နွားပြာကြီး

အခုကြည့်မိလိုက်တဲ့ ဗီဒီယိုကလစ်လေးတွေ 

မာသင်ဆိုတဲ့ ဆရာတစ်ယောက်က သုံးမိနစ်စီးပွားရေးအကြံပေးဆိုပြီးရှင်းထားတာ။ ရိုးရှင်းတယ် နားလည်ရလွယ်တယ်။ လိုအပ်တာကို ထိထိမိမိပြောထားတယ်။ ကိုယ်မှတ်မိနေတာက နွားပြာကြီးအိုင်ဒီယာဆိုတဲ့ အကြောင်း တစ်ခါတုန်းက ဟိုင်းဝေးလမ်းဘေးမှာ နွားတွေကြိုကြားကြိုကြားတွေ့ရသတတ်။ ခရီးသွားတွေဟာ အခြားနွားတွေကို မကြည့်ပဲ နွားပြာကြီးကိုမှ ကြည့်ကြသတဲ့ သူ့မှာ မတူကွဲပြားမှုကို ပိုင်ဆိုင်ထားလို့ပါတဲ့ တခြားနွားတွေက ပြာမှ မနေပဲကိုး။  အဲ့ဒီမှာ သူက နိုင်ငံကျော် apple company ရဲ့ ဆောင်ပုဒ်ကို ချိတ်ပြီးပြောပြတယ်။ ပိုကောင်းအောင်မတွေးပါနဲ့တဲ့ တမူထူးခြားစွာတွေးပါ နွားအချင်းချင်းသိပ်တော့ကွာမှာ မဟုတ်ဘူး။ နွားပြာကြီးကို လူတိုင်းကြည့်ကြတယ်။ ကဲ ကိုယ်တို့လည်း နွားပြာကြီးအထာနဲ့ ကဗျာရေးကြည့်ရအောင်။ 

ဒီကဗျာကို နွားပြာကြီးဟုမှတ်ပါ 

ညာကနေ ဘယ်ကို မရေးနဲ့ ရိုးသွားပြီ  အမျိုးသားရေးအတွက် နိုးကြားကြပါ
တရုတ်တွေလို ဒေါင်လိုက်ရေးတာလည်း ခေတ်ကုန်ပြီ နိုင်ငံတော် မဝေဖန်ပါနဲ့ 
ထောင့်ဖြတ်ရေးတာလည်း မဆိုးဘူးလားပေါ့ မီဒီယာများ ညာနေကြသည် 
ဘယ်ကနေညာကိုရေးရင်ကော တစ်မျိုးများဖြစ်မလား  အချစ်က ဘယ်ဈေးလဲ ဘယ်လောက်ပေးရမှာလဲ  
စကားလုံးကို အပြည့်မရေးရင်ပဲ အစက်စက် အစက်တွေထည့်ရေးရင်ကော ပန်ကာဟာအသုံးပြုနေပေမယ့် ဖုန်တက်
အနိမ့်အမြင့်အတက်အကျနဲ့ ရေးရင်ကော  တန်းအောက်မ၀င်နဲ့ ဘုန်းနိမ့်တယ် 
အကြီးတစ်လုံး အသေးတစ်လုံးရေးရင်ကော  ဒဿနပညာရှင်တွေဟာ ရေရောထားတဲ့ နွားနို့သောက်တယ် 
ပတ်ပတ်လည်ရေးရင်လည်း တော်တော်များများ စမ်းခဲ့ကြပြီ နွားနို့ရောင်းသူဟာ မြတ်ပြီးရင်း မြတ်နေတော့တာ  
ဘာမှမတောင် မရေးရသေးဘူး ဘာရေးရမှန်းလည်း မစဉ်းစားရသေးဘူး  စောစောမအိပ်တတ်လို့ နောက်ကျနိုးရတဲ့ ကာလ
စကားလုံးတွေကို ပုံစံချပြဖို့ တောင် နွားပြာကြီးလောက် လူကြည့်မခံရဘူး။ အင်နာဗွန်စီဟာ တစ်နေ့တစ်လုံးသောက်ကောင်းတဲ့ဆေးလား

အကြောင်းအရာတစ်ခုရွေးရအောင် 
အချစ် ပဲ လွယ်လွယ်ကူကူခေါ်တာပေါ့ 
ဘယ်ကအချစ်လဲ သမီးရည်းစား ကြားကအချစ်လား အဲ့ဒီလိုပဲ ထားလိုက်တာပေါ့
သူတို့က ကြိုက်သွားပြီလား မကြိုက်ရသေးဘူးလား  
တစ်ဖက်သတ်လား နှစ်ဖက်စလုံးက သိနေတာလား 
သိနေရင် ဖွင့်ပြောပြီးသားလား ဖွင့်မပြောရသေးဘူးလား 
ဖွင့်ပြောပြီး ဘာဆက်ဖြစ်သွားလဲ   ဖွင့်မပြောတာ ငြင်းမှာကြောက်နေတာလား 
ကြိုက်ပြီပဲ ဆိုကြပါစို့ 
ချိန်းတွေ့ပြီးပြီလား ပထမဆုံးအကြိမ်ချိန်းတာကို ထည့်မှာလား
ချိန်းကောချိန်းတွေ့ပြီးပြီလား  ရည်းစားဖြစ်တာ ဘယ်လောက်ကြာပြီလဲ 
ကောင်မလေးက စချိန်းတာလား ကောင်လေးက စချိန်းတာလား 
ကောင်မလေးက ဘာလို့ စချိန်းတာလဲ ကောင်လေးက ဘာလို့ မချိန်းတာလဲ 
ဘယ်နေရာမှာချိန်းတာလဲ  နေရာကို ဖွဲ့မှာလား နေရာက သီးသန့်နေရာလား လူစည်ကားရာနေရာလား ရာသီဥတုကို ဖွဲ့မလား 
ဘယ်အချိန်မှာ ချိန်းတာလဲ  ဘာလို့ အဲ့ဒီအချိန်ကိုမှ ချိန်းရတာလဲ   မှောင်နေလား လင်းနေလား 
တစ်ခုခုကို လိုချင်စိတ်ရှိနေလား 
တစ်ခုခုကို ပေးချင်စိတ် ရှိနေလား 
အဲ့ဒီအကြောင်းတွေ ထည့်ရေးလို့ ခင်ဗျား ကဗျာကောင်းသွားမယ်လို့ အာမခံလား 
ကောင်းမကောင်း ဘာမှ ထည့်မတွေးနဲ့ ပိုကောင်းအောင် မတွေးနဲ့လို့ ပန်းသီးကုပ္ဗဏီ ကပြောထားတယ်
သူတို့က တမူကွဲပြားစွာတွေးတဲ့ 
ခင်ဗျား ကဗျာဟာ နွားပြာကြီး မဖြစ်သေးဘူး 


အချစ်အကြောင်းက လူတွေကို ထိလွယ်တယ် 
ခံစားမှုပေးနိုင်မယ် ဟုတ်ပြီ အာ့ဆိုရင် ထူးခြားစွာထပ်ရေးကြည့်ကြမယ် 
နောက်တစ်နည်းက 
ဆန့်ကျင်ဖက်စကားလုံးတွေကို တွဲစပ်တာပေါ့ 
အချစ် နဲ့ အမုန်း 
အလင်းနဲ့ အမှောင် အပြုံးနဲ့ အမဲ့ 
လိင်ကိစ္စ နဲ့ ပန်းသေခြင်း 
အဲ့ဒီအရေးအသားတွေက ဖန်တစ်ရာတေနေပြီ အဲ့ဒီတော့ ဘယ်လိုမျိုးဆက်ရေးကြမလဲ 
အချစ်နဲ့ အမုန်းကို ၀ါကျတစ်ကြောင်းလောက် ပြန်ဆောက်ကြည့်မယ်
ချစ်မုန်း ဆိုတဲ့ စကားလုံးကို ငါတို့ နှစ်ယောက်ကြားက လေဟာနယ်မှာ တက်တူးထိုးရအောင် ပြီးရင် လေဆာသေနတ်နဲ့ မုန်း ဆိုတဲ့ စကားလုံးကို ဖျက်မယ် 
လေဟာနယ်မှာ တက်တူးထိုးမယ်လို့ ရေးလိုက်တာ ထူးဆန်းမှာပေါ့ 
အာ့ဆိုရင် တစ်ကြောင်းတော့ နွားပြာကြီးဖြစ်ပြီလား 

နွားပြာကြီးဖြစ်ချင်စိတ်နဲ့ရေးတဲ့ကဗျာ 
ဆက်လက်ပြီး ကဗျာစပ်ဖို့ အလှည့်ကျ ခေါင်းစဉ်ကတော့ 
မောင်းတောမှာသာတဲ့လ ဖြစ်ပါတယ်
ဒီခေါင်းစဉ်ကိုယ်တိုင်က ဆန်းဆန်းတင့်ဖြစ်ပြီးသား
လဆိုတဲ့ နိမိတ်ပုံမှာ ဘာကိုကိုယ်စားပြုပြီး ထည့်ရင်ကောင်းမလဲ  အာ့တော့ဘယ်ဖြစ်မလဲပေါ့ 
အုပ်စု နှစ်စုကြားမှာ တစ်ဖက်ဖက်ကိုရပ်ရင် တစ်ဖက်ဖက်နဲ့ငြိတာပဲ 
စသည်ဖြင့် စဉ်းစားလိုက်တဲ့အခါ ဒီခေါင်းစဉ်ကို စပြီး ရေးသင့်မရေးသင့် စဉ်းစားခန်းဖြစ်လာ 
ရေးမယ်ကွာလို့ မတွေးခင် မရေးပါဘူးကွာလို့တွေးနေရတာကိုက မဟုတ်သေးဘူး
အာ့ဆိုရင် နွားပြာကြီး မဖြစ်တော့ပါဘူး
ကဲခင်ဗျားတို့ နွားပြာကြီးကိုစိတ်ဝင်စားသွားရဲ့ မဟုတ်လား

လွမ်းတေးချို 
October 10 2017 



Comments

Popular posts from this blog

စာဟောဆရာ

ပညာရှိအယောင်ဆောင်တုန်းက ကိုယ့်သီဝရီ က ကဗျာကိုဖျက်ဆီး

ပန်းကလေးနဲ့ ကျနော်