မမ
မမဆီမှာ အချစ်မရှိတော့ဘူးလား လို့ ကျနော်မေးလိုက်တော့ မမက ဟက်ဟက်ပက်ပက်ရယ်တယ် ။ ဘယ်လိုမေးခွန်းတွေလာမေးနေတာလဲကွယ် ။ အချစ်ဆိုတာကို လွယ်လင့်တကူ စိုက်ပျိုးလို့ရတဲ့ ကြက်ဆူပင်တွေလို့ထင်နေလို့လား ။ ဒါမှမဟုတ် ရွက်ကျပင်ပေါက်တွေလို ဖြစ်ကတတ်ဆန်းပွားများလာတယ်လို့ မင်းထင်နေတာလား ။
အဲ့ဒီစကားတွေပြောနေတဲ့အချိန်မှာတော့ မမရဲ့  မျက်နှာဟာ တရားသူကြီးတစ်ယောက်အမိန့်လွှာကို ဖတ်ကြားနေတဲ့ တည်ငြိမ်မှုမျိုးနဲ့ပေါ့ ။
မမကျနော့်ကို မချစ်ဘူးလားလို့ ဘယ်နှစ်ကြိမ်မြောက်မှန်းမသိတဲ့မေးခွန်းကို ကျနော်ထပ်မေးလိုက်တယ်။ မင်းနဲ့ မမ နဲ့ကြားမှာ ချစ်ခြင်းမေတ္တာကို စကားလုံးတွေနဲ့တည်ဆောက်ပြဖို့လိုနေလို့လား ဆိုပြီး မမက ကျနော့် ပါးလေးကို ရွှတ်ခနဲ နမ်းလိုက်တယ်။
မမ ပုခုံးနှစ်ဖက် စုံကိုင်ပြီး ကျနော် လေးလေးနက်နက်သူ့မျက်လုံးတွေနဲ့ ဆုံကြည့်လိုက်တယ်။ မမက ပြီတီတီလေး ပြန်ကြည့်တယ်။ ငချွတ်လေး တစ်ယောက် သူ့ရဲ့  ကျော့ကွင်းထဲမှာ ဆိုတဲ့ မာယာရှင်တစ်ယောက်ရဲ့ အကြည့်မျိုးမဟုတ်ဘူး။ ဆရာမ တစ်ယောက်က ကိုယ့်အမှတ်နဲ့ကိုယ်အားမရဖြစ်နေတဲ့ ကျောင်းသားတစ်ယောက်ကို ကြည့်တဲ့အကြည့် ။
အဲ့ဒီကတည်းက ကျနော် ဆုံးဖြတ်လိုက်တယ်။ မမ ရဲ့ အကြည့်တွေကို တုံ့ပြန်မယ် ။ ကိုယ်ဟာ သူ့ဆီမှာ ပညာသင်နေတဲ့ကျောင်းသားမဟုတ်ဘူး။ ကိုယ်သူ့ကို စိုးမိုးနိုင်ရမယ်ဆိုပြီး ကျနော်ကြိုးစားခဲ့တယ်။
လူသူရှုပ်ထွေးလှတဲ့ လမ်းမ တစ်ခုပေါ်မှာ မမနဲ့ ကျနော်ပြန်တွေ့တယ်။ ထုံးစံအတိုင်း ဆရာမ တစ်ယောက်က ကျောင်းသားကို ကြည့်တဲ့အကြည့်နဲ့ ကျနော့်ကိုကြည့်တယ်။
ကျနော်သူ့ကို နှုတ်ဆတ်ရင်း အကြည့်တစ်ချက်လက်ဆောင်ပေးခဲ့တယ်။ ကျောင်းအုပ်ကြီးက ကျောင်းဆရာမ တစ်ယောက်ကို ကြည့်တဲ့အကြည့် ။
၁။
မမရယ် မမကိုကြည့်ရတာ ရင်လေးလိုက်တာလို့ စကားမဆုံးခင်
လျင်မြန်တဲ့လက်တစ်ဖက်ဟာ ပါးပြင်ပေါ်ကို ရောက်လာခဲ့တယ်။
နင်မိုက်ရိုက်လွန်းတယ်လို့ပြောပြီး ဟိုက်နေတဲ့ အင်္ကျီကို
ရင်ဘတ်နဲ့ဆွဲကပ်လိုက်တယ်။ ကျနော့်စကားတွေမှာ အဲ့ဒီလို အဓိပ္ဗာယ်တွေပါဝင်နေမှန်း
မသိခဲ့ဖူး ။ မမ ကို ကျနော် မမုန်းရက်ပါဘူးလို့ပြောပြီး နီးစပ်ရာ
သစ်သားတုတ်တစ်ချောင်းနဲ့ ကောက်ရိုက်လိုက်တာ မမ ဆေးရုံရောက်သွားတယ်။ မမ
နဲ့ ကျနော့်ကြားမှာ မျက်နှာနာစရာ တစ်ခုမှ မရှိပဲလေ နော့ ။
လွမ်းတေးချို
တစ်ရာဖိုး ခုနှစ်ရာလေးဆယ့်ရှစ်ပုဒ်
၂။
မမ ကျောင်းဘယ်တော့ပြီးမှာလဲ ဆိုတဲ့မေးခွန်းအဆုံးမှာ မမရဲ့ 
ဒေါသဟာ အရောင်အသွေးစုံလင်စွာ ဖူးပွင့်လာတယ်။ နင်နားမလည်ပါဘူးဟာ ဆိုပြီး ပညာရေးက
လူတွေကို ဘယ်လောက်ထိ အကျိုးပြုကြောင်း ၊ နိုင်ငံတစ်နိုင်ငံကို
ပြောင်းလဲနိုင်ကြောင်းတွေပြောပြီး ကျနော့်ကို အလဲထိုးပစ်လိုက်တယ်။ စကြာဝဠာကို
အပိုင်စားရတဲ့ ဘုရင်မ တစ်ပါးလို မမရဲ့  ကွန်ဖီးဒန့်တွေဟာ
တိုးပြီးရင်းတိုးနေတာ ။ ကျနော်ကလည်း ကျနော်ပဲ ။ဘွဲ့တွေတစ်ခုပြီးတစ်ခုယူနေတဲ့
မမ အကြောင်းမသိပဲ တက္ကသိုလ်ဝင်းထဲမှာ ခဏခဏ တွေ့နေရတော့ မမ စာမေးပွဲတွေ
တဘုန်းဘုန်းကျနေရှာတာ လို့ထင်ပြီး အားပေးဖို့ အဲ့ဒီမေးခွန်းကို မေးခဲ့တာ
။
လွမ်းတေးချို
တစ်ရာဖိုး ခုနှစ်ရာလေးဆယ့်ရှစ်ပုဒ်
၃။
မမ ၀တ်ထားတဲ့ ၀တ်စုံဟာ ဈေးကြီးတယ်တဲ့ ။ မမ သုံးတဲ့
အလှကုန်ပစ္စည်းတွေက ဒီမှာ ၀ယ်လို့မရဘူးတဲ့ ။ ဂုံနီအိတ်ကို အပေါက်ဖောက်ပြီး
စွပ်ထားသလို ဒီဇိုင်းဟာ မနည်းရှာဝယ်ရတာဆိုပဲ ။ မမ က
နိုင်ငံရပ်ခြားတွေလည်းရောက်ဖူးတယ်။ သင်တန်းတွေလည်း တစ်ခုပြီးတစ်ခု တက်နေတာ။
တိုင်းပြည်ကိုယ်စားပြုပြီးသွားတယ်လို့လည်းပြောတတ်သေးတယ်။ မမဟာ လူငယ်ထုရဲ့ 
ကိုယ်စားလှယ်တဲ့ ။ မမကို ဘယ်သူကများ ရွေးလိုက်ပါလိမ့်လို့တွေးမိသေးတယ်။
အသိပညာတွေလည်းစုံလင်ပါဘိ ။မမ ဘာတွေသိသလဲမမေးနဲ့ ။ ကျနော်လည်း မမေးကြည့်ဖူးဘူး။ မမ
အကြောင်းကတော့ ပြောလို့ကို မကုန်နိုင်ဘူး ။ ပြောလို့မကုန်တဲ့အတွက်
ကျနော်လည်း အာညောင်းမှာစိုးလို့ ဘယ်သူ့ကိုမှ မပြောပြဖြစ်ဘူး။
လွမ်းတေးချို
တစ်ရာဖိုး ခုနှစ်ရာလေးဆယ့်ရှစ်ပုဒ်
၎။
မမ က အော်တယ်။ လူကြားသူကြား ရှောင်တတ်တာမျိုးမဟုတ်ဘူး။ အဲ့ဒါကြောင့်
မမကို ကျနော် လော်စပီကာ တစ်လုံးလက်ဆောင်ပေးခဲ့တယ်။ အော်ဟစ်သူတစ်ယောက်နဲ့
လိုက်ဖက်တဲ့ အရာဟာ ဘာဖြစ်မလဲလို့ တွေးရသေးတယ်။ ကျနော့်အတွက်
အော်ဟစ်ပြောဆိုတယ်ဆိုတာ မကြားရတဲ့အချိန်မှာ ပြောတာမျိုးပဲ ။ အသံဝင်တဲ့အချိန်မှာ
ညစ်ပြောတာပဲ ။ ဒါမှမဟုတ် တစ်ယောက်ကိုတစ်ယောက် မမြင်ရလို့ အော်ပြောတာမျိုး
။ ကျနော်တို့ဟာ အတူရှိရက် ၊ တစ်ယောက်မျက်နှာ တစ်ယောက် မြင်နေရလျက်နဲ့ အော်ရက်တယ်
မမ ရယ်ဆိုပြီး ဆွေးဆွေးမြည့်မြည့် ပြောပစ်လိုက်တဲ့အခါ ပြန်ပြီး အအော်ခံရတာပါပဲ ။
အချစ်ဆိုတာ အရောင်သိုးကြီးပဲ ၊ မလင်းတော့တဲ့ ကတ္တရာလမ်းကြီးပဲ ။ ဒီလမ်းကို
မလျှောက်ကြေးလို့ကတိတွေပေးပြီးတော့လည်း ဘာမှထပ်မဖြစ်ခဲ့ပါဘူး။ လက်ထပ်ခြင်း ကို
ကျောခိုင်းလိုက်တဲ့အခါ အော်ကြီးဟစ်ကျယ် ဝေးကြရတယ်။
လွမ်းတေးချို
တစ်ရာဖိုး ခုနှစ်ရာလေးဆယ့်ရှစ်ပုဒ်
၅။
မမ ကြောင့်သေဆိုသေမယ် ဆိုပြီး မမ လမ်းစရိတ်ပြတ်တာတောင်
မသိချင်ယောင်ဆောင်သွားတဲ့ မမရည်းစားဟောင်းငနဲ တစ်ကောင် နဲ့တွေ့တယ်။ မမကို
သူဘယ်လိုလိမ်လည်ဖျံကျခဲ့တာကို လူတွေကြားထဲမှာဖောက်သည်ချလို့ ။ ကျနော်လည်း
ကိုယ့်ဘီယာခွက်ကိုယ် မော့သောက်ရင်း မမလည်းအဲ့ဒီငနဲအကြောင်း ကျနော့်ဆီလာပြီး
အတင်းချခဲ့တာ သတိရတယ်။ လောကကြီးထဲမှာ အတင်းတုတ်တဲ့သူတွေရှိမှ သူတို့ကို
အပြင်းပြေ ကျနော်ဆဲလို့ရမှာမဟုတ်လားလို့ တွေးနေမိတယ်။ ဒီလိုပါပဲ မမရယ်
အားနေရင် အတင်းတုပ်ပါ ။ ကိုယ့်အကြောင်းကလွဲရင် သူများအကြောင်းပြောရတာ
ပိုပြီးခံတွင်းတွေ့ဖို့ ကောင်းတဲ့ နေ့ရက်တွေကို ဖြတ်သန်းပါ ။
တက်ကျမ်းတွေဖတ်ပြီး အိပ်မက်ကြီးကြီးမက်ရင် အခက်အခဲတွေ သေးသေးသွားတယ်လို့
ယုံကြည်ပါ ။ ကျနော်ကတော့ အားအားရှိ ထိုင်ဆဲနေမှာပေါ့ ။
အဲ့ဒါဘ၀ ပဲ မမရဲ့  ။
လွမ်းတေးချို
တစ်ရာဖိုး ခုနှစ်ရာလေးဆယ့်ရှစ်ပုဒ်
၆။
မမဟာ ကျနော့် နိုင်ငံတော်ပဲ ။ မမ က ဘယ်သူလဲလို့ လာမေးကြတယ်။
နိုင်ငံတော်ဖြစ်တဲ့အတွက် ဒီတိုင်းပြည်ထဲမှာ ဘယ်သွားသွား မမ ရှိနေတယ်။ ကျနော်နဲ့
သက်ဆိုင်သမျှ အသက်ရှုခွင့် ကအစ မမ ပိုင်ဆိုင်တယ်။ မမ ကလည်း အပြစ်အနာအဆာတွေ
မကင်းတဲ့ နိုင်ငံတော်ကြီး ။ အဲ့ဒီနိုင်ငံတော်ကြီးကို တချို့ သူတွေက သွားရည်
တမြားမြား ။ မမဟာ ရုန်းရင်းကန်ရင်း ဆန်တက်လာတဲ့ မဗေဒါ ။ မမဟာ ပြည်တွင်းစစ်ထဲက
အသက်ပြင်းပြင်း မရှုရဲတဲ့ စစ်ပြေး ဒုက္ခသည် ။ မမ အကြောင်းကို တစ်ပါးသူတွေဆီမှာ
သွားပြောတော့ နိုင်ငံတကာ အသိအမှတ်ပြု ဆုတံဆိပ်တွေ ရကြ။ မမဟာ အနာအဆာ အနည်းငယ်နဲ့
သစ်သီးကလေးတစ်လုံး ။ ခွဲစိတ်မှုမပြုလုပ်ရင် ပိုဆိုးဝါးသွားမည့်ရောဂါ ။ မမ ကို
ကျနော် စွန့်ခွာလို့လည်းမရ ။ မမ ကလည်း ကျနော့်ကို ဘယ်တော့မှ တမ်းတမ်းတတ
မလိုချင်ခဲ့ ။ အပေးနဲ့ အယူကြား မျှခြေ ရှာမရတဲ့ ဈေးကွက်ကြီး ။
အချိန်တန်တော့လည်း အချိန်တန်သွားမှာပေါ့ နော်။
လွမ်းတေးချို
တစ်ရာဖိုး ခုနှစ်ရာလေးဆယ့်ရှစ်ပုဒ်
၇။
မမ နဲ့ ကျနော် တွေ့တဲ့အချိန်ဟာ နှစ်ဦးစလုံးက ဆိုက်ကားကိုယ်စီပေါ်မှာ
။ မီးပွိုင့်မိနေတဲ့ ဆိုက်ကားနှစ်စင်းဟာ ဘေးချင်းယှဉ်ရပ်လိုက်တဲ့အခါ
အကြည့်တွေကို မီးညှို့ လိုက်ကြတယ်။ ဆိုက်ကားမောင်းသူတွေဟာ
ပြိုင်ကားတွေမောင်းကြသလို မီးကုန်ယမ်းကုန်နင်းကြ ။ ထေ့ကြ ငေါ့ကြ
မြန်နှုန်းမြင့်တင်ကြ။ သူတို့ နှစ်ဦးရဲ့  ပြိုင်ဆိုင်မှုကြားမှာ မမ နဲ့ ကျနော် ဟာ
မြေဇာပင်လို့ပဲဆိုရမှာပေါ့ ။ မမရဲ့  ဆိုက်ကားဟာ ကျနော့် ဆိုက်ကားကို
ကျော်သွားလိုက် ၊ ကျနော့်ဆိုက်ကားဟာ မမရဲ့  ဆိုက်ကားကို ကျော်သွားလိုက်နဲ့
လိုရာခရီးကို ရောက်သွားမှာ ကျနော်စိုးရိမ်လာခဲ့တယ်။ မမ မျက်နှာမှာလည်း စိုးရိမ်စိတ်ကို
အတိုင်းသားတွေ့ နေရတယ်။ မမ စိုးရိမ်စိတ်က အသက်အန္တရာယ် အတွက်လေ ။ ကျနော်တို့ရဲ့ 
စိုးရိမ်စိတ်ချင်းဟာ ထပ်တူမှမကျခဲ့ဘူး ။ ဘယ်တတ်နိုင်ပါ့မလဲ ။
လွမ်းတေးချို
တစ်ရာဖိုး ခုနှစ်ရာလေးဆယ့်ရှစ်ပုဒ်
၈။
မမ ဟာ ထမင်းဆိုင်ထဲမှာ စားပွဲထိုးနေတယ်။ မမ ဘယ်အချိန် အိပ်ပြီး
ဘယ်အချိန် အလုပ်သိမ်းသလဲ ဆိုတာကျနော် မသိဘူး ။ ဝေ့၀ိုက်ကြေကျလာတဲ့
သစ်ရွက်စိမ်းဟာ လေပြင်းပြင်းမဟုတ်ရင်တောင် ပရောဂ တစ်ခုခုကြောင့် ဖြစ်မှာပဲလေ ။
အရိုင်း အယဉ်တွေ ခွဲခြားဖို့မအားဘူး ။ မမ ဟာ လိုတာထက်လည်း ပိုတယ် ။
ပိုတယ်လို့ ထင်နေပေမယ့် လိုနေပြန်တာမျိုး။ တစ်ချိန်တစ်ခါက နာမည်ကြီးခဲ့ပေမယ့်
ရောင်းအားကျ လူမစည်တဲ့ ဆိုင်ဟာ မမတို့ဆိုင်ပဲ ။ မမ လည်း ဖုတ်ဖက်ခါလို့
ထွက်ပြေးသွားနိုင်တဲ့ အနေအထားလည်းမဟုတ်ဘူး ။ ကျနော်တို့ ဘာတွေမျှော်လင့်နိုင်မှာလဲ
။ ဈေးရောင်းမကောင်းတဲ့မမဟာ ဘယ်လို အနုပညာမျိုးကို သက်ဝင်ယုံကြည်နိုင်မှာလဲ ။
အဆင့်မြင့်မြင့် ရုပ်ရှင်ကားတစ်ကားရဲ့  တန်ဖိုးကို ဘယ်လိုလုပ်သိမှာလဲ ။ မမ
ဈေးရောင်းကောင်းပါစေ ဆိုတာ ပထမဆုံးနဲ့ နောက်ဆုံးဆုတောင်းပဲ ။
လွမ်းတေးချို
တစ်ရာဖိုး ခုနှစ်ရာလေးဆယ့်ရှစ်ပုဒ်
၈။
အပြင်မှာ မိုးတွေရွာနေတယ် မမ ။ မိုးစက်တွေ ကို
အကုန်လုံးပေါင်းလိုက်ရင် ဂဏာန်းအရေအတွက် ဘယ်လောက်ရသလဲလို့
ကျနော်မေးခဲ့ဖူးတာကို သတိရတယ်။ဒီကောင်လေးဘာတွေရှုပ်ပြန်ပြီလဲမသိဘူး ။
မအားရတဲ့ကြားထဲ ခေါင်းလာနှောက်နေတယ်လို့ မမရွတ်လိုက်တယ်။ ရေစက် တစ်စက်ကို
နောက်ထပ်ရေစက်တွေ ထပ်ပေါင်းထည့်တဲ့အခါ ထုထည်ကြီးတစ်ခုသာ ကြီးလာတဲ့ ရေစက်တွေလို
ကျနော်တို့ အချစ်က တစ်လုံးတစ်ဝကြီးဖြစ်နေတော့်မှာလို့
ဇာတ်မင်းသားလိုစကားပြောရင်း မမ အိမ်ထဲဝင်လာတဲ့ရေတွေကို ခပ်ထုတ်နေခဲ့ဖူးတယ် ။
မိုးတွင်းတိုင်း ရေလျှံနေတော့တာပဲ မမရယ်။ ခေါင်က မိုးမလုံလိုက်
ကြမ်းပေါ်ရေ၀င်လိုက်နဲ့ အပေါ်လည်းမဖာနိုင် ကြမ်းပေါ်ကရေကိုလည်း ကုန်အောင်
မခပ်နိုင်တဲ့ ဖြစ်တည်မှု ။ မမ ရေ အပြင်မှာ မိုးတွေရွာနေပြီ ။
လွမ်းတေးချို
တစ်ရာဖိုး ခုနှစ်ရာလေးဆယ့်ရှစ်ပုဒ်
၉ ။
မမ က အကောင်းစားကားကြီးနဲ့ ။ နေ့ချင်းညချင်း အဲ့ဒီကားကြီးပေါ်
ဘယ်လိုရောက်သွားသလဲ လို့ မေးခွန်းတွေ ပလုံစီလာမှာပေါ့ ။ မမရဲ့  စာရိတ္တကို
ကျနော်ယုံတယ်လို့ မပြောရင် ကျနော်က ဘယ်လို စကားမျိုးပြောရမှာလဲ ။ တချို
့စကားတွေဟာ ပြောချင်လို့ ပြောခဲ့တာမဟုတ်ဘူးမမ ။ ပြဌာန်းခံရတဲ့ အခြေအနေတစ်ခုမှာ
ပြောသင့်တယ်ထင်လို့ပြောထွက်ခဲ့တာ ။ စက်ဘီးတစ်စီးဟာ နောက်ဘီးလည်ရင် ရှေ
့ဘီးလည်သွားသလိုပဲ ကျနော်လိုက်ပါခဲ့ရတာ ။ မမ အကြောင်းကို ကျောင်းမှာ
စာစီစာကုံးရေးခိုင်းရင် ကျနော်ဆုရမှာနော်လို့ ပြောတော့ မမက ပြုံးနေတော့တာပဲ ။
မင်းတစ်ယောက်တည်းတော့ ဘယ်ဟုတ်ပါ့မလဲ ကွယ်လို့ ဟာသတစ်ဝက်ဝှက်ပြီး အမှန်တရားကို
ပုံဖျက်ခဲ့တယ်။ ယုံပါတယ် မမရယ် အခုတော့ ရပ်ကွက်ထဲမှာ မမတို့
ငှားနေတဲ့တိုက်ကြီး ဟီး လို့ ။ လူတွေကလည်း နောက်ကွယ်ကနေ ဟားလို့ ။ ဟီးဟီးဟားဟား
ဘ၀တွေ ။
လွမ်းတေးချို
တစ်ရာဖိုး ခုနှစ်ရာလေးဆယ့်ရှစ်ပုဒ်
၁၀။
ပျော်နေတာသိတယ် ပြုံးမနေနဲ့လို့ မမကပြောလိုက်တဲ့အခါ ကျနော်က မသိမသာထပ်ပြုံးမိတယ်။ မမက နေပူထဲကို ခရီးထွက်သွားပြီး အရိပ်မှာပျော်တဲ့ ကျနော့်ကို ခပ်ထေ့ထေ့ကြည့်တယ်။ ပြတင်းတံခါးကိုဖွင့်လိုက်တော့ လတ်ဆတ်တဲ့လေကို ရှူရတယ်လို့ မမပြောဖူးတယ်။ တကယ်တမ်းတော့ ပတ်ဝန်းကျင်က ဖုန်သိပ်ထူတယ်။ လေကောင်းလေသန့်မရဘူး။ မမက တံခါးကို အဆုံးထိဖွင့်တယ် ။စကားကို ကုန်အောင်ပြောတယ်။ ပျော်ရွှင်ခြင်းကိုဝေမျှသလို ကြည်နူးမှုကိုလည်း ထပ်ခါတလဲလဲခံစားတယ်။
အခုတစ်ခေါက်ပြန်တွေ့တော့ ဦးအောင်ပြောကြတယ် ။ ပြုံးမနေနဲ့ ပျော်နေတာ သိတယ်။
လွမ်းတေးချို
တစ်ရာဖိုး ခုနှစ်ရာလေးဆယ့်ရှစ်ပုဒ်
၁၁။
ဈေးလမ်းထဲမှာလမ်းလျောက်နေရင်း မမတို့ရဲ့  ကျောင်းမှာလုပ်မယ့် ကျောင်းသားဟောင်းများတွေ့ဆုံပွဲ အကြောင်းပြောဖြစ်ကြတယ်။ မမ ကို ကျနော် လိုက်ပို့မယ်လို့ပြောတော့ မမ က တစ်ယောက်တည်းပဲ သွားမယ်လို့ပြောတယ်။ အသိအမှတ်မပြုခံရတဲ့ လက်တွဲခြင်းကို ကျနော် နင့်နေအောင် နာတယ်လို့ပြောလိုက်တဲ့အခါ မမ က မကျေနပ်ရင် လည်းမတတ်နိုင်ဘူးလို့ ဆိုတယ်။ လမ်းဘေးဈေးသည်လေးရဲ့  လင်ဗန်းထဲက ငါးအရှင်ဟာ လွန့်လူးပြီး ဗန်းအပြင်ကို ခုန်ထွက်လိုက်တယ်။ ပြီးတော့ လမ်းပေါ်မှာ လွန့်လူးရှင်သန်တယ်။ အဲ့ဒီမြင်ကွင်းလေးကို မြင်တော့ ကျနော်ဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်။ မမ ကို ယုံတယ်လို့ တစ်ခွန်းတည်းပြောပြီး ကျနော် လှည့်ပြန်ခဲ့တယ်။ လမ်းပေါ်က ငါးဟာ လင်ဗန်းထဲပြန်ရောက်သွားခဲ့ရသလိုပဲ မမဆီကိုပဲ ကျနော်ပြန်ရောက်နေတာပေါ့ ။
လွမ်းတေးချို
တစ်ရာဖိုး ခုနှစ်ရာလေးဆယ့်ရှစ်ပုဒ်
Comments
Post a Comment