ရိုက်ရိုက်ပြီးရှာ

ရိုက်ရိုက်ပြီးရှာ 

ရန်သူမျိုးငါးပါးပဲရှိနေလို့ပေါ့ ခြောက်ပါးဆိုဘယ်လိုလုပ်မလဲဆိုပြီး ခြောက်ပါးမြောက်ကို ဘာထပ်ထည့်ရင်ကောင်းမလဲ စဉ်းစားကာ အတွေးထဲကနာမည်ကို ချရေးလိုက်ခါမှ အော်ဒုက္ခပါပဲ ဟုတ်လားမဟုတ်လားလားမသိပဲ ငါ့မှာ ဒီနာမည်ကြီးရေးရင်ကောင်းပါ့မလားဆိုပြီး တိတ်တိတ်လေးကြေကွဲ  ဒီအတိုင်းဆက်နေလို့လည်း မဖြစ်သေးပါဘူး ရန်သူမျိုးခြောက်ပါးဖြစ်ဖို့ ငါ့မှာ တစ်ခုခုတော့ ကြိုးပမ်းရမှာပဲမဟုတ်လားလို့ အားတင်းရင်း မနက်စာမစားရသေးတာကို သတိရမိတော့ ဟာ မဖြစ်သေးပါဘူး ၀မ်းရေးကပိုအရေးကြီးသဟ အူမ တောင့်မှသီလစောင့် ရမယ်လို့ ဆိုစကားရှိခဲ့တာမို့ မီးဖိုချောင်ဆီကို ခြေလှမ်းတွေပြင် ပြင်ထားတဲ့ထမင်းဟင်းများရှိမလားလို့ တွေးခါမှ ရိပ်ခနဲ သတိရသွားတာ မင်းမှမရှိတော့ပဲလေ မင်းသာရှိနေရင်လည်း မင်းချက်တဲ့ဟင်းကို ငါစားရမှာတာမဟုတ်ပါဘူး ငါသာမင်းအတွက် ဖွယ်ဖွယ်ရာရာလေး ချက်ပြုတ်နေခဲ့တာပါလားဆိုပြီး ပြုံးမိ ပြုံးနေရင်းလက်ထဲကိုရေတစ်ခွက်ရောက်နေတာသိမှာ ရေစက်ခေါင်းကိုဖွင့်ပြီး တစ်ခါတည်းသောက်ပစ်လိုက် သောက်ပစ်လိုက်ပြီးမှ ဘာမှစားစရာမရှိနေတာပါလားလို့ သိရှိပြီးသားကိစ္စကိုပြန်ပြီး သိသွားပြန်ရော အဲ့ဒီမှာ စတွေ့တာပါပဲ အောက်ထပ်ကို ဘယ်သူဆင်းမလဲ မနက်စာကို ဘယ်သူဆင်းဝယ်မလဲလို့ မေးခွန်းတွေထုတ်နေခဲ့တဲ့အတိတ်သိုးသိုး အရောင်ဆိုးဆိုးတွေဟာ ရင့်သထက်ရင့်လာပြီး စာအုပ်ပေါ်မှာ စာသားတွေအနေဖြင့်ရောက်ရှိ ရှိသလားမရှိလားတော့မသိတော့တဲ့ လောကကြီးထဲမင်းကို ခဏခဏ၀င်ကြည့် တွေ့သွားရင်ဘယ်လိုတုန့်ပြန်ရမှန်းမသိတဲ့စိတ်အလျင်နဲ့ အခါခါဖြစ်မိ နားထဲကိုဝင်ရောက်လာတဲ့စကားလုံးက ဘာလာလုပ်တာလဲဆိုတဲ့မေးခွန်းဖြစ်ပြီး မေးခွန်းကို အတိအကျဖြေရင်ကောင်းမလားလို့ တွေးရင်း မင်းကို လာရှာတာပါလို့ ပြောမလို့ပါပဲ ပြီးတော့ငါလည်း မပြောဖြစ်ပါဘူးဆိုတာကို မင်းသိသွားမှာပါ ဟာ မပြောဖြစ်ပါဘူးဆိုမှ မင်းဘယ်လိုလုပ်သမလဲလို့မေးစရာရှိလာပြီမဟုတ်လားကွယ် ခက်တာပဲကွယ် ရှင်ကျမကိုလွတ်လပ်ခွင့်မပေးသေးဘူးလားလို့ မင်းကလာပြောရင်ငါဘယ်လိုများဖြေရမလဲမသိဘူးနော်ဆိုပြီး ငါလည်း အဖြေတွေကို ဂူဂယ်လ်ထဲမှာ ရိုက်ရိုက်ရှာနေမိတဲ့အထိ 

လွမ်းတေးချို
19 Oct 2017


၂။
ဝင်သက်ထွက်သက်ကလေးရပ်မသွားခင်ကာလ နဲ့ ၀င်သက်ထွက်သက်ကလေး အားယူရုန်းထလာတဲ့ ကြားကာလလေးမှာ အသိအမှတ်ပြုခြင်းနဲ့ဝေးရာတွင်နေထိုင်ခဲ့ကြသောသူများအကြောင်းကို ချရေးမည်ဆိုပါက မည်သူ့နာမည်ရေးရမည်နည်းဟု အားအားယားယား အလုပ်မရှိအကိုင်မရှိလျှောက်လျှောက်တွေးနေတာပါလားဟု မှတ်ချက်အပြုမခံရမီ လေပွေဟာ မီးလျှံကိုသယ်ဆောင်သွားပြီး တန်ဖိုးကြီးအဆောက်အဦးတစ်ခုဆီအလည်အပတ်သွားလိုက်တဲ့အကြောင်း မနက်အိပ်ယာနိုးမှသိရပြီး  ပြာကျသွားပြီဟုသိရသောအခါ လူတွေက နားမလည်သေးတာပါ ဒီကိစ္စကိုဆိုပြီး ဟိုကိစ္စကိုလည်း နားလည်ရဲ့လားလို့မေးတော့လည်း ဘာမှထူးခြားမလာပါဘူး ဘယ်လိုတုန့်ပြန်မှုမျိုးကိုလူ့အဖွဲ့အစည်းဆီကမျှော်လင့်နေတာလဲမသိဘူးနော်နော့ ဒီအကြောင်းနဲ့ပက်သက်ရင် မောလိုက်တာလို့ အကြိမ်ကြိမ်ရွတ်ပြီး ကျော်လွန်သွားတဲ့ အသိသင့်ဆုံးတွေနဲ့အတူ ကုတ်တံတစ်ချောင်းလောက်တောင် အယားမပြေတဲ့ စကားလုံးတွေနဲ့ အစွမ်းသတ္တိမရှိခြင်းဟာ မပြောပြပဲ သိလောက်တဲ့သူတွေနဲ့ ထပ်ပြီးထပ်ပြီး ဖြေရှင်းနိုင်စွမ်းမဲ့ခြင်းနဲ့အတူမင်းကိုထားသွားခဲ့ကြပါပြီဆိုပြီး ထားလိုက်ပါတော့ကို ခဏလောက်စောင့်ပါဦးဆိုလိုက်ကြပါစို့ တွေနဲ့အတူ ဘုရားကျောင်းကြီးထဲမှာ စန္ဒယားတီးလုံးသံတွေ ခပ်ကြမ်းကြမ်းရိုက်ခတ်လိုက်တဲ့အခါ လူတွေမတ်တပ်ရပ်လိုက်ကြပြီး ထားလိုက်ပါတော့ ထားလိုက်ပါတော့ သတို့သမီး မရောက်လာခဲ့ဘူးဆိုလားတွေနဲ့အတူ လမ်းတစ်ဝက်မှာ ကားတိုက်ခံရတယ်ဆိုလား ကြားဖြတ်ရည်းစားရသွားတယ်ဆိုလား ကောလဟာလဟာ မိနစ်အနည်းငယ်အတွင်း အသံပေါင်းများစွာ ကီးပေါင်းများစွာနဲ့ ဖြစ်ရပ်ပေါင်းများစွာ အဖြစ်အသွင်ပြောင်းသွားခဲ့ကြပါတော့တယ်  

လွမ်းတေးချို
၁၉  အောက်တိုဘာ ၂၀၁၇ 

၃။

ရေဘူးထဲက ရေကိုအပြင်ထုတ်လိုက်တော့ ရေဘူးထဲမှာရေမရှိတော့ဘူးလို့ပြောပြီး မျက်လှည့်ပြပွဲကိုအဆုံးသတ်လိုက်တဲ့အခါ ဟာဒါလားမျက်လှည့် မင်းကစောက်ရူးပဲ ပြစရာမရှိတာကိုမရှိဘူးမပြောဘူး ပြလည်းမပြတတ်ပဲနဲ့ ငါတို့ရဲ့ အချိန်တွေကို ယူသွားတဲ့ကောင် လူလိမ် အဆင့်မရှိတဲ့ကောင် ပေါက်လွှတ်ပဲစားကောင် စသည်ဖြင့် မကြားဝံ့မခံသာစကားလုံးများအား အဘယ်သို့ရှောင်ရှားရမည်နည်းဟုတွေးတောအကြံထုတ်နေစဉ် ရေဘူးကရိုးရိုးရေဘူးမဟုတ်ဘူးဗျလို့ ဖိန့်လုံးတစ်လုံးထပ်လွှတ်ပြီး ပါလာတဲ့ဆေးတွေကိုရောင်းရတဲ့ လမ်းဘေးမျက်လှည့်ဝိုင်းတွေရဲ့ အကွက်မျိုးကို အစိုးရက လုပ်နေတဲ့ တိုင်းပြည်မှာ မင်းတို့အတွက်ဘာမျှော်လင့်ချက်ကြီးတေနဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီးဆီ ဘယ်လိုလုပ်ပြီး အလည်အပတ်ပဲ ဖြစ်ဖြစ် ခဏတဖြုတ်ပဲဖြစ်ဖြစ် ရောက်ဖို့တောင် မသေချာဘူးမဟုတ်လား မဟုတ်လားလို့သာရေးနေရတာ ဟုတ်ကိုမဟုတ်နေတာအသိသာကြီးဆိုတော့ အဲ့ဒီလိုပဲဖြစ်နေမှာလို့တိုက်ရိုက်ပြောလိုက်တာပိုကောင်းမယ်ဆိုပြီး တီးလုံးသံခပ်မြူးမြူးဖွင့်ပြီး ဘယ်တော့မှ မရောက်ခဲ့ရင်အကောင်းသား ရောက်များရောက်ခဲ့တော့လည်း ပျော်ချင်ယောင်ဆောင်ရတာပေါ့လို့ တွေးပြီး လူလိမ်ခံရတဲ့သူတွေဟာ အလိမ်ခံရကြောင်းပြောရမှာရှက်တာနဲ့ ဒီကောင်ပြောတာ အဟုတ်သားလို့ ရှက်ပြုံးပြုံးပြီး ပြန်ထွက်လာခဲ့ရတယ်ဆိုကြပါစို့  


လွမ်းတေးချို 

Comments

Popular posts from this blog

စာဟောဆရာ

ပညာရှိအယောင်ဆောင်တုန်းက ကိုယ့်သီဝရီ က ကဗျာကိုဖျက်ဆီး

ပန်းကလေးနဲ့ ကျနော်