တိတ်တိတ်လေး
တိတ်တိတ်လေး
.
တိတ်တိတ်လေးဟူသော စကားလုံးကို ကျနော်အလွန်ကြောက်ပါသည်။ တိုးတိုးတိတ်တိတ်နှင့် စိုးထိတ်ခဲ့ရသော နေ့ရက်များကိုကျော်ဖြတ်ခဲ့ရဖူးသောကြောင့်ဖြစ်သည်။ မျက်စိပိတ်နားပိတ်နှင့် နှစ်ပေါင်းများစွာ အာဏာရှင်လက်အောက် ကျရောက်ခဲ့ရသောတိုင်းပြည် တစ်ခု၏အဓိကထုတ်ကုန်မှာ တိတ်တိတ်လေးပင်ဖြစ်သည် မဟုတ်ပါလော။ ကလေးတစ်ယောက်ငိုလျှင် မငိုနဲ့ တိတ်ဟု ဆုံးမတတ်သော အ၀န်းအ၀ိုင်းတွင် ကျနော်တိတ်သထက်တိတ်ခဲ့ရပါသည်။ မတိတ်ပဲနေပါက ကျရောက်လာမည့် ပြစ်ဒဏ်ကို ကျနော်သိပြီးသားဖြစ်သောကြောင့်ဖြစ်သည်။ မူလတန်းကျောင်းတက်တုန်းက ဆူညံပူညံလုပ်ခဲ့သောကာလလေးတစ်ခုရှိသည်။ မဆူနဲ့ တိတ်တိတ်နေစမ်းဟု စားပွဲခုံကို ကြိမ်တုတ်နဲ့ ရိုက်ရင်း အော်လိုက်သော ဆရာမတစ်ယောက်ကို ခင်ဗျားတို့ ကျနော်တို့ ရင်းနှီးပြီးသားဖြစ်မည်ဟု ကျနော်ယူဆပါသည်။ ခင်ဗျားဘယ်တုန်းက အတွန့်တက်ပြီး အော်ဟစ်ဆူညံခဲ့ဖူးလို့လဲ ။ တိတ်တိတ်လေးသာ နေခဲ့ရသည်မဟုတ်လား။
.
အလယ်တန်းရောက်တော့ ကောင်မလေးတစ်ယောက်ကို ရင်ခုန်စိတ်လှုပ်ရှားမိသည်။ သူမြင်လောက်သောနေရာမှ သူ့ကိုကြည့်သည်။ သူသွားတတ်သောမုန့်ဆိုင်လေးနားတွင် ဦးအောင်သွားစောင့်သည် ။ သူဝယ်စားတတ်သောမုန့်လေးများကိုမှတ်ပြီး ခရီးသွားဟန်လွှဲ စားပါဦးလားဟုလောကွတ်ပြုသည်။ ဒီအရွယ်မှာရည်းစားထားရင် လူကြီးမိဘများ၏ တုန့်ပြန်မှုမှာ အဆင်ပြေလှမည်မဟုတ်ကြောင်းကျနော်သိခဲ့သည်။ တိတ်တိတ်လေး ခိုးကြည့် ၊ တိတ်တိတ်လေး ကူညီနိုင်သလောက်ကူညီခဲ့သည်။ မိဘများ၏ အလုပ်အကိုင်ကြောင့် နယ်မြေရပ်ခြားတစ်နေရာသို့ပြောင်းရွှေ့ သွားသောကောင်မလေးကို တိတ်တိတ်လေးသာ ငေးကြည့်ခဲ့သည်။ တိတ်တိတ်လေးလွမ်းခဲ့ရပါသည်။ ဘယ်ဆီဘယ်ဝယ်မှန်းမသိသောသူကို ဘယ်လိုလွမ်းရမလဲဟု ကျနော်တို့ သင်တန်းတွေတက်စရာမလို သင်ကြားညွှန်ပြပေးသူ မလိုပဲ တိတ်တိတ်လေး တတ်မြောက်ခဲ့သည်။
.
အတော်အသင့်စာလေးဖတ်လာတော့ အာဏာရှင်စနစ်အောက်တွင် ငါတို့ရောက်ရှိနေပါလားဟူသော အသိတစ်ခုကိုရခဲ့သည်။ အာဏာရှင်ဟူသည် ငါတကောကော ကိုယ်လုပ်ချင်ရာလုပ် ကိုယ်ကောင်းမယ်ထင်တာဆုံးဖြတ်ပြီး ကျေးဇူးတင်ခံလိုသော လူစားဖြစ်သည်။ ထိုသို့သောအာဏာရှင်မျိုးကို ကျနော် မနှစ်သက် ။ အခြားနိုင်ငံများရှိအာဏာရှင်များအကြောင်းဖတ်ပြီး ပို၍ အော်ဂလီဆန်လာခဲ့သည်။ အာဏာရှင်တို့၏ ရက်စက်မှုအပေါင်းကို သိခဲ့သည် မြင်ခဲ့သည် ။ အားပါးတရ ဆဲဆိုခြင်းကိုတောင် လူကြားသူကြားထဲမလုပ်ရဲခဲ့ ။ တိတ်တိတ်ကလေးနေခဲ့ရသည်။ စိတ်ထဲမှာတော့ ဘယ်လိုမှ မနှစ်မြို့ ခဲ့ ။ သူငယ်ချင်းများနဲ့တွေ့လျှင် အာဏာရှင်ကို တွန်းလှန်ဖို့လိုကြောင်း ကိုမြွက်ဟခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ တိတ်တိတ်ကလေးသာဖြစ်သည်။ တိတ်တိတ်လေး အာခံခဲ့ရသည် မဟုတ်ပါလော ။
.
တစ်ချိန်တည်းမှာ အာဏာရှင်ကိုတော်လှန်သော အ၀န်းအ၀ိုင်းကို နှစ်ခြိုက်လို့လာခဲ့သည်။ တော်လှန်သူများ၏ သမိုင်းကို တိုးတိုးတိတ်တိတ် ဖတ်ရှုခဲ့သည်။ အားကျခဲ့သည်။ တွန်းတိုက်ပါများရင် ပွန်းပဲ့ရမည်ဖြစ်သည်။ တဖြည်းဖြည်းချင်း တွန်းတိုက်သူများ ၊ နှမ်းတစ်လုံးဖြင့် ဆီဖြစ်အောင် စွမ်းဆောင်သူများကို ပုဆိုးခြုံထဲက လက်သီးဆုပ်ဖြင့် အားတင်းကာ ထောက်ခံခဲ့ဖူးတယ်။ တိတ်တိတ်လေးသာ။
.
တစ်ယောက်နဲ့တစ်ယောက် အော်ကြီးဟစ်ကျယ် ရန်ဖြစ်ရမှာ ၊ အပြန်အလှန် ဆဲဆိုကြိမ်းမောင်းရမှာ ကျနော်သေမလောက်ကြောက်သည်။ အော်ကြီးဟစ်ကျယ်ဝေးရမှာ ကျနော် မခံစားနိုင်။ ဘယ်ကိုမှ မရောက်ပဲ တစ်ယောက်ယောက်ကိုတစ်ယောက်ဆဲဆိုခြင်းသည် အပြုသဘောဆောင် ရွှေရောင်လင်းလက်သော နေ့ရက်များဆီသို့ မရောက်နိုင်မှန်းကျနော်သိခဲ့သည်။ ကျနော့်ကို ဒေါသထွက်၍ တစ်ခုခု ဖြေရှင်းမည်ဆိုလျှင်လည်း အေးအေးဆေးဆေး နားအေးပါးအေး ဖြေရှင်းခြင်းကိုသာ နှစ်သက်ခဲ့သည်။ လုပ်ငန်းခွင်ထဲတွင် ဒေါသကို သိမ်းထုတ်သိုဝှက်ထားခဲ့သည်။ ဒေါသထွက်ချင်လျက် မထွက်ခဲ့ရသော နေ့ရက်များစွာရှိလေသည်။ တိုးတိတ် ကြိတ်မှိတ်ခဲ့ရသော ကာလပင်ဖြစ်သည်။ တိတ်တိတ်လေးသာ။
.
လုပ်ငန်းခွင်ထဲတွင် မည်သို့မည်ပုံ လုပ်လိုက်သည်ကိုမသိ ရန်သူလဲကျသေဆုံးသွားသည်ဟု ဖတ်ခဲ့ရဖူးသော သမိန်ပေါသွပ်၏ ပြောစကားကို အမှတ်ရမိစေသော မြင်ကွင်းမျိုး မြင်ခဲ့ရသည်။ တစ်ဦးတစ်ယောက် ဖျံကျသည်။ တစ်ဦးတစ်ယောက် ချောက်တွန်းကြသည်။ တစ်ဦးတစ်ယောက်၏ နောက်ကွယ်တွင် တစ်ဦးတစ်ယောက်၏ မကောင်းကြောင်းကို ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ အားရပါးရ အာပေါင်အာရင်းသန်သန်ဖြင့်ပြောကြသည်။ မည်သသူမျှ ပေါ်ပေါ်ထင်ထင်မပြောကြ။ ကျနော့်မှာ ပြန်ပြောနိုင်စွမ်းလည်းမရှိ ။ အရှိတရားကိုသာ နားစွင့်ခဲ့ရသည်။ အရှိတရား၏ ပဲ့တင်သံသည် ကျနော့်၏ နားထဲတွင်ပျံဝဲရင်း ။ တိတ်တိတ်လေးသာ ။
.
တိုးတိုးတိတ်တိတ်နေ့ရက်များသည် ကုန်လွန်ဖွယ်မရှိသကဲ့သို့ပင် ရှည်လျားလွန်းလှသည်။ ပညာလေးစုံ ၊ စီးပွားလေး အတော်အသင့်ရလာတော့ လက်တွဲဖော်များရှာကြရသည်။ တချို့ သူများသည် စီးပွားမရှာခင်မှာပါပင် ပညာဖြင့်တွဲလျက် ကြင်ယာရှာကြသူများလည်းရှိသည်။ ကျနော်သည်လည်း သူများနည်းတူ ချစ်ခြင်းမေတ္တာ၏ မျက်နှာသာပေးခြင်းကို ခံရသူပင်ဖြစ်သည်။ ဆိုးဖော်များရှိသလို တိုးဖော်များလည်းရှိသည်ဟု ဆိုချင်သည်။ တိုးတိုးဖော်ဟုခေါ်လျှင် ပိုလှမည်။ တစ်ယောက်စကားတစ်ယောက်သာကြားရသော နှစ်ကိုယ်ကြားစကားများပြောခဲ့ကြသည်။ တိုးတိုးလေးပင်ဖြစ်သည်။ တစ်ယောက်နှင့်တစ်ယောက် သိပ်နီးကပ်လွန်းသောအခါ ကျနော်တို့ အော်ဟစ်ပြောဆိုဖို့ မလိုအပ်လှဟု ထင်မိသည်။ အနာဂတ်ရှေ့ ရေးတွေ တိုင်ပင်ကြသည်။ အလိုမကျသောအခါ တိုးတိုးပြောကြသော အလေ့အကျင့်အစား ရင့်ရင့်သီးသီးပြောကြသော နေ့ရက်များ အစားထိုးဝင်ရောက်လာခဲ့သည်သာဖြစ်သည်။ ဘယ်တတ်နိုင်ပါ့မလဲ ။ တိုးတိုးလေးသာ ဝေးခဲ့ရသည်။ အော်ကြီးဟစ်ကျယ်ဝေးရမှာ ကျနော် မလိုလား ။
.
ခွဲခွာခြင်းနှင့်ပတ်သက်ပြီး ရှင်ကွဲ ၊ သေကွဲ ဟူသော စကားလုံးကို သင်တို့ကြားဖူးပေမည်။ ရှင်လျက်ကွဲခြင်းသည် ငိုကြွေးဖို့လိုအပ်ကောင်းလိုအပ်မည်ဖြစ်သလို မငိုကြွေးပဲ ရင်ထဲမှာ ကြိတ်ငိုလို့လည်း ရနိုင်သည်။ ကျနော်သည် ဒုတိယူတစ်နည်းကို အလွယ်တကူ ရွေးမိရက်သားဖြစ်နေသည်။ တိုးတိုးလေးသာ။
.
ထိုထက်ပို၍ နာကျင်ခံခက်သော ဖြစ်ရပ်ကား မပြောမဆိုပဲ တိတ်တိတ်လေး ပျောက်ဆုံးသွားခြင်းဖြစ်သည်။ အနာကျင်ဆုံးနှုတ်ဆတ်နည်းမှာ တွေ့ဆုံရှင်းပြခြင်းမရှိပဲ ရုတ်တရတ်ပျောက်ဆုံးသွားခြင်းမျိုးဖြစ်သည်။ လူမှုကွန်ယက်များတွင် တွေ့ဆုံခွင့်ပျောက်သွားသည်။ လူကြီးမင်းခေါ်ဆိုသောဖုန်းနံပတ်မှာ တပ်ဆင်ထားခြင်းမရှိသေးပါရှင် ။ သွေးမထွက်သောဒဏ်ရာသည် ပိုလို့ပင် ပြင်းထန်လွန်းလှသည် မဟုတ်လား ။
ထို့ထက်ပိုပြီးပြောလိုသည်မှာ သင်တို့အနေဖြင့် ဒီစာကိုဖတ်ပြီး တိတ်တိတ်လေးနေလိုက်ဖို့သာ လိုပေသည်။
.
လွမ်းတေးချို
21 Oct 2017

Comments
Post a Comment