုးကြီးထဲမှာ စမြုံ့ ပြန်ချင်စရာကောင်းတဲ့လူငယ်ဘ၀နဲ့ လှည့်မကြည့်ချင်လောက်အောင် ပစ်ထုတ်ဖယ်ရှားပစ်ရမည့် အနာစိမ်းဆန်တဲ့ ခေတ်ကြီး ။ အဲ့ဒီခေတ်ကြီးကို သင်လည်း ဖြတ်သန်းခဲ့ရတယ်။ စာရေးသူလည်း ဖြတ်သန်းခဲ့ရတယ်။ ဖြတ်သန်းခြင်းဟာ ခရီးစဉ်တစ်ခုဆိုရင် စူးစမ်းလေ့လာအားကောင်းတဲ့ ခရီးသွားတစ်ဦးရဲ့  ဖောက်သည်ချမှုကို သင်တို့မင်သက်ရမှာပဲ ။ ငါလည်း ဒီနေရာကို ရောက်ခဲ့တာပဲ ငါကျတော့ သူ့လို မမြင်နိုင်ခဲ့ဘူး ၊ မတွေးနိုင်ခဲ့ဘူးလို့ စုတ်တသတ်သတ်ဖြစ်သွားနိုင်တဲ့စာအုပ်။
တစ်ထိုင်တည်း ဖတ်လိုက်တာ တစ်ထိုင်တည်းပြီးသွားပေမယ့် တစ်ထိုင်တည်းမဖတ်မိလိုက်ရင်အကောင်းသားလို့ ကျနော့မှာ နောင်တရနေမိတာပါပဲ။ဆိုလိုချင်တာက နှစ်ချို့  ၀ိုင်အကောင်းစားတစ်ပုလင်းကို ဗိုက်ကားအောင် ထိုင်သောက်လိုက်သလိုပေါ့ ။ ၀ိုင်ကို ဘီယာသောက်သလို သောက်လိုက်မိတာပါပဲ ။ ၀ိုင်တစ်ခွက်ဆိုတာ အရသာ ခံသောက်တတ်ရမယ်မဟုတ်လား ။
အွန်လိုင်းပေါ်မှာ ဖတ်မိကတည်းက မနားတမ်း သွားသွားဖတ်နေမိတဲ့ အရေးအသားတွေ ။ အခုတော့ စာအုပ် အဖြစ် ထွက်လာခဲ့ပါပြီ ။
ငန်းနက်ရဲ့ ပထမဆုံးစာအုပ်ပါ ။ ဆရာ အောင်ခင်မြင့် အရေးအသားတွေ ဆိုတော့ ထူးပြီးညွှန်းမနေတော့ပါဘူး ။ ဝယ်သာဖတ်ကြည့်ပေတော့ဗျို့ ။
လွမ်းတေးချို
မတ်လ ၆ ရက်နေ့ ၊ ၂၀၁၇
Comments
Post a Comment