စာစုနှစ်များ
စာစုနှစ်များ
ကိုစိုင်းဇေယျာမြတ်မိုးမြင့်
ဟာ အိပ်မက်ကြီးစီးပြီး ရန်ကုန်ကိုရောက်လာတယ်
လမ်းတစ်ဝက်မှာ
အင်ဂျင်မကောင်းလို့ အလုံးလိုက်ဖြုတ်လဲပစ်ခဲ့သေးတယ်
မြေပုံထဲကမြို့ဆီကို
ရောက်တော့ တိမ်တွေမှာ အ၀တ်အစားမပါဘူးလို့ရေရွတ်လိုက်တယ်
တောင်တန်းတွေဆီမှာ
ကျင့်ဝတ်မခိုင်ပါဘူးကွယ်လို့ မြင့်မြင့်ပတ္တမြားနီလာ ဆိုတဲ့ကောင်မလေးက ပြောလိုက်တဲ့အခါ
ရင်ဘတ်ကြီးဟာ
တောင်တန်းပါကွာ မင်းလှဲအိပ်လိုက်ပါတော့လို့ အားပါးတရဆိုလိုက်တယ်
မီးပုံးပျံအကြောင်းပြောရင်
ကိုစိုင်းဇေယျာမြတ်မိုးမြင့် တစ်ယောက် မမောနိုင်မပန်းနိုင်ဘူး နော် လို့ ကောင်မလေးက
ဆိုလိုက်တော့ ဒါဟာ ငါ့ဘ၀ပဲ ၊ ဒါဟာ ငါ့ရဲ့  ရှင်သန်မှုပဲ ၊ ငါ့သွေးထဲမှာ မီးပုံးပျံကြီး
စီးဆင်းနေတယ်လို့ ရာဇာနေ၀င်းအထာနဲ့ ပြောကြားလိုက်တဲ့အခါ ကောင်မလေးက ဟယ် ပေါရဲလိုက်တာ
အကိုရယ်လို့ ပြန်ပြောခဲ့တယ်ဆိုပဲ ။ ဒီလိုနဲ့ တောင်တန်းတွေဆီမှာ ကန္တာရထဲက သဲပွင့်ကလေး
ရောက်မလာခဲ့ပါဘူး ။
လွမ်းတေးချို
ကိုစိုင်းဇေယျာမြတ်မိုးမြင့်
ဒီစာကိုရေးရခြင်းအကြောင်းအရင်းမှာ
ဒီစာကိုရေးမိသောကြောင့် ဖြစ်ပါသည်။ စာကလေးသည် ငှက်မျိုးနွယ်ဝင်ဖြစ်သော်လည်း ခွပ်ဒေါင်းမဖြစ်နိုင်ပါ
။ ငှက်သည် ဖွတ်မဖြစ်နိုင် ဆိုသော စကားရပ်အတွက် လုံလောက်သော အကြောင်းပြချက်ရှိမနေပါ။
ဖွတ်သည် ငှက်ဖြစ်နိုင်ကြောင်းကို အတူတကွလေ့လာခဲ့ပြီး ဖြစ်သည့်အလျောက် ဥပမာပေးရန် လိုအပ်ခြင်းအလျဉ်းမရှိဟု
ယူဆပါသည်။ ဒီစာကို ဖတ်နေရခြင်းအကြောင်းရင်းကို သင်ရှာဖွေနေပါသလား ။ ဒီအထိဖတ်လာခဲ့ပြီးမှ
နောက်ထပ်ဆက်ဖတ်ရန် ၀န်မလေးသင့်ဘူးဟုထင်ပါသည်။ မဖတ်တော့ဘူးဟုဆုံးဖြတ်ပြီး ဆက်မဖတ်တော့ပါက
ဒီစာကြောင်းကို မြင်ရမည် မဟုတ်ပါ။ ဒါသည် အမှန်တရားပင်ဖြစ်သည်။ အမှန်တရားသည် လှပသောစကားလုံးဖြစ်ပြီး
ထိုစကားလုံးထက်လှပသော အရာသည်ပင် ထိုစကားလုံးလောက်မလှဟု ရေးသားခဲ့ဖူးတာ အမှတ်ရပါသည်။
နေကောင်းကျန်းမာမည်ဟု ယူဆသောကြောင့် နေကောင်းလားဟု မရေးဖြစ်ခဲ့ခြင်းကိုကား နောင်တမရပါ။
နောင်တဆိုသော အရာကို နားလည်ရန် အတိတ်ဆိုးဆိုးတစ်ခု ထိုးကျွေးရသည်ဟု နားလည်ထားပါသည်။
အတိတ်ထဲတွင် ရှင်သန်ကျန်ရစ်သူများသည် နောင်တရပြီးရင်းရနေမည့်သူများဖြစ်ပါသည်။ သဘောတူပါသလား
သဘောတူတူမတူတူ သင်သည် ဒီစာကို ဒီအထိဖတ်နေခြင်းက ၀မ်းမြောက်စရာကောင်းလှပါသည် ။
တော်သေးပြီ
မှ/
မြင့်မြင့်ပတ္တမြားနီလာ
လွမ်းတေးချို
Comments
Post a Comment