ပျောက်ဆုံးနေသော မျိုးဆက်
ပျောက်ဆုံးသွားသော မျိုးဆက်တစ်ခု ( ပထမပိုင်း )
၁၉ ၆၈ - ၁၉ ၇၆
ပြီးခဲ့တဲ့ သြဂုတ်လက ထုတ်တယ်။ အိမ်မှာရောက်နေတာကို နှစ်ပတ်ကျော်ပြီ ။ ဖတ်မယ် ဖတ်မယ်နဲ့ တေးထားတာ နည်းနည်းလေးဖတ်ကြည့်လိုက် ပြီးအောင် မဖတ်လိုက်နဲ့ ပစ်ထားတာ။ ဒီနေ့အားနေတော့ တစ်ထိုင်တည်း ထိုင်ဖတ်ပစ်လိုက်တယ်။ စာရေးဆရာဟာ သူ့ရဲ့  ငယ်ဘ၀ကို ရေးထားတယ်။ ပထမပိုင်း လို့ တပ်ထားတာကြောင့် ဒုတိယပိုင်းတွေရှိဦးမလားဆိုတော့ သုံးပိုင်းအထိ ရှိပါမယ်တဲ့ ။ ၁၉ ၆၈ ကနေ ၁၉ ၉ ၃ အထိ နှစ်ပေါင်း ၂၅ နှစ်ကို ရုပ်ရှင်ရိုက်ပြသလို အပိုင်းလိုက် ရိုက်ပြသွားသူကတော့ ကျော်ဝင်း ။ ဆရာကျော်ဝင်း ရဲ့  စာအုပ်တွေက ပုံမှန်အားဖြင့် နိုင်ငံရေး ဆိုင်ရာတွေ ၊ စီးပွားရေးဆိုင်ရာ တွေ များတယ်။ အခုစာအုပ်ဟာ ရသဖက်ကဲ ပြီး ၀တ္ထုလို ရေးထားတာဆိုတော့ ဘယ်လိုများနေမလဲလို့  စာအုပ်မဖတ်မီကတည်းက စိတ်ဝင်စားနေခဲ့တာ။
အဓိကဇာတ်ကောင် ဇော်ဝင်းရဲ့  ဆေးတက္ကသိုလ်ကျောင်းသားဘ၀ ။ မန္တလေးကို ကျောင်းတက်ရတဲ့အကြောင်းအရင်းက အငြိမ့်နဲ့ လူထု ဆိုပဲ ။ အငြိမ့်တွေကြည့်ချင်တယ်။ လူထုတိုက်ရဲ့  လောင်းရိပ်ကိုခိုပြီး ကလောင်အစွမ်းပြချင်တာပါတဲ့ ။ စာသမား ပေသမား နိုင်ငံရေးဝိညာဉ်အပူးခံထားရတဲ့ ဆေးကျောင်းသားလေး ဇော်ဝင်း ။ ထပ်ကွန့်ရရင် ကွန်မြူနစ် အိုင်ဒီယိုလော်ဂျီလှိုင်းတံပိုးအောက်က ၀ါဒလောင်းရိပ်မိ လှေငယ်ကလေးတစ်စင်း ။ လှိုင်းကြီးတော့ လှေမှောက်တာပဲ ။ ဒါတောင် သူတို့ခေတ်မှာ အနီလှိုင်းတွေ အားပျော့သွားခဲ့တဲ့ကာလ။ ကျောင်းသားလှုပ်ရှားမှုတွေမှာ ကွန်မြူနစ် အင်အားတစ်ရပ်ထူထောင်ဖို့ တွေးနေကြံနေတဲ့အောင်ဝင်း ။
ဆေးကျောင်းသူလေး အေး ကိုလည်း ပန်းဆက်တတ်သေး။ တော်တော်ကြီးကိုဇွဲကြီးတဲ့ ကောင်ပဲလို့ မှတ်ချက်ပြုမိတယ်။ ပန်းဆက်ပြီး မနမ်းရက်လို့ ရှောင်ပုန်းပြေးတာထက် နိုင်ငံရေး ဇာတ်ကို ကဖို့အတွက် အချစ်ကိုလည်းမေ့ ဘ၀ကိုလည်း မေ့နေတဲ့ဇာတ်ကောင် ။ ပြီးတော့ အငြိမ့်ပွဲတွေ တစ်ပွဲပြီးတစ်ပွဲ မပြတ်အောင် ကြည့်လို့  ။ ကျနော်သာ အဲ့ဒီခေတ်ကြီးမှာ လူဖြစ်ခဲ့ရင် ဘာလုပ်မလဲ ဆိုတဲ့အတွေးကို ဖတ်နေရင်း ခဏခဏတွေးမိတယ်။
ကျနော် အမြဲသိချင်ခဲ့တဲ့ သမိုင်းကြောင်းတစ်ခုရှိတယ် ။ အဲ့ဒါ လွတ်လပ်ရေးရပြီးကာလ ကနေ ၁၉ ၈၈ အရေးအခင်းကာလတလျှောက် ဘယ်လိုပုံစံမျိုးနဲ့ တက္ကသိုလ်ကျောင်းသားတွေ ဖြတ်သန်းနေခဲ့ရသလဲ ဆိုတဲ့ သမိုင်းကြောင်း ။ အဲ့ဒီအကြောင်းစာအုပ်တွေဟာ မထွက်လာခဲ့ဘူး ။ ကျနော်ကလည်း ဖြစ်ရပ်တွေကို စာစီပြထားတာထက်စာရင် ရသဆန်တဲ့ စာပေကို အလေးကဲတဲ့ကောင်ဆိုတော့ ဒီစာအုပ်ကို ဖတ်ရတာ တန်တယ်ပြောရမှာပဲ ။ ကျနော်သိချင်တဲ့ သမိုင်းဖြစ်ရပ်တွေအပြင် ကျောင်းသားတစ်ယောက်ရဲ့  ဘ၀ကို အနုစိပ် ခြယ်မှုန်းသွားနိုင်ခဲ့လို့ပဲ ။
အမှန်အတိုင်းဝန်ခံရရင် စာရေးဆရာကို ရသပိုင်းကဲပြီး မရေးတတ်လောက်ဘူးလို့ ထင်ထားတာ။ ဒီစာအုပ်ဖတ်လိုက်တော့မှ အဲ့ဘဲကြီးကလည်း အနုအရွတွေ ရေးနိုင်သဟလို့ သုံးသပ်မိသွားတာ။ ဇော်ဝင်းနဲ့ အေး ဆွမ်းဦးပုညရှင် စေတီ ရောက်တော့ ဆွမ်းလောင်းမည့်သူရှိပြီးသားဆိုတော့ အစောကြီးထပြီး ဆွမ်းကပ်မည့်သူက စိတ်ပျက်သွားမှာပဲနော်ဆိုတဲ့ အဖွဲ့  မျိုး ။ အခြေအနေကို လိုက်ပြီး ဇော်ဝင်းပြောလိုက်တဲ့ စကားလေးက လှတယ်။ အေးနဲ့ သူ့ ကြား ဘာဆက်ဖြစ်မလဲ ဆိုပြီး စာအုပ်ကို ဆက်ဖတ်နေမိတာလဲ စာရေးသူရဲ့  အတတ်ပညာပါပဲ ။
စကားမစပ် စာအုပ်ထဲမှာ ပါတဲ့ ဇာတ်ကောင် နာမည်က ကျနော့်နာမည်ဗျ ။ ပြီးတော့ ကဗျာဆရာဆိုပဲ ။ ဆံပင်လှိုင်းတွန့်နဲ့ မင်းသားရုပ်လို့ ဖွဲ့ ထားတာ ။ မသိရင် စာရေးသူက ကျနော့်အကြောင်းပဲ ရေးထားသလိုလို ။ ( အီကား စကားချပ်)
ကျွန်းဆွယ်အရေးအခင်း အကြောင်း ၊ ဦးသန့်အရေးအခင်း ၊ သခင်ကိုယ်တော်မှိုင်းမွေးနေ့ ဆန္ဒပြပွဲ ။ ထိုပွဲအသီးသီးမှာ ဇာတ်ကောင်ဇော်ဝင်းရဲ့  ပါဝင်မှု ။ ပွဲဖြစ်မြောက်လာအောင် တစ်ဖက်တစ်လမ်းမှ ပါဝင်ခဲ့ပုံ စသည်ဖြင့် အနှေးပြကွက် ရိုက်ချက်များ ။
ဒါ့အပြင်ဆက်ဖတ်ရမှာက နိုင်ငံရေးစာပေဆွေးနွေးဝိုင်းတွေ ၊ စာအုပ်တွေကို နှိုင်းယှဉ်လေ့လာချက်တွေ ။ စာအုပ်စာပေရှားပါးတဲ့ကာလမှာ အဲ့ဒီခေတ်က တက္ကသိုလ်ကျောင်းသားတစ်စုရဲ့  အသိပညာ ရှာဖွေမှု မြင်ကွင်းများ ။ အချိန်မရွေးဘိုင်ကျနေလို့ သူငယ်ချင်းတွေတောင် ဖွတ်ကြီးလို့ ခေါ်ရတဲ့ ဇာတ်ကောင် ဇော်ဝင်း ။
စာရေးသူဖြတ်သန်းခဲ့ရတဲ့ အမျိုးသမီးအဆောင်ရှေ့ က တီးဝိုင်းကလေးတွေ ။ စိုင်းခမ်းလိတ်ရေးတဲ့ သီချင်းတွေနဲ့ အောင်မြင်လာတဲ့ စိုင်းထီးဆိုင် ၊ စိုးပိုင် ၊ ခင်မောင်တိုးစတဲ့ အဆိုတော်တွေရဲ့  ခေတ်ပေါ် စတူဒီယိုတေးတွေ အပြင် သူတို့ သူငယ်ချင်းတွေနားထောင်ကြတဲ့ ဂန္တ၀င်တေးများ။ ကျနော်ကတော့ တက္ကသိုလ်နဲ့ အဆောင်ရှေ့ က ဂီတ၀ိုင်းဟာ ဘယ်လိုမှ ခွဲထုတ်ပစ်လို့ မရဘူးဆိုတာကို တွေးနေမိတာပါပဲ ။ ကျနော်ကျောင်းတက်တုန်းက ကြုံခဲ့ရတဲ့ အဆောင်ရှေ့ တီးဝိုင်းလေးတွေကို ပြန်သတိရမိသွားစေတယ်။
ဘာပဲဖြစ်ဖြစ် တတိယပိုင်းကိုတော့ စောင့်ဖတ်ရဦးမှာပါပဲ ။ အခု ပထမပိုင်းချည်းချည်းကို ၅၈၁ မျက်နှာရှိတယ်။ သမိုင်းနောက်ခံ ၀တ္ထုတွေ များများထွက်ပေါ်လာလေ ကျနော်တို့ သမိုင်းကို ပိုသိလာရလေပေါ့ ။ အဲ့ဒီခေတ်က လူငယ်တွေလည်း ခေတ်ကောင်းကို မျှော်ပြီး တိုက်ပွဲဝင်ခဲ့ကြတာပဲ ။ ဒါပေမယ့် သူတို့ ခေတ်ကောင်းကို မမြင်ရပဲ စနစ်မကောင်းတဲ့ ဘ၀မှာပဲ ရုန်းလေ ၊ မြှပ်လေဖြစ်ခဲ့ရတယ်။ ကဲ ကျနော်တို့ကော ခေတ်ကောင်းကို မျှော်နိုင်တဲ့ အနေအထားလား ။ အဲ့ဒီအကြောင်းတွေတော့ တွေးမနေတော့ပါဘူးလေ။
လွမ်းတေးချို
၃ နာရီ ၅ မိနစ် (ညနေ)
စက်တင်ဘာ ၁၁ ရက် ၊ ၂၀၁၇
အပိုင်းနှစ် ။
ကိုယ်ရေးတာကိုယ်ပြန်ဖတ်ပြီး ထပ်ရေးစရာလေးတွေရှိလာလို့ ထပ်ဖြည့်ပြီးရေးဖြစ်ပါတယ်။ ညနေက ကိုလင်းဆက်နဲ့ စကားပြောကြည့်ပြီးနောက်ပိုင်း ပိုပြီးထပ်ဖြည့်ရေးဖို့ အားတက်ခဲ့တယ်ဆိုတာကတော့ အမှန်ပဲ ။ ပထမတစ်ပိုင်းမှာ ကျနော် ရေးခဲ့ပါတယ်။ ဒီစာအုပ်ဟာ တတိယပိုင်းအထိ စောင့်ဖတ်ရဦးမယ့်စာအုပ်ပေါ့ ။
အဲ့ဒီလိုစာအုပ်အမျိုးအစားတွေ ခပ်များများရေးလာဖို့ တွန်းအားပေးတဲ့သဘောပါ။ ကျနော်တို့ ဖတ်ခဲ့ကြတဲ့ သိန်းဖေမြင့် ၊ နတ်နွယ်တို့ရဲ့  အရေးအသားမျိုး အထိ ကျနော်မမျှော်လင့်ပါဘူး။ မျှော်လင့်ထားကောင်းတဲ့အရာလည်းမဟုတ်ဘူးဆိုတာ သိပါတယ်။ ဘာလို့လဲ ဆိုတော့ သူတို့နဲ့ ကျော်ဝင်းဟာ လိုင်းမတူလို့ပါပဲ ။ လိုင်းမတူတဲ့ စာရေးသူတွေကို သာတယ်နာတယ် ၊ ကောင်းတယ်ညံ့တယ်ဆိုတဲ့ နှိုင်းယှဉ်မှုမျိုးကို မလုပ်အပ်ဘူးလို့ ယူဆလို့ပါ။
ကျော်ဝင်းဟာ ၀တ္ထုရေးတဲ့ကလောင်မဟုတ်ပါဘူး။ အခုစာအုပ်ဟာ လက်သွေးတာလို့ ကျနော်က ယူဆတာပါ ။ လက်သွေးတာဖြစ်တဲ့အတွက် သူ့ကို ရသ စာရေးဆရာတစ်ယောက်ရဲ့  တန်းနဲ့ ညှိ လိုက်တာထက် လက်သစ်ကလေး တစ်ယောက်အနေနဲ့ အသိအမှတ်ပြုလိုက်တာပါပဲ ။ ကျနော့်မှာ အဲ့ဒီ ပါဝါရှိလား မရှိလားဆိုပြီးမေးခွန်းထုတ်လာရင်တော့ မရှိပါဘူးလို့ ရိုးရိုးလေးဖြေလိုက်ရမှာပါ ။ ကျနော်ဟာ သာမာန် စာဖတ်သူတစ်ယောက်ဖြစ်နေလို့ပါပဲ ။
အဓိကဇာတ်ကောင်ရဲ့  ပါဝါအားနည်းမှု
နောက်တစ်ချက်က ကျော်ဝင်းရဲ့ ဇာတ်ကောင် အောင်ဝင်းဟာ ထက်မြက်တက်ကြွပြီး နှစ်လိုဖွယ်ဇာတ်ကောင်ဖြစ်မနေတာကို ကျနော် သဘောကျရတာပါပဲ ။ ဘာလို့လည်းဆိုတော့ ဒါဟာ ပိုပြီးလက်တွေ့ဆန်လို့ပဲ ။ တော်လှန်ရေးကာလတလျှောက်မှာ ဦးဆောင်သူဆိုတဲ့ တံဆိပ်ကြီးကပ်ပြီး သူရဲကောင်းဘွဲ့ တံဆိပ် အကပ်ခံရတဲ့သူတွေရှိတာပဲ ။ သူတို့ချည်း ရုန်းခဲ့တာလားဆိုတော့ မဟုတ်ပါဘူး။ အ၀န်းအ၀ိုင်းနဲ့ အကုန်လုံးဝိုင်းတွန်းခဲ့ရတာချည်းပါပဲ ။ ဒါပေမယ့် သူရဲကောင်းမျှော်တတ်တဲ့ အသိုင်းအ၀ိုင်းမှာ ၀တ္ထု ဆရာက သူရဲကောင်းတစ်ယောက်ကို မမွေးဖွားပေးတဲ့အတွက် ကျနော်ပိုပြီးနှစ်သက်ရတယ်။ ပုံမှန်အားဖြင့်ဆိုရင် အဓိက ဇာတ်ကောင်က အခြားသူတွေထက် နှာတစ်ဖျားသာနေမယ်။ အားကျဖွယ် စွမ်းဆောင်ရည်ပိုင်ရှင် ဖြစ်နေမယ်ပေါ့ ။ အခုဇာတ်လမ်းမှာ အဲ့ဒီလို ဇာတ်ကောင်မျိုးမတွေ့ ရဘူး။ ပုံမှန်ကျောင်းလာတက်မယ်။ လက်ဖက်ရည်ဆိုင်ထိုင်မယ်။ ရင်ခုန်သံချင်းဖလှယ်လို့ရတဲ့ လက်တွဲဖော်တစ်ယောက်ကို တွေ့မယ်။ နီးစပ်ရာ သူငယ်ချင်းတချို့ ရဲ့  ဆွဲဆောင်မှုနဲ့ အတူ နိုင်ငံရေးရေစီးကြောင်းမှာမျှောပါမယ်။ အချိတ်အဆက်ကလေးရလာတော့ တောထဲသွားပြီး ကွန်မြူနစ်သင်တန်းတက်တယ်။ ပြန်လာတော့ ဘာလုပ်ရင်ကောင်းမလဲဆိုပြီး အခွင့်အလမ်းရှာဖွေတယ်။ အပြင်းအထန်အားထုတ်တာမျိုးလည်း မတွေ့ရဘူး။ စာအုပ်လေးဘာလေးဖတ်ပြီး ဆွေးနွေး အခွင့်အရေးရရင် ၀င်ပြီး ဆန္ဒပြတဲ့ ခပ်ရိုးရိုး ဇာတ်ကောင်လေး တစ်ကောင်ပါပဲ ။ ဒါဟာ ပိုပြီး လက်တွေ့ဆန်လှတယ်မဟုတ်လား။
ထပ်ပြီးပြောချင်တာက ဇာတ်ကောင်ဆီမှာ ပြတ်သားတဲ့ ဘ၀ပန်းတိုင်ဆိုတာမျိုးကို မတွေ့ ရပဲ လူငယ်တော်တော်များများမှာ တွေ့ရလေ့ရှိတဲ့ ဘ၀ရည်မှန်းချက်ပန်းတိုင်ပျောက်ဆုံးနေတာကို မြင်ရတာပဲ ။ အဲ့ဒါဟာ မြန်မာလူငယ်တွေဆီမှာတွေ့ရလေ့ ရှိတဲ့ ဘုံပြဿနာတစ်မျိုးလို့ ကျနော်က ပိုပိုကဲကဲလေးတောင်ဆိုချင်သေးတယ်။ ဟိုကမ်းရောက်ရင် ဟိုတက်နဲ့လှော်ပြီး ဒီကမ်းရောက်ရင် ဒီတက်နဲ့လှော် ၊ တက်ကျိုးရင် လက်ထိုးလှော်ရတဲ့ ဦးတည်ရမဲ့ လှေတစ်စင်းလို ဘ၀မျိုးတွေ ။ အဲ့လိုဘ၀မျိုး မြောက်များစွာဟာ ယခုကာလထိတိုင်အောင် ရှိနေဆဲပဲလေ ။ အဲ့ဒီဇာတ်ကောင်ဟာ သူရှင်သန်ခဲ့ရတဲ့ ခေတ်ကို ရောင်ပြန်ဟပ်တဲ့ ပုံစံမျိုးဟုတ်မဟုတ်ကတော့ သူနဲ့အတူကြီးပြင်းလာတဲ့သူတွေ က အဖြေရှာပေးပါလိမ့်မယ်။
ဇာတ်အိမ်ကိုအားဖြည့်မှု
အားနည်းတဲ့ ဇာတ်ကောင်ကို ကျနော်သဘောကျတယ်လို့ အထက်မှာဆိုခဲ့ပေမယ့် ဇာတ်ကောင်ရဲ့  သရုပ်သကန်ကို ပီပြင်စေမည့် နောက်ခံအနေအထားတစ်ရပ်ကို ထည့်သွင်းဖော်ပြမယ်ဆိုရင် ဇာတ်ကောင်ကို ပိုပြီးပုံဖော်နိုင်မယ်လို့ထင်တာပါပဲ ။ ဥပမာအားဖြင့် ဆန္ဒပြပွဲတွေအပေါ် အစိုးရရဲ့  တုန့်ပြန်မှုအပေါ် ဇာတ်ကောင်ရဲ့  ခံစားချက်တွေကို ပီပီပြင်ပြင်ဖော်ပြတာမျိုး ။ အဲ့ဒီခေတ်ရဲ့  ဒိုင်ယာလော့ တွေကို သုံးပြတာမျိုး ဆိုရင် ပိုပြီး ဇာတ်အိမ်ခိုင်လာပါလိမ့်မယ်။
ဖြစ်ရပ်တွေကို ရှေ့ နောက် မကိုက်အောင် ထည့်သွင်းမှု
ဝတ္ထု တစ်ပုဒ်မှာ အရေးပါတဲ့ အရာတစ်ခုကတော့ ရှေ့ နောက်ကိုက်ညီမှုပါပဲ ။ အချိန်ကာလမှန်မှန်နဲ့ အချိတ်အဆက်မိမိ ဖြစ်ရပ်တွေကို ထည့်သွင်းမှုတွေဟာလည်း သမိုင်းနောက်ခံ ၀တ္ထု အတွက် အရေးကြီးတယ်လို့မြင်ပါတယ်။ အခန်းတစ်ခန်းမှာ စာရေးသူကိုယ်တိုင် အချိန်သက္ကရာဇ်လွဲမှားပြီး ဇာတ်အိမ်တည်ဆောက်ထားခဲ့တယ်လို့ ၀န်ခံထားတာတွေ့ ရပါတယ်။ သူဝန်ခံထားတဲ့အကြောင်းအရာကတော့ ဆရာမကြီး ခင်ဆွေဦးရဲ့  နေခြည်ဖြာမှ နွေးလိမ့်မယ် ဆိုတဲ့ဝတ္ထုကို မထွက်ရသေးတဲ့ သက္ကရာဇ်တစ်ခုမှာ ဆွေးနွေးခဲ့တာကိုပါ ။ ရိုးသားစွာဝန်ခံမှုကို အသိအမှတ်ပြုပါတယ်။ တစ်ချိန်တည်းမှာ အားထုတ်ပြီး နောက်အခန်းတွေမှာထည့်လိုက်လို့ရရဲ့ သားနဲ့ ဒီအတိုင်းထားလိုက်ပါတယ်ဆိုတာကတော့ အဆင်မပြေလှပါဘူး။ ဒီအပိုင်းမှာတော့ အားထုတ်မှုနည်းတယ်လို့ သုံးသပ်ပါတယ်။
လွမ်းတေးချို
10:30 pm
19 September 2017
Comments
Post a Comment