အမေရိက ဒိုင်ယာရီ
အမေရိက ဒိုင်ယာရီ ။
၁။
အလင်းရောင်ဟာ တော်ရုံနဲ့ မပျောက်ဘူး ။ ည ကိုးနာရီ ကို ဘယ်လိုထိုးသွားမှန်းမသိလိုက်တာမျိုး။ နေ့ခင်းဖက်ဆို အိပ်ငိုက်နေပြီး ညဖက်မှာ လန်းဆန်းနေတဲ့ ငါ့ကို သင်တန်းဆရာက ထူးဆန်းစွာကြည့်တယ်။ ကမ္ဘာခြားတယ်ဆိုတာ ငါနားလည်လာပြီ။ တစ်ဖက်မှာနေ့ တစ်ဖက်မှာည ဖြစ်နေတော့ ငါနိုးရင် ငါ့လူတွေအိပ်နေပြီး သူတို့တွေ လှုပ်ရှားသွားလာနေတဲ့အချိန်မှာ ငါအိပ်မောကျနေရတာ။ တိုက်တွေ အကြီးကြီးတော့ ငါမတွေ့ရဘူး။ ဆယ့်သုံးထပ် ထက်ပိုပြီးဆောက်မရဘူးတဲ့ ။ ငါစဉ်းစားတယ်။ မြို့ ရောက်ရင် ခင်ဗျားတွေ့လိမ့်မယ် တိုက်ကြီးတွေ ဟီးလို့ဆိုတဲ့ စကားကို ငါဘယ်လိုပြန်ပြောရမှာလဲ ။ ငါတို့တွေဟာ စနစ်ကျခြင်းကို သူများနိုင်ငံမှာ လာပြီးသင်ယူနေရတယ် ။ အဲ့ဒီစာကြောင်းကို ရေးပြီး ငါပြန်ဖျက်ပစ်တယ်။ ငါစနစ်ကျသွားရင် ငါ့အတွက် ငါ့နိုင်ငံပြန်ရင် ကြောက်စရာကြီးမဟုတ်လား။ ငါ့နေထိုင်မှုတွေ ပြောင်းပစ်ရတာမျိုးကို ငါလည်း သိပ်လိုလားတာမျိုးတော့မဟုတ်ဘူး။ ငါ့ကို ဘီယာနဲ့ ကော်ဖီဘယ်ဟာ သောက်မလဲမေးတယ်။ ရွေးချယ်ရတာ ပျော်စရာကောင်းပါတယ်။ လမ်းတွေကို ငါကြည့်တယ်။ ဖုန်မထတာ ကို ငါသတိထားမိတယ်။ ပြီးတော့ မီးပွိုင့် နားမှာ ငိုနေတဲ့ကလေးမ တစ်ယောက်ကို ငါတွေ့တယ်။ စောဘွဲ့ မှူးသီချင်းကို ငါသတိရသွားတယ်။ရောဂါ ။ ငါဝမ်းနည်းရမှာလား ၀မ်းသာရမှာလားမသိဘူး။ မျက်ရည်တိုင်းဟာ ၀မ်းနည်းမှုကိုချည်း ဖော်ပြနေတာမဟုတ်ဘူး လို့ ငါ့ကို အမေရိကန်တစ်ယောက်ပြောခဲ့ဖူးတာကိုး။ ပျော်ရွှင်လွန်းလို့ မီးပွိုင့်မှာ ငိုနေတာတော့ မဟုတ်လောက်ပါဘူး ။ ငါနဲ့ မဆိုင်သလိုပဲ ငါ လမ်းဖြတ်လျှောက်ခဲ့တယ်။ တချို့ ကိစ္စတွေမှာ ငါကိုယ့်ငါ လူမပီသဘူးလို့ တွေးနေမိတယ်။
၂။
တည်းနေတဲ့ဟော်တယ်ဟာ ကြယ်သုံးလုံးရှိတယ်ဆိုလားပဲ။ဟုတ်ပါ့မလားဟ ။ ယုံသော်ရှိမယုံသော်ရှိ မနက်ခင်းတိုင်း ငါ့မှာ တူညီတဲ့ ဟင်းလျာတွေချည်းစား နေရတယ်။ နေ့ရက်တစ်ရက်တည်းကိုပဲ သံပတ်ပေးပြီး ပြန်စ ခိုင်းသလို ငါမြင်နေရတယ်။ ဒီလမ်းဟာ ငါလျှောက်ဖူးပြီးသားကြီးလေ ။ ငါ့ကို တကျော့ပြန် မခိုင်းစေကြပါနဲ့တော့ ။ အားကစားခန်းမ ထဲမှာ အားပါးတရပြေးနေတဲ့ သူတစ်ယောက်ကို ငါတွေ့တယ်။ ဘယ်ကိုမှ မရောက်ပဲ ပြေးနေတာမျိုးပေါ့ ။ သူ့အတွက်တော့ အဓိပ္ဗာယ်ရှိမှာပါ ။ စာရွက်တွေ အခန်းထဲမှာ တဖြည်းဖြည်းချင်း ပုံလာတယ်။ မလျှော်ရသေးတဲ့ အ၀တ်တွေနဲ့ အတူပေါ့ ။ ငါ့ဦးနှောက် ကိုကော ငါလျှော်ဖွပ် ပစ်လိုက်ရမလား ။ ငါ မဖျားနာအောင် ဂရုစိုက်တယ် ။ တစ်ခုခုများဖြစ်ခဲ့ရင် ငါ့ကို ကယ်မည့်သူရှိမှာမဟုတ်ဘူးလို့ ကြံဖန်ပြီး သိမ်ငယ်နေရတာကိုး။ အာမခံကြေးကို ရုံးကပေးထားရက်နဲ့ ငါ့မှာ စိတ်ဝိညာဉ်ချင်းထပ်ပြီး ပူပန်တတ်တဲ့ သူ တစ်ယောက်ကို တမ်းတနေရတာ ။ မောင်သာရက ဟော်တယ်တက်ပြီး စာရေးတယ်တဲ့ ။ ငါလည်း ဟော်တယ်ခန်းထဲကနေ စာထိုင်ရေးတယ်။ ငါ့စာများ အဆင့်မြင့်သွားမလား ။ ငါလည်း ရယ်ရတယ်။ နာမည်ကြီးတွေလို လိုက်လုပ်ဖူးရုံနဲ့ မြင့်မြတ်သွားမလားလို့ တွေးနေတာမျိုး။ ပြီးတော့ ငါ့ကိုယ်ငါ အိမ်သာတက်ရင်းစဉ်းစားတယ်။ သူတို့လည်း ငါ့လို မစင်စွန့်ခဲ့ဖူးမှာပဲလေ ။ ဘာလို့များ စောက်ရူးထ နေမလဲပေါ့ ။
၃။
ငါ့ကို မနက်အစောကြီး ဖုန်းဆက် နိုးတဲ့ သူငယ်ချင်းကို ငါကျေးဇူးတင်တယ်။ သူ့အတွက်တော့ သိပ်အခက်ကြီး မဟုတ်ပါဘူးတဲ့ ။ သူများအတွက် မခက်ပေမယ့် ငါ့အတွက် အချိန်မှန်နိုးထဖို့ ခက်နေမိတယ်။ တစ်ယောက်နဲ့ တစ်ယောက် မတူတာငါသိပေမယ့် နက်နက်နဲနဲ ကြီး တွေးသိတာမျိုးတော့မဟုတ်ဘူး။ ငါ့အတွက်လွယ်ပြီး သူများအတွက်ခက်နေတာမျိုး ရှိမလားပေါ့ ငါစဉ်းစားတယ်။ ငါ့အတွက် လွယ်လှတဲ့ ကိစ္စတွေ သိပ်မရှိလှဘူးဆိုတာ ငါသိသွားတယ်။ ငါဘာမှ မဟုတ်လှပါလားပေါ့ ။ ရထားကလေး စီးဖို့ ၊ တစ်နေရာကနေတစ်နေရာကို သွားဖို့ မေးမြန်းတာမျိုး မှာတောင် သိမ်ငယ်နေတာမျိုး။ အလုပ်မဖြစ်ဘူးလို့ မလုပ်ဖူးသေးပဲ အော်ဟစ်နေတာမျိး။ အရင်းကိုစစ်ကြည့်တော့ ပညာရေးစနစ် မကောင်းတာကွလို့ ဆရာကြီး အထာ နဲ့ ပြန်ပြောပစ်လိုက်လို့ ရတာပေါ့ ။ သေချာတယ် ငါလည်း အကြောင်းပြချက်တွေ လိုက်ရှာပြီး ငါ့ကိုယ်ငါ အသိအမှတ်ပြုနေရတာပါပဲ ။
၎။
ဒူးရင်းသီးစားပြီး အော့အန်နေတဲ့ နိုင်ငံခြားသားနှစ်ယောက် ဗီဒီယိုလေးကို ငါကြည့်မိတယ်။ မစားတတ် မသောက်တတ်လို့ ပဲ ပြောပြော ငါ မစားဖူးတဲ့ အစားအစာဆို ငါလည်း မအော့အန်မိအောင် မနည်းထိန်းရတယ်။ ငါးအစိမ်းတွေကို ငါဘယ်လိုမှ စားမရနေတာမျိုး ။ ဒိန်ခဲ တွေ အတုံးလိုက်ကို မျိုချရခက်နေတာမျိုး ။ ယဉ်ကျေးမှုထဲမှာ ပျော်ဝင်စီးဆင်းပြီး အသားကျအောင်နေကြပါလို့ ငါ့သင်တန်းသားတွေကို ငါအမြဲပြောတယ်။ ကိုယ်မလုပ်နိုင်တဲ့ အရာတစ်ခုကို သူများကို လုပ်ဆောင်ဖို့ ငါပြောနေရတယ်။ မန်နေဂျာတိုင်းဟာ ဘောလုံးကန် ကောင်းစရာ မလိုဘူးမဟုတ်လား။ ငါ့ကိုယ်ငါ ပြန်ပြီး ခြုံထားတဲ့ ဆင်ခြေတွေ ဟာ ငါ့ပတ်ဝန်းကျင်မှာပျံ့ ကျဲနေတယ်။ စာသင်ခန်းထဲမှာ လက်ထောင်ပြီး ကိုယ်သိကိုယ်တတ်ကြောင်း ပြရတဲ့ ပညာရေးစနစ်ထဲကို ငါရောက်နေတယ်။ လူရာဝင်ခြင်းကို လက်ပြပြီး ၀ယ်ယူရတယ်ဆိုတာ ငါခပ်ရေးရေး သဘောပေါက်မိတာ ကြာပြီလေ ။ ငါ့အရေးအသားတွေကလည်း ငါ့ကို လူရာဝင်စေပါ့မလား မသိဘူးပေါ့ ။
၅။
နိုင်ငံပေါင်းများစွာမှာ ရှိနေတဲ့ အဖွဲ့ အစည်း တစ်ခုရဲ့  အကြီးဆုံး ဒါရိုက်တာနဲ့ ငါတွေ့တယ်။ ငါ့ကို နာရီဝက်လောက် ခေါ်ပြီး သာကြောင်းမာကြောင်း မေးတယ် ပေါ့ ။ စိတ်သိပ်မပါလှပေမယ့် ငါငြင်းရဲခဲ့တာမှ မဟုတ်ပဲ ။ အခွင့်အရေးလို့ခေါ်ရမှာလား ။ ကျဉ်းထဲကျပ်ထဲရောက်ခဲ့တာလား ပေါ့ ။ လူတိုင်းဟာ တန်းတူပဲလို့ ငါအော်နေခဲ့ပေမယ့် တန်းတူ ဆက်ဆံခံရတာ ဘယ်လောက်ကောင်းမှန်း ငါမသိခဲ့ဘူး။ ငါ့ဘ၀င်ဟာ လွန်စွာမြင့်မားသွားခဲ့တယ်ဆိုရမှာပဲ ။သင်တန်းခန်းမထဲက လူတွေကို လိုက်ပြောတယ် ။ ငါ ဒါရိုက်တာနဲ့ တွေ့ ခဲ့တယ်ပေါ့ ။ ငါဘာတွေ ပြောခဲ့တယ်ပေါ့ ။ သူတို့ငါ့ကို အထူးအဆန်းလို ကြည့်တယ် ။ ဒီကောင် ဟုတ်ကောဟုတ်ရဲ့ လားလို့ မေးခွန်းထုတ်နေသလိုမျိုး ။ ဓာတ်ပုံလေး တစ်ပုံလောက်တော့ ငါရိုက်ခဲ့သင့်တာ ။ ဘာမှ မဟုတ်ပေမယ့် ဘာမှ မဟုတ်တာကို ပဲ ငါ့မှာပြောလို့ မဆုံးတော့ ။ သမ္မတ နဲ့ ဓာတ်ပုံတွဲရိုက်ပြီး သမ္မတထက် မြင့်မြတ်သွားလိုတဲ့ ရှင်သန်မှုမျိုးနဲ့ကမ္ဘာကြီးမှာ ပျော်ရတယ်။
၆။
ဓားချက်တွေ တစ်ချက်ချက်ပြီး တစ်ချက်အထိုးခံပြီးပဲ သေသေ ၊ သေနတ်သံတစ်ချက်နဲ့ပဲသေသေ သေခြင်းဟာမြင့်မြတ်သွားတယ်လို့ ဘယ်သူတွေကတွေးထင်ခဲ့လို့လဲ ။ လွန်လေခဲ့ပြီးသော အတိတ်ကို ငါထိုင်ကြည့်နေတယ် ။ လင်ကွန်းကြီးက ထိုင်ခုံပေါ်မှာ မိန့်မိန့်ကြီး သူထိုင်နေတာက အလံတစ်ခုကို ချခင်းပြီးထိုင်ထားတာ ။ သူ့ဘေး နံရံမှာ သူပြောခဲ့တဲ့ မိန်းခွန်းနှစ်ခု ။ ငါသိခဲ့တဲ့ ဒီမိုကရေစီ အဆိုအမိန့် ဟာ နံရံထက်မှာ ကွာမကျသေးဘူး ။ သူ့ အတွက် ရည်စူးပြီးဆောက်ထားတဲ့ အထိမ်းအမှတ် အဆောက်အအုံကြီးက ငါ့ကို အော်ကြီးဟစ်ကျယ်ပြောနေတယ်။ လွတ်လပ်ခြင်းရဲ့  အရသာကို မင်းသိလား ။ လွတ်လပ်ခြင်းအတွက် ငါတို့ လင်ကွန်းကို ပေးခဲ့ရတယ် ။ မလုံလောက်သေးဘူး ။ မာတင်လူသာကင်းကို ပေးခဲ့ရတယ် ။ မလုံလောက်သေးဘူး ။ မလုံလောက်သေးဘူးတဲ့ ။ ပြည်နယ် ၃၆ ခုကို စုစည်းပစ်ခဲ့သူကြီးကို ငါလည်း မြန်မာ့သမိုင်းနဲ့ တင်စားလိုက်ရင် သူလည်း အနော်ရထာလား ၊ ဘုရင့်နောင်လား စသည်ဖြင့်ပေါ့ ။ လူမည်းတွေဆီငါရောက်သွားတယ်။ လူတစ်ယောက်က လော်စပီကာတစ်လုံးနဲ့ ဆန္ဒတွေ ပြနေတယ်။ ဆန္ဒဆိုတာ ပြရတဲ့ အရာတစ်မျိုးကွဲ့  လို့ ပြောနေကြသလိုပဲ ။
၇။
ပန်းပွင့်တွေကို တွေ့တော့ ဓာတ်ပုံရိုက်တဲ့ ငါ့မိတ်ဆွေကို သတိရတယ်။ ဘာပန်းမှန်းမသိပေမယ့် နိုင်ငံခြားရောက်တုန်း တွေ့တဲ့ ပန်းမို့ ဓာတ်ပုံရိုက်ရတာပဲလို့ ငါမှတ်ယူတယ်။ ပန်းတွေနဲ့ ဓာတ်ပုံရိုက်လေ့မရှိတာ ငါ့အကျင့်ပဲ ။ ဘယ်ပဲရောက်ရောက် ဘာပဲလုပ်လုပ် တစ်ခုခု မျှော်ကိုးစိတ်နဲ့ ရှင်သန်ရတာမျိုးကို ငါမကြိုက်ဘူး ။ ၀တ်ကျေတန်းကျေ ပညာရှိယောင်ဆောင်ရတဲ့ နေ့ရက်တွေ ရှိတယ်မဟုတ်လား ။ ပန်းပွင့်တွေနဲ့ ဓာတ်ပုံရိုက်လိုက်ပါ ။ ပန်းတွေကို ချစ်တတ်သယောင်ပေါ့ ။ လှချင်တိုင်းလှနေပါလိမ့်မယ်။ အခန်းထဲက အရောင်ဟာ ဘာကို ရည်ရွယ်တာလဲ ။ ဘယ်သူက ရည်ရွယ်ချက်ရှိရှိနဲ့ အရောင်ကို ထည့်ခဲ့တာလဲ ။ အနက်ရောင် နဲ့ အ၀ါရောင် စပ်ထားတဲ့ ကုတင်ခေါင်းရင်းဟာ ဘယ်လို အစွမ်းတွေရှိနေမလဲ ။ မီးခလုတ်ဟာ ၀ါကျင့်ကျင့်နဲ့ ဆိုတော့ အချိန်တော်တော်ကြာခဲ့ပြီလား ။ မသိခြင်းထဲ မရှိခြင်းထဲ ခုန်ဝင်ပစ်လိုက်တဲ့အခါ အံ့သြဘနန်းဖြစ်ရတဲ့ ပျင်းရိမှုတွေ ရရှိပြန်တယ်။ ရှေးသရောအခါက ကိုလမ်ဘက်စ်ဆိုတဲ့ လူတစ်ယောက်ဟာ တိုက်ကြီးတစ်ခု ရှာဖွေတွေ့ရှိခဲ့တယ်ဆိုလားပဲ ။ ပုံပြင်ကတော့ အမေရိကကို ကြီးမြတ်အောင် ပြန်လည်လုပ်ဆောင်မယ်ဆိုတဲ့ စကားလုံးနဲ့ အတူပြီးဆုံးခဲ့တယ်။ မျက်နှာဖုံးတွေဟာ သိသိသာသာ ကွာကျသွားတယ်။ ငါ့မျက်နှာဖုံးဟာ ဘာလဲ ။ ငါ့မျက်နှာဖုံး ကွာကျသွားရင် ငါဘာဖြစ်သွားမလဲ ။
၈။
ချိန်းထားတဲ့အချိန် ရောက်မသွားမှာ ငါ သိပ်ကြောက်တယ်။ ဘယ်တုန်းကမှ မကြုံခဲ့ဖူးတဲ့ အကြောက်တရားနဲ့ ငါကိုယ့်ငါ ၀တ်ဆင်ထားတယ်။ ငါရယ်လိုက်တိုင်း ငါ့နာရီက ထထအော်တယ်။ ငါရောက်သွားတော့ ပွဲက စနေပြီ ။ လက်မှတ်ဟာ မိုင်ပေါင်းများစွာအဝေးကို အလျင်အမြန်ထွက်ခွာသွားခဲ့ပြီး ခရက်ဒစ်ကဒ် မရှိတာကို နာနာကျည်းကျည်းခံပြင်းမိတယ်။ ဘီယာတစ်ခွက်မှာပြီး ငါ ငူငူငိုင်ငိုင်ထိုင်နေတယ်။ အခွင့်အရေးဆိုတာ နှစ်ခါ မရဘူးလို့ ငါ့ကိုယ်ငါ ပြန်အော်တယ် ။ တော်တော် သောက်သုံးမကျတဲ့ကောင်လို့ အပြစ်တင်တယ်။ တစ်ခုခုစားရင်ကောင်းမှာပဲ ဆိုပြီး အာလူးကြော်တစ်ပွဲမှာတယ်။ ဒီနိုင်ငံမှာ အရာရာဈေးကြီးနေတော့ပါပဲ ။ ဘေးနားက စုံတွဲက ဘာတွေများ ရယ်စရာကောင်းလို့ ဒီလောက် ဟီးဟီးဟားဟားဖြစ်နေရတာတုန်း ။ ငါ့ဘေးနားမှာ လူမည်းတစ်ယောက်ဝင်ထိုင်တယ်။ လူမည်းလို့ခေါ်ရင် ခွဲခြားဆက်ဆံရာ ရောက်နေဦးမှာပေါ့ ။ ဖုန်းကို ထုတ်ကြည့်တယ်။ ၀ိုင်ဖိုင်များ အလကားရမလားလို့ ရှာကြည့်တယ်။ ပြင်ဆင်ခဲ့ရင် ရပါလျက်နဲ့ ငါဘာလို့များ ဘာသိဘာသာ နေခဲ့တာလဲ ။ ငါ့ကိုယ်ငါ ကျိန်ဆဲတယ်။ ပြီးတော့ ငါ့နိုင်ငံရောက်ရင် ဒီပြဿနာတွေ မရှိတော့ဘူးဟ လို့ တွေးမိရင်း ငါပြန်ပြုံးလာတယ်။ ငါဟာ Timing မှားနေတဲ့ သီချင်းစာသား ၊ ကွင်းမှားနေတဲ့ ကစားသမားပဲ ။ ပြီးတော့ ဘီယာကို ငါအရသာခံပြီးသောက်တယ်။
၉ ။
ရထားနှစ်စင်းသာ ထိပ်တိုက်များတွေ့မိကြရင် သိပ်ကြောက်စရာကောင်းမှာလို့ ရထားစီးနေရင်းတွေးမိတယ် ။ ကလေးတွေကို အလည်အပတ်ခရီးလိုက်ပို့တဲ့ ဖခင်တစ်ယောက်ကို ငါငေးကြည့်တယ် ။ မြွေတွေအရေခွံလဲလိုက်တဲ့အခါ လွယ်သလား ။ အမြင့်ဆုံး ဆုလာဘ်ကို ယူကြသူတွေယူကြ ။ဘာကိုမှတည်ဆောက်မရတော့ဘူးတဲ့လား ။ စိတ်ဟာကျကွဲနေတယ် ။ ဒီလူတွေနဲ့မဆက်သွယ်ရင် ဘယ်သူတွနဲ့ဆက်သွယ်မလဲ။ ငါတို့ဟာ ရထားမှားစီးခဲ့ပြီးပြီ သွားချင်တဲ့ခရီးသာ သေမသွားဖို့လိုတယ် မဟုတ်လား ။ မှားယွင်းမှုကို ပျော်ရွှင်ခြင်း အဖြစ် ငါအသက်သွင်းဖို့ကြိုးစားတဲ့အခါ ငါ့ခရီးသွားဖော်တွေက ထူးဆန်းစွာကြည့်တယ်။ သူတို့စိတ်ဟာ ပျက်ကျပြိုဆင်းနေခဲ့ပြီး ပြီးဆုံးခဲ့ခြင်းတွေပေါ်မှာ အခဲမကြေဖြစ်နေကြတယ်။ လေယာဉ်မှားစီးရင် ဘယ်လိုနေမလဲ ။ ဖိနပ်မှားစီးရင် ဘယ်လိုနေမလဲ ။ အိပ်ယာမှားအိပ်ရင် ဘယ်လိုနေမလဲ ။ အိမ်သာမှားဝင်ရင် ဘယ်လိုနေမလဲ ။ ဟာသ ဗီဒီယိုတွေထဲမှာ ငါတို့ ရယ်ခဲ့ကြတာပဲလေ ။ အခုလည်း ဘာကိုမျှော်လင့်နေကြဦးမှာလဲ ။
၁၀။
ငါစီးထားတဲ့ ဖိနပ်ကို လက်ညှိုးညွန်ပြီး လက်ခါပြတယ်။ ငါခြောက်ခြားသွားတယ် ။ စီးထားတဲ့ဖိနပ်ကြောင့် ဟိုတယ်စားသောက်ခန်းထဲ ဝင်မရခဲ့တာ ငါကြုံပြီးပြီလေ။ ဘာမှဆက်မပြောပဲ ခေါင်းတွင်တွင်ရမ်းတယ် အမူအရာတွေပြတယ် ။ ငါ့ကို ညွှန်ပြနေသူဟာ စကားမပြောတတ်မှန်းငါသိသွားတယ် ။ အခက်အခဲအတားအဆီးတွေကြောင့် မသန်စွမ်း ဖြစ်ရတာဆိုတဲ့ သီအိုရီတစ်ခုရှိတယ်။ လမ်းတွေမှာ ၀ှီးချဲသွားဖို့ လမ်းကြောင်းတစ်ခု ဖန်တီးပေးထားရင် လမ်းလျှောက်ရ ခက်နေသူအတွက် မသန်စွမ်းဖြစ်မှုပျောက်သွားမယ်။ မီးပွိုင့်တွေမှာ အသံစနစ်တွေ ထည့်ထားဖို့ ၊ လမ်းဘေးပလက်ဖောင်းတွေ မှာ ၀ှီးချဲနဲ့ သွားလို့ရအောင် ဖန်တီးပေးဖို့ ငါတို့ မစဉ်းစားခဲ့ကြဘူး။ ယဉ်ယဉ်ကျေးကျေးနဲ့ မသန်စွမ်းတွေကို ငါတို့ အသိုင်းအ၀ိုင်းကြီးက ငြင်းထုတ်ခဲ့ကြတယ်။ ယဉ်ကျေးသော လူမျိုးတွေဆိုပြီး ငါတို့တွေ ဂုဏ်မောက်နေကြသေးတယ်။ ငါသွားခဲ့တဲ့ ကဗျာပွဲမှာ Sign languange interpreter ကြီးက တစ်လုံးမကျန် ဘာသာပြန်ပြနေတယ်။ ငါငေးတယ်။ ငါငေးရင်း ငါဝေးနေတဲ့ အသိုက်အမြုံလေးကို ငါပြန်တွေးတယ်။ ငါ့ရှိမှုဟာ မောင်းနှင်အားကောင်းကောင်းနဲ့ ဆက်လက်ထွက်ခွာခဲ့ပြီး နောက်ဆုံးရထားတစ်စင်းကို အမှီလိုက်ခဲ့ရတယ်။ ပျော်စရာဆိုတာလည်း မမှီမကန်းပြေးလိုက်ရင်း လိုချင်တဲ့ရလဒ်တစ်ခုဆီကို ရောက်သွားတာမျိုးပေါ့။
၁၁။
သီချင်းတွေ အကျယ်ကြီးဖွင့်တာ မတွေ့ ရတော့ ငါ့မှာနေလို့မကောင်းဘူး။ ဓမ္မာရုံက မိုက်ကိုလည်း ငါမကြားရဘူး ။ နားကြပ်ကိုယ်စီနဲ့ တစ်ယောက်ပြီးတစ်ယောက် ငါ့ဘေးက ဖြတ်လျှောက်သွားတယ်။ ငါထိုင်နေတဲ့ လမ်းဘေးခုံလေးမှာ အရင်နေ့တွေတုန်းက ဂျစ်ပစီတစ်ယောက် ထိုင်နေတာ ငါတွေ့ခဲ့တယ်။ လက်ထဲက အကြွေစေ့တွေကို သူ့တောင်းနေတဲ့ ခွက်ထဲ တရိုတသေနဲ့ ငါထည့်ပေးခဲ့တယ်။ ကျေးဇူးပါ ဆြာ တဲ့ ။ ရပါတယ်ဗျာလို့ ပြန်ပြောရင်း တစ်ခုခု ထိုင်ပြောနေရင်ကောင်းမှာပဲလို့ ဆယ်လှမ်းလောက်လှမ်းပြီးမှ ပြန်လှည့်မလားငါတွေးတယ်။ ငါ့စိတ်ထဲမှာ တစ်ခုခုကို ကြောက်နေသလိုမျိုး ။ သူ့ရဲ့  အနွေးထည်ထူထူကြီးတွေဆီက ရတဲ့ အနံ့ကို မသတီသလို ခံစားမှုမျိုးရှိနေတယ်။ တစ်နေ့ကျ စကားပြောဖြစ်အောင်ပြောမယ်လို့ ငါတေး ထားတယ်။ ဘယ်လောက်ချမ်းသာတဲ့နိုင်ငံပဲ ဖြစ်နေပါစေ တောင်းရမ်းသူနဲ့တော့ ကင်းမှာမဟုတ်ဘူးလို့ ငါကောက်ချက်ဆွဲတယ်။ ၀က်သစ်ချပင်အောက်မှာ ရှဥ့်ကလေးတစ်ကောင် ဖြည်းညင်းစွာပြေးလွှားနေတယ်။ ရှင့်ကို ချစ်လား ၊ ကြွက်ကိုချစ်လားလို့ ငါတို့လူလည်ကျအငိုက်ဖမ်းပြီး မေးခွန်းထုတ်ခဲ့တဲ့ အထက်တန်းကျောင်းသားဘ၀ကို ငါအမှတ်ရသွားတယ်။ ရှဥ့် နဲ့ ရှင့် ဟာ အသံထွက်တူတယ်မဟုတ်လား ။ ပြီးတော့ ငါပြုံးလျက် လမ်းလျှောက်လာတယ်။
၁၂။
အနမ်းချင်းဖလှယ်နေကြတဲ့ စုံတွဲဟာ ဘူတာရုံ ပလက်ဖောင်းစင်္ကြန်ပေါ်မှာ ။တော်ရုံနဲ့မရပ်ဘူးဟလို့ ငါတွေးပြီးပြုံးမိတယ်။ တော်ရုံဆိုတာ ဘယ်လောက်ကိုပြောတာလဲ ဆိုတော့ ငါလည်းမသိဘူး။ မြန်မာနဲ့တူတဲ့ရုပ်တွေဆို ငေးကြည့်နေမိတဲ့ အကျင့်က ဘယ်တော့မှပျောက်မလဲ။ ဘာကြောင့်ငါလိုက်ကြည့်နေမိတာလဲလို့ ထင်ကောင်းထင်မယ်။ လူဆိုတာ တူရာလူတွေစုနေတာမျိုးကို သဘောကျတယ်။ ဒါကြောင့်ပဲ လူမျိုးဆိုတာတွေ ပေါ်ပေါက်လာတယ်လို့ ငါထင်တယ်။ ခုချိန်ထိတော့ ထုံးစံအတိုင်း လမ်းတွေမှားနေမိဆဲ ။ ရထားတွေ မှားစီးနေဆဲ၊ မိုးရာသီဟာ ငါနဲ့အတူပါလာတယ် ။ ထီးရာသီကတော့ ငါ့အတွက်ကုန်သွားခဲ့ပြီ ။ တရုတ်စားသောက်ဆိုင်ထဲမှာ နီးဟောင်မားဆိုပြီး နှုတ်ဆတ်တယ်။ ကိုးရီးယားဆိုင်ထဲရောက်တော့ အားညားစယိုး လို့ နှုတ်ဆတ်တယ်။ ဘာသာစကားဟာ ရင်ဘတ်ချင်းဆက်သွယ်ဖို့ အကောင်းဆုံး လျှပ်ကူးပစ္စည်းပဲ ။ ဒီထက်ပိုပြီးသင်ယူခဲ့ရမှာဆိုပြီး မချင့်မရဲ ဖြစ်ရတယ်။
၁၃။
ခဏနားပြီးမြို့ကြီးကို ထိုင်ကြည့်နေတယ် ။ ခရီးသွား အဘိုးကြီးအဘွားကြီးစုံတွဲဟာ ငါတို့ရောက်နေတာ ဒီနေရာ ဟိုနေရာဆိုပြီး မြေပုံစာရွက်ကြီးကိုင်ပြီး ငြင်းနေကြတယ်။ နောက်ဆုံးတော့ အဘိုးကြီးက အရှုံးပေးလိုက်တယ်။သူ့မိန်းမရဲ့ စကားလုံးတွေကို ခံနိုင်ရည်မရှိတာလား ။ ကိုယ်တိုင်မှားနေမှန်းသိသွားတာလားတော့ သူပဲသိမှာပေါ့။ ငါကတော့ ဘယ်နေရာရောက်ရောက် တွေ့ကရာ လူတစ်ယောက်နဲ့ စကားလက်ဆုံကျလိုက်တာပါပဲ ။ ဟမ်းဖုန်းကိုယ်စီဟာ သူတို့အတွက် ဘာသာတရားအသစ်ပဲ ။ ဓာတ်အားနဲ့ပူဇော်ရတဲ့ ဖုန်းတွေဟာ တန်ခိုးကြီးနတ်ဘုရားပဲ ။ အိုင်ဖုန်းနတ်လား ။ဆမ်ဆောင်းနတ်လား ။ ရှောင်မီနတ်လား။ အရစ်ကျပေးရတဲ့စနစ်နဲ့ ဘုရားတွေကို ကိုးကွယ်နေကြ ။ အတုအယောင်ဘဝထဲက ဂိမ်းတွေ ထဲမှာ အဓိပ္ပာယ်ဆိုတာ တွေ့ရှိကြ။ ငါ့နတ်ဘုရားဟာ ဘယ်သူဖြစ်မလဲ ။
၁၄။
မြို့ တစ်မြို့ ကနေ တစ်မြို့ ကို ကူးတဲ့ ဟိုင်းဝေးလမ်းမပေါ်မှာ နှစ်ယောက်ခုံကို တစ်ယောက်တည်း ထိုင်စီးရတယ်။ ပုလင်းနှစ်လုံးကို တိုက်ပြီး ချီးယားစ်လို့ အော်ဟစ်လိုက်တဲ့အခါ ငါဟာ ဂျစ်ပစီတစ်ယောက်နဲ့ စကားပြောနေမိရက်သားဖြစ်နေတယ်။ အနံ့အသက် တစ်မျိုးတည်းကိုပဲ သူ့စကားသံတွေထဲမှာ ငါဖမ်းမိနေတယ်။ အောက်သိုးသိုးအနံ့ ။ မလိုအပ်ပဲ အ၀တ်တွေထပ်ဝတ်ထားတာမဟုတ်ဘူး ။ ရေမိုးချိုးဖို့ အတွက်သူတို့မှာ အခက်အခဲတွေ ဖြစ်နေတာ ။ ရေချိုးခန်းကို သော့နဲ့ဝင်ရတော့ အခက်အခဲဆိုတာ ကိုယ်နှင့်မကွာရှိနေမှာပဲ ။ ဟိုင်းဝေးလမ်းမထက်မှာ မတော်တဆ တိုက်မိထားတဲ့ကားတွေ တွေ့တယ်။ လမ်းညွှန်ဆိုင်းဘုဒ်တွေဟာ အစိမ်းရောင် နောက်ခံနဲ့ စကားလုံး အဖြူ ။ ဂျစ်ပစစီဟာ ငါ့နံဘေးမှာ ထိုင်ပြီး စကားတွေပြောနေခဲ့တာ ငါအမှတ်ရတယ်။ ခရီးတစ်ခုကို မပြင်မဆင်ပဲ ထွက်လာခဲ့ရလို့ ငါဝမ်းမနည်းမိဘူး။ ပြင်ဆင်ပြီးမှ ပျော်ရွှင်ရတာမျိုးကို ငါမကြိုက်ဘူး ။ တိမ်တွေဟာ ဖြောင့်ဖြူးတဲ့ ကားလမ်းတွေထက်မှာ ငြိမ်သက်နေကြတယ်။ ဂျစ်ပစီမိုးတိမ် ဆိုတာ ငါကြိုက်နေဆဲ သီချင်းတစ်ပုဒ်ပဲ ။ ဂျစ်ပစီတစ်ယောက်ဆီက အနံ့အသက်က လွဲပြီး ဘာမှ မရခဲ့တာ ငါစိတ်မကောင်းဘူး ။ သူတို့ကို ဘယ်သူနားထောင်မှာလဲဆိုတဲ့ မေးခွန်းက ငါ့ကို အရှက်ရစေတယ်။
၁၅။
နာမည်ကြီးလှတဲ့ ဟားဗတ် တက္ကသိုလ်ဝင်းထဲကို ရောက်တယ်။ ဟော့ဒါက နှစ်အကြာဆုံးအဆောက်အဦး ၊ ဟော့ဒါက အမေရိကမှာ ဒုတိယ အကြီးဆုံး စာကြည့်တိုက် ၊ ဟော့ဒါက ဘာဖြစ်တာ ၊ ညာဖြစ်တာ ။ အမှန်အကန်ပြောနေတဲ့ ဧည့်လမ်းညွန်ကြီးရဲ့  စကားကို သေချာနားမထောင်မိပဲ ငါမျက်စိထဲပေါ်လာသမျှကိုငေးနေမိတယ်။ ဒါဘာလဲလို့မေးလိုက်ရင် ငါတို့အဖွဲ့ထဲမှာ ဒိုးဒိုးဒေါက်ဒေါက်ဖြေနိုင်တဲ့ကောင်မလေးတစ်ယောက်ရှိတယ်။ သူ့အိမ်မက်က ဟားဗက်မှာကျောင်းတက်ဖို့တဲ့ ။ ဒါကြောင့်ပဲ သူ့မှာ အကုန်သိနေခဲ့တာကိုး ။ ဟားဗတ်ရုပ်တုကြီးနဲ့ ဓာတ်ပုံတွေတွဲရိုက်ကြတယ်။ လူကြီးတွေက ကလေးတွေကို ဒါမင်းတို့ ရောက်အောင်လာရမည့်နေရလို့ ပြောနေကြသလိုပဲ ။ ငါသုံးနေတဲ့ဖေ့စဘွခ်ကို ဟားဗတ်ကျောင်းမပြီးခဲ့တဲ့ ဇူကာဘတ်ကထောင်ခဲ့တယ်။ ငါလည်း ဒီစာကို ဟားဗတ်ကျောင်းမတက်ပဲနဲ့ ရေးခဲ့တယ်ပေါ့ ။ ဒီလောက်ပါပဲ ။
၁၆။
အလုပ်တွေကတော့များလွန်းလှပါတယ်။ ဘယ်ကစလုပ်မှန်းမသိတာနဲ့ ကိုယ်လုပ်ချင်တဲ့အလုပ်ကို မလုပ်ဖြစ်နေတာ ။ ကိုယ်ဖြစ်ချင်တဲ့အလုပ်ကဘာလဲဆိုတော့ ကိုယ်ဖြစ်ချင်တဲ့အလုပ်ကဘာလဲဆိုတာကို ရှာချင်တာ ။ ငါနဲ့ စကားပြောနေတဲ့ကောင်မလေးက မျက်လုံးတွေအရောင်တောက်လာတယ်။ ငါလှမ်းပေးလိုက်တဲ့ ဆေးလိုက်ကို မီးညှိရင်း သူ့ဘ၀ကောက်ကြောင်းကိုပြောပြနေတယ် ။ တွေ့ကရာနေရာမှာ ပျော်တတ်တဲ့ငါဟာ ဟားဗတ်ကျောင်းအပြင်ဖက်က စစ်တုရင်ခုံလေးမှာ ကစားဖော်အဘိုးကြီးနဲ့လေးနာရီလောက် စကားလက်ဆုံကြနေခဲ့တယ်။ ငါနဲ့စစ်တုရင်ကစားနေတဲ့ နေရာဆီကောင်မလေးက ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတယ်။ ပြီးတော့ ငါ့ရဲ့  အရှုံးကို ကျကျနနထိုင်ကြည့်တယ်။ စစ်တုရင်ကစားတယ်ဆိုတာ ပူးပေါင်းလုပ်ဆောင်ခြင်းပဲကွလို့ အဘိုးကြီးက ငါ့ကိုပြောပြတယ်။ တစ်ယောက်အသက်ကို တစ်ယောက် ပူးပေါင်းပြီးကာကွယ်ဖို့လိုသလို တစ်ယောက်အသက်အတွက် တစ်ယောက်ကို ထိုးကျွေးရဲရမယ်ပေါ့ ။ ဘုရင်ဟာ သုံးစားမရတဲ့ အကောင်ကြီးပဲ ။ ဒါပေမယ့် ငါတို့ အကျဆုံးခံလို့မဖြစ်ချေဘူး ။ ဒီခုံပေါ်မှာ ဒီဂိမ်းကို ကစားမှတော့ ဒီစည်းမျဉ်းတွေလိုက်နာလိုက်ရတာပေါ့ ။ ကစားပွဲတွေထဲမှာ ငါနှင့်ငါ့ကြားခက်ခဲစွာ ရှင်သန်နေရတဲ့ စံနှုန်းများ ။
၁၇။
ဘီယာတစ်ပုလင်းဖိုးလောက်တောင် ဝင်ငွေမရှိတဲ့ သူက ဖော်ချွတ်ကချေသည်တွေကို သီးသန့်ခန်းထဲမှာတွေ့ချင်သလိုမျိုး အိပ်မက်ဆိုတာ မက်လို့ကောင်းတဲ့အရာဖြစ်ပါ့မလား။ အိပ်မက်ကို အရင်းတည်ပြီး လက်ရှိကာလကို တည်ဆောက်ခိုင်းတဲ့ တက်ကျမ်းစာအုပ်တွေကို ငါ မဖတ်ဖြစ်ဘူး။
သီချင်းတစ်ပုဒ်ဆုံးတော့ ဖျော်ဖြေရေးဟာ ရပ်တန့်သွားရမှာပဲ။ လူတစ်ယောက်သည် သီချင်းတစ်ပုဒ်ကို နှစ်ခါနားမထောင်နိုင် လို့ လမ်းဘေးတီးဝိုင်းလေးမှာ ဟီလာကရေးတပ်စ်အထာနဲ့တွေးပစ်သေးတယ်။ လေပေါ်မှာပျံဝဲနေတဲ့ သံသရာလေး။ ရေခဲပြင်ပေါ်မှာ မွှေးရတဲ့မီးလို လောင်အားက မသေးဘူး။ ကြိုးတွေ တီးချက်တွေကြားကကြိုးတွေ ။ မင်းဆီကိုသံသရာလေးခေါ်လာရင်ဘယ်လိုလုပ်မလဲ ။ သံသရာလေးဟာလေပေါ်ကနေဝဲပြီးကျလာတယ်။ အဖိတ်ခံရတာနဲ့ မဖိတ်ပဲသွားတာနဲ့မတူဘူး ။ ဟုတ်ပါ့ သံသရာလေးဆီမှာ တစ်ခုခုတော့ တစ်ခုခုပဲ။
၁၈။
အစိုးရက အလကားပေးထားတဲ့ ဖယ်ရီပေါ်ကို လုပြီးမတက်ကြပေမယ့် ထွက်ခွာချိန်မရောက်သေးမီတန်းစီနေကြတယ် ။ အကောင်းဆုံးနေရာရဖို့ ကြိုးပမ်းနေကြတယ် ။ မြို့ကြီးရဲ့ အလှအပကို လုပြီးကြည့်ကြတယ်။ သူတို့မှာအချိန်ရှားပါးခဲ့တာလား ။ နောက်ဆုံးတော့ အထိမ်းအမှတ် ရုပ်တုကြီးနဲ့ ဆယ်ဖီတွေဆွဲကြတယ်။ သူတို့ဘဝက ဒါပဲ ။ လူတွေရှေ့မှာပိတ်ရပ် ရမှာ အားနာတာနဲ့ ရှေ့ဆုံးနေရာကို မယူခဲ့သူများရှိမလားလို့ ငါလိုက်ရှာတယ် ။ လောဘာတီရုပ်တုကြီးက စိတ်ပျက်သွားမလားမသိဘူး ။အမှန်အတိုင်းပြောရရင် ဗီးနပ်စ်နဲ့ လေဘာတီရုပ်တုကို ငါအမှတ်မှားနေခဲ့တာ။ ငါထင်တာ လေဘာတီရုပ်တုကြီးဟာ လက်တစ်ဖက်ပြတ်နေခဲ့တယ်ပေါ့။ စိတ်ပျက်လက်ပျက်ဆိုတာ ဒါမျိုး ဖြစ်မှာပေါ့ ။
၁၉။
ဘရော့ဒ်ဝေးလမ်းမပေါ်မှာ ငါ့မိတ်ဆွေကိုစောင့်ရင်း ငါမျက်စိထဲမြင်သမျှကို ငါလိုက်ကြည့်နေတယ်။ မတွေ့ရတာကြာပြီဖြစ်တဲ့သူငယ်ချင်းတွေကိုဖုန်းဆက်တယ်။ ကားလမ်းမဟာ ဘယ်တော့မှမခမ်းခြောက်တဲ့မြစ်တစ်စင်းလို ကားတွေငါ့ရှေ့က စီးဆင်းသွားတယ်။ ငါထိုင်နေတဲ့ကားမှတ်တိုင်လေးရဲ့  အနောက်ဖက်မှာ အနုပညာစင်တာတစ်ခုရှိတယ်။ အနုပညာဆိုတာနဲ့ ငါလည်း စိတ်ဝင်တစားငေးကြည့်မိတာပါပဲ ။ ဂစ်တာလေးတီးပြီး သီဆိုနေတဲ့ လမ်းဘေးအဆိုတော်လေးဟာ အနုပညာကျောင်းဆင်းလား။ ကျောင်းဆင်းဆိုရင် ဘယ်လိုအဓိပ္ပာယ်မျိုးဖြစ်မလဲ ။ ကျောင်းတွေကို အထင်ကြီးလေးစားစိတ်နဲ့ ငါ့မှာ ရှင်သန်နေဆဲဆိုတာ ရာနှုန်းပြည့်သေချာတယ်။ လူတစ်ယောက်ဟာ သူ့ခွေးစွန့်လိုက်တဲ့ မစင်ကို ကျွတ်ကျွတ်အိတ်ကလေးနဲ့ ကျုံးလိုက်တယ်။ သန့်သန့်ရှင်းရှင်းနေကြပါလို့ ဆိုင်းဘုတ်ကပ်ထားတာ မတွေ့ရဘူး။
၂၀။
အပူချိန်က ၃၆ ဒီဂရီ ။ ရောမရောက်ရင် ရောမလိုကျင့်ရမယ်ဆိုတော့ ငါလည်း စီးနေကြ မဟုတ်တဲ့ ဘွတ်ဖိနပ်ကြီးကိုစီးလို့။ ချွေးတတောက်တောက်ကျနေတော့ ငါလည်း လက်ခုံတစ်လှည့် လက်ဖမိုးတစ်လှည့်နဲ့ ချွေးသုတ်ရတယ်။ လက်ကိုင်ပုဝါလေးတစ်ထည်လောက် သယ်ခဲ့ရမှာ။ ခရီးသွားရင် ပြင်ဆင်ခြင်းမရှိပဲ အလွယ်တကူ အထုပ်ကလေးဆွဲပြီး ထသွားတတ်တဲ့အကျင့်ကို ငါဘယ်တော့မှဖျောက်မလဲ ။ မလိုအပ်တာတွေကို အိပ်ထဲမှာထည့် လိုအပ်တာတွေကိုမေ့ပြီးရင်းမေ့ ။ ငါ့နေ့စဉ်ဘဝမှာလည်း မလိုအပ်တာတွေ တောင်လိုပုံနေတာ။ မဖတ်ဖြစ်ပဲ ဝယ်ထားတဲ့ စာအုပ်တွေပုံနေတာ။ ကြီးကြီးကျယ်ကျယ်ပြောရရင် ဘဝဆိုတာ ကြိုးတန်းပေါ်မှာလမ်းလျှောက်ရတာ။ ပြုတ်ကျတာနဲ့ ငါတို့သေမှာ ။ ငါ့မှာ မလိုအပ်တဲ့ အထုပ်အပိုးတွေနဲ့ ဟန်ချက်မပျက်အောင်ထိန်းလို့။
၂၁။
ရထားဟာ ယိမ်းခါပြီး ထွက်ခွာခဲ့တယ်။ သံလမ်းနဲ့ဘီး ပွတ်တိုက်သံကို အတိုင်းသား ကြားနေရတယ်။ ငါလည်း ဆင်းရမည့် မှတ်တိုင်ကို မကြာမကြာ လှမ်းလှမ်းကြည့်တယ်။
ငါ့ဘဝခရီးလမ်းကိုသာ ရထားစီးသလောက် ဂရုစိုက်ခဲ့ရင် နေရာတစ်ခုခုမှာအောင်မြင်နေမလား။ ဒါမှမဟုတ် ပူပန်ခြင်း ဝဲဂယက်ထဲမှာ မျှောပြီးရင်းမျှောနေမလား။ ရေငုတ်သင်္ဘောတွေဟာ တစ်ခါတစ်ခါ အသက်ရှုဖို့ကုန်းမြေပြင်ပေါ်ကိုရောက်ခဲ့မှာပဲ ။ ပင်လယ်ကိုချည်းဖက်တွယ်ထားလို့တော့ဘယ်ဖြစ်ပါ့မလဲ ။ လိုဏ်ခေါင်းတွေဆီကို မရည်ရွယ်လည်း ရထားဟာ ရောက်ခဲ့ရတယ် ။ မှတ်တိုင်ရောက်တော့ တံခါးဟာ အလိုအလျောက်ပွင့်သွားမှာပဲ ။ ဆင်းနေခဲ့မလား ဆက်သွားမလား ငါတို့ ရွေးချယ်ရမှာ။ ရွေးချယ်ခြင်းတွေနဲ့ အသားမကျခဲ့တော့ ရွေးရကောင်းမှန်း မသိခဲ့တာ ငါ့အမှန်တရားပဲ ။
၂၂။
ယဉ်ကျေးမှုဆိုတဲ့ စကားလုံးမှာ ဆဲဆိုခြင်းအလေ့အထတွေ ပါချင်ပါနေမှာပဲလေ ။ ကိုယ့်ဘာသာစကားနဲ့ ဆဲလိုက်မှ အားရတာကွဆိုတဲ့ သူငယ်ချင်းကို ငါသတိရမိသွားတယ်။ စိတ်လိုလက်ရ လက်ခလယ် ထောင်ပြရဲဖို့ ငါတို့ဘယ်လောက်လေ့ကျင့်ဖို့လိုမလဲ ။ အရှိန်နဲ့လာတဲ့ကားဟာ လူကူးမျဉ်းကြားမှာ တုန့်ခနဲ ထိုးရပ်သွားတယ်။ စိတ်အဆာပြေဖို့ ငါမဆဲဆိုလိုက်ရဘူး။ ငါတပ်ခဲ့တဲ့မျက်မှန်ဟာ ငါ့ပတ်ဝန်းကျင်က အရောင်ကို သယ်ဆောင်ဆောင်လာပြီး ငါ့မြင်ကွင်းဟာ မျက်မှန်တွေနဲ့အတူ အဓိပ္ဗာယ် ဖြစ်ထွန်းနေခဲ့ရတယ်။ စာကြည့်စားပွဲကို ပြန်ရောက်တော့ စိတ်အခန့်မသင့်မှုတွေနဲ့ မှုန်မှိုင်းနေရပြန်တယ် ။ ငါဘာကို အလိုမကျတာလဲ ။ ငါ့အလိုဟာ ဘယ်မှာကျပျောက်ခဲ့တာလဲ ။ ငါလိုနေတာဘာလဲ ။
၂၃။
အားလပ်ရက်မှာ တောင်တက်တာတို့ ၊ တောထဲမှာ လျှပ်စစ်မီးမရှိပဲ ရက်ပေါင်းများစွာသွားနေတာတို့က သူတို့အတွက် မက်မက်မောမော တွယ်တာစရာ ဖြစ်ပေမယ့် ငါ့အတွက်က အဲ့ဒီလိုနေရာတွေဟာ ဒုက္ခလွင်ပြင်ကြီးပဲ ။ အဲ့ဒီဒုက္ခတွေက လွတ်မြောက်ဖို့ ငါတို့တွေ အသည်းအသန်ကြိုးစားနေကြတယ်။ သတင်းစာထဲက တံတားဖွင့်ပွဲသတင်းတွေ ၊ လူကြီးလာလို့ ထုံးသုတ်ခံရတဲ့ သစ်ပင်တွေ ၊ သစ်ရိပ်ဝါးရိပ်ထက် တိုက်ရိပ်ခိုဖို့ ရုန်းကန်ကြရတာတွေပေါ့။ သူတို့က ငါတို့ဆီ လာတယ်။ ငါတို့ သတ်မှတ်ထားတဲ့ ဒုက္ခဆိုတာကြီးကို အားလပ်ရက်နဲ့ အလဲအလှယ်လုပ်ဖို့ ၊ ၀ိုင်အရက်သောက်ပြီး ဇိမ်ခံကြည့်ရှုဖို့ ။ ငှက်တစ်ကောင်ဟာ လေယာဉ်ပျံနဲ့ ယှဉ်ပြီးပျံနိုင်ခဲ့မယ်လို့ ငါထင်တာပဲ ။ အတောင်ညောင်းတော့လည်း စက်ရပ်သွားတဲ့ယာဉ်လို ထိုးရပ်ခဲ့ရတာပေါ့။ ငါ့အတွေးဟာ ငါငယ်ငယ်တုန်းကဆော့ခဲ့တဲ့ ငါ့အမေရဲ့  သိုးမွှေးလုံးတွေပဲ ။ ငါဖြည်ပေမယ့် မပြေနိုင်ခဲ့ဘူး။
လွမ်းတေးချို
လွမ်းတေးချို
Comments
Post a Comment