မကြာခဏဖာထေးပြီး လှော်ခတ်နေရတဲ့ လှေ

မကြာခဏဖာထေးပြီး လှော်ခတ်နေရတဲ့ လှေ

မနီကလေး ဘယ်ကလာ စာသင်ကျောင်းကလာ
မနီကလေး ဘယ်ကိုသွား စာသင်ကျောင်းကိုသွား
မနီကလေး ဘာလုပ်ချင် ဆြာဝန်ကြီးလုပ်ချင်
မနီကလေး ဘာတွေလုပ် အိပ်စာလုပ် အိမ်စာလုပ်

ဒီလိုနဲ့ မနီကလေးဟာ အရွယ်ရောက်လာတယ်။ အရွယ် မရောက်တရောက်ဖြစ်လာတယ်လို့ပြောရင်ပိုမှန်မယ်။ နည်းနည်းကလေးကွန့်ရေးရရင် ။ မျှစ်စို့ကြီးတွေ မိုးတွင်းမှာ တမုဟုတ်ချင်း ပေါ်ထွက်ကြီးထွားလာသလိုမျိုး ၊ သတိမထားမိလိုက်တဲ့အချိန်အတောအတွင်းမှာ မနီကလေးရဲ့  ခန္ဓာဗေဒ ကောက်ကြောင်းဟာ ခဲခြစ်လို့ကောင်းတဲ့ အရွယ်အစားရောက်လာတယ်ဆိုရမှာပါပဲ ။

မနီကလေး အရွယ်ရောက်  စင်တင်ထဲကိုလျှောက်
မနီကလေးဘာတွေလုပ် ခန္ဒာလှုပ် ခန္ဒာလှုပ်
မနီကလေး ဘာတွေရ ပန်းကုံးရ   ပန်းကုံးရ
မနီကလေး ဘာတွေရှာ စပွန်ဆာရှာ စပွန်ဆာရှာ

ဒီလိုနဲ့ မနီကလေးဟာ သဘောကောင်း မနောကောင်းတဲ့ ဦးနဲ့တွေ့ခဲ့တယ် ။ မြင်သာအောင်ရေးပြရရင် ရေတွက်မကုန်တဲ့ ငွေကြေးဟာ ဦးဆီမှာ ရှိနေတဲ့ အရင်းအမြစ်တွေဖြစ်ပြီး မနီကလေးကသာ တူးဆွဖော်ယူပစ်လိုက်ဖို့ လိုတယ်။  စီမံချက်ရှိလို့ အဖမ်းခံရမည့် အထဲမှာ မနီကလေး မပါဘူး။ လိင်မှုရသကို တွေ့ထိခံစားရင်း  မနီကလေးဟာ အရွယ်ဟိုင်းလာခဲ့တယ်ဆိုလား ။

မနီကလေး အရွယ်ကျ  ဘာတွေရ ဘာတွေရ
မနီကလေး ဘာမှမရ အိမ်ပေါ်ကနှင်ချ
မနီကလေး ဘယ်ကိုရောက် လမ်းပေါ်ရောက် လမ်းပေါ်ရောက်
မနီကလေး ဘယ်ကိုသွား လမ်းပေါ်သွား လမ်းပေါ်သွား

ဒီလိုနဲ့ ခင်ဗျားတို့ဟာ ဇာတ်သိမ်းပိုင်းကို သိချင်လာမယ်။ ဆက်ဖတ်မယ် ။ ဇာတ်ပြောသူကလည်း မနီကို ဘယ်ရောက်သွားမှန်းသိတာမဟုတ်ဘူး။ မနီဆိုတာ ရှိလို့ရှိမှန်းလည်းသိတာမဟုတ်ဘူး ။

မနီကလေး ဘယ်ကိုရောက် ဘယ်ကိုမှ မရောက် ၊ ဘယ်ကိုမှ မရောက် ။ ။

လွမ်းတေးချို

၁၅.၉.၂၀၁၇ 

Comments

Popular posts from this blog

စာဟောဆရာ

ပညာရှိအယောင်ဆောင်တုန်းက ကိုယ့်သီဝရီ က ကဗျာကိုဖျက်ဆီး

ပန်းကလေးနဲ့ ကျနော်