မီးပုံးပျံပုံပြင်

မီးပုံးပျံပုံပြင်

ဆောရီးပါ ကိုစိုင်းဇေယျာမြတ်မိုးမြင့်
ဒီကိစ္စဟာ ကျမ နှုတ်ခမ်းသားတွေ ညောင်းညာရာက စခဲ့တာပါပဲ
ရှင်နဲ့ အတူရှိနေရင်း အတူမရှိတဲ့ တစ်ယောက်ကို မြင်ယောင်မိပြီး
စိုစွတ်နေတဲ့ နှုတ်ခမ်းသားတွေကို အကြောလျှော့ပေးချင်စိတ်တွေပေါက်လာတာ

ဆောရီးပါ ကိုစိုင်းဇေယျာမြတ်မိုးမြင့်
ရှင့်နှုတ်ခမ်းတွေဆီက ဆေးလိပ်နံ့တွေရတယ်
အဲ့ဒီအတွက်ကြောင့် ကျမ ပိုလွမ်းရတယ်
လွမ်းတဲ့အကြောင်းကို ဖွင့်ပြောမိတယ်
ရှင် ခေါင်းတငြိမ့်ငြိမ့်နဲ့ နားထောင်တယ်

ဆောရီးပါ ကိုစိုင်းဇေယျာမြတ်မိုးမြင့်
ဒီအတိုင်းထားသွားရင် ရှင်နေရခက်မယ်
ကြိုးရှည်ရှည်နဲ့ လှန်ထားတယ်ဆိုလား
ကြိုးတိုတိုနဲ့ကြံသွားတယ်ဆိုလား ကြားဖူးတယ်
ဘယ်လိုမှ သဘောမထားဘူးမဟုတ်လား

ဆောရီးပါ ကိုစိုင်းဇေယျာမြတ်မိုးမြင့်
ရည်းစားမကျ သူငယ်ချင်းမကျ ဖြစ်ရပ်ဟာ
ရိုးရိုးကလေးပါပဲ
တချို့ သူတွေက မရှင်းမရှင်း နဲ့ မပွင့်မလင်းဖြစ်ကြတယ်
ရှင်နဲ့ ကျမ နားလည်ဖို့ လိုတယ်

ဆောရီးပါ ကိုစိုင်းဇေယျာမြတ်မိုးမြင့်
ကောင်းကင်ပေါ်ထိုးတက်သွားတဲ့ မီးပုံးပျံဟာ
အရှိန်နဲ့ တက်ပြီး တဖြည်းဖြည်းချင်း ပြန်ကျလာတယ်
ရှင်နဲ့ကျမကြားမှာ မီးပုံးပျံလေးတစ်လုံးလွှတ်တင်ခဲ့ရာကတဆင့်
………
……
..
.

ဆောရီးပါ ကိုစိုင်းဇေယျာမြတ်မိုးမြင့်
ကားတစ်စင်းရဲ့  နောက်ဖုံးထဲမှာ
အချမ်းဓာတ်ကို ကုစားဖို့ ရှင့်ခနာကိုယ်ကို ခြုံခဲ့မိတယ်
မေတ္တာသူရဲကောင်းကြီး အောင်မြင်ပါစေပေါ့

ဆောရီးပါ ကိုစိုင်းဇေယျာမြတ်မိုးမြင့်
ကျမ ငိုမိတဲ့အခါ ရှင့်ကို တစ်ရှုးတစ်စ အဖြစ် သုံးမိတယ်
ရေစိုတစ်ရှုးတွေဟာ ပြန်သုံးလို့မရတော့ဘူးဆိုတာ ရှင်သိပေးခဲ့တယ်

ဆောရီးပါ ကိုစိုင်းဇေယျာမြတ်မိုးမြင့်
ကျမ ပို့လိုက်တဲ့ မက်ဆေ့ခ်ျရလား


လွမ်းတေးချို

၂၅.၉.၂၀၁၇ 

Comments

Popular posts from this blog

စာဟောဆရာ

ပညာရှိအယောင်ဆောင်တုန်းက ကိုယ့်သီဝရီ က ကဗျာကိုဖျက်ဆီး

ပန်းကလေးနဲ့ ကျနော်