ရှင်သန်ခြင်း အပိုင်းအစ

၈၈ မျိုးဆက်ဆိုတာ ရေဒီယိုက ကြားရပြီး ငါကမှ ၈၈ မျိုးဆက်အစစ် ဆိုတဲ့ဟာသကို နှစ်ကိုယ်ကြားတောင် မပြောရဲခဲ့တဲ့ပုပ်ဆွေးဆွေးအချိန်တွေ ။ သူအပြိုင် ကိုယ်အပြိုင် စင်ပေါ်ရောက်မယ်မထင်နဲ့ ။တစ်ယောက်စပြေးရင် နောက်ကတစ်ပြုံတစ်ခေါင်း စီရရီ လိုက်ပြေးကြတဲ့ ကြွက်မျိုးဆက်ပေါ့။ Iron Cross နာမည်ကြီးတွေ မွေးဖွားရာဒေသ ။ ဆိုင်ဆိုင် မဆိုင်ဆိုင် ထီးဆိုင်လည်း ရှမ်းပြည်ကပဲ ။ လက်ဖက်ရည်ဝိုင်းမှာ အမြှပ်ထွက်အောင်ပြောခဲ့တဲ့ ဝင့်လုံးကြွားလုံးတွေ ။


ငယ်ငယ်တုန်းက တက်ရတဲ့ကျောင်းကြောင့် ရောယောင်အနှိမ်ခံရလို့ ကျောင်းကို ဟားဖတ်လို့ အမည်ပေးဖြစ်တယ် ။ ငါတို့ဟာ ဟားလည်းဟားလောက်စရာ ဂုဏ်သတ္တိတွေနဲ့ ။ ကျောင်းအုပ်ကို မကျေနပ်လို့ ကျောင်းအုတ်တံတိုင်းကို ထော်လာဂျီနဲ့ဝင်တိုက် ။ ခွေးလှားသီးမှုန့်တွေဖြူးထားတဲ့ ဆရာမထိုင်ခုံ နဲ့ ဒစ္စကို အက ။ ဆရာတက်နေတဲ့ အိမ်သာထဲ တကူးတကပေါက်ကွဲခဲ့တဲ့ဗျောက်အိုး ။ ကျောင်းကထိန်ဟာ အန်ဖတ်တွေကြောင့် ရပ်နားခဲ့ရ ။ ဆရာမ ကို လိုက်ခုတ်တဲ့ ငှက်ကြီးတောင်ဓားသမား ။ အမှောင်လမ်းဆိုတာ ငါတို့ အလင်းပြခဲ့တာချည်း ။ အကောင်းဆုံးကျောင်းဖြစ်ဖူးတာကွလို့ ကျုရှင်နောက်မှာ ဆေးလိပ်ခိုးသောက်ရင်းပြောပြခဲ့တာ တခြားကျောင်းကကောင်တွေ မှတ်မထားခဲ့ဘူး ။


လိမ်လိမ်မာမာနေ စာကြိုးစားလို့ Assembly မှာ မိန့်ခွန်းခြွေ နေတဲ့ ကျောင်းအုပ်ဆရာမကြီး ။ ကျောင်းသားတွေက မိုက်ကြိုးကို ခိုးဖြုတ်ထားကြတာ ။ နင်တို့ကျောင်းက ရိုင်းတယ်နော် လို့ပြောတဲ့ ကျုရှင်ကစော်တစ်ပွေကို သူများထက်မြန်နှုန်းမြင့်တဲ့ အရှိန်နဲ့ သင်္ချာတစ်ပုဒ်တွက်ပြခဲ့တယ် ။ဆိုလိုချင်တာ ဒီလို သိပ်တော်တဲ့ကျောင်းသားလည်းရှိတယ်ပေါ့ ။ ဆိုင်ကယ်ကို ရှေ့ဘီးထောင်ပြီး စီးတယ်။ သူရဲကောင်းဆိုတာ စော်ရှေ့မှာ မိုက်ရူးရဲဆန်မှုကို အရောင်ရင့်ရင့်တင်လိုက်ခြင်းပဲ။ ထူးအယ်လင်းရဲ့ မင်းလေးနားလည် သီချင်းဟာ ခွေးပေါက်ဝက်ပေါက် ဂစ်တာဝိုင်းတွေမှာ မပါမဖြစ်ခဲ့ဘူး ။ စော်လေး မကြားကြားအောင်အော်ဆိုရင်း ဒီစာမယူရင် မပြန်ဘူးကွာ တဲ့ ။ စာကို တယုတယ ဆုတ်ဖြဲပြီး လေထဲဝဲ ပစ်လိုက်တဲ့ ရိုက်ကွက် ။ ငါမှတ်မထားခဲ့ပါဘူး။ ငယ်ဘော်ဒါတွေကသာ အရက်သောက်တိုင်း ကုတ်ကပ်ခြစ်ယူထားတဲ့ အတိတ်ကို သယ်ဆောင်လာကြတာ ။


ယောင်လိမ် ၊ ဗြောင်လိမ် ၊ ပေါင်ချိန်  လို့ဆိုစမှတ်ပြုခဲ့ရတဲ့ မြဝတီ တီဗီ အစီအစဉ်များ ။ ခုနှစ်နာရီမှာ ယောင်လိမ်ကြီးတွေနဲ့ တရုတ်သိုင်းကား ၊ ရှစ်နာရီသတင်းဟာ ဗြောင်လိမ်နေတဲ့အစိမ်းရောင်ဝတ်တွေ တံတားဖွင့်ပွဲတွေ ၊ ကိုးနာရီဟာ တရားစီရင်မှုတွေနဲ့ပေါင်ချိန်။ ငါတို့မှာ ကြည့်စရာ ဒီ့အပြင် ဘာမှမရှိခဲ့ ။ သိုင်းဝတ္ထုတွေထဲက အဖြူရောင် သိုင်းသမားကို ခုချိန်ထိဖြစ်ချင်နေတုန်း ။အမှန်တရားဟာ အမြဲနိုင်တယ် အမှောင်လောကသားတွေ ရှုံးရမယ်မဟုတ်လား။ အမှောင်ကို အမှောင်လို့ ဘာလို့ပြောမရမှန်း ငါတို့မသိခဲ့ဘူး ။ အာဏာရှင်စနစ်ရဲ့ သက်ရောက်မှုအားဟာ ငါတို့ကို ခွေခေါက်ယိုင်နဲ့စေခဲ့။ ဘာကိုမှန်းမသိ ကြောက်နေရတာက ငါတို့သွေးထဲမှာ စီးဆင်းခဲ့။ကြောက်သွေးပါရင်ဖောက်ထုတ်ပစ်မယ် ဆိုတာ ရပ်ကွက်ထဲက ဗမာကားကြည့်တဲ့ လူမိုက်တွေရဲ့လက်သုံးစကား ။ လူမိုက်ဆိုတာ အာကျယ်နေရင် တကယ်မိုက်တာမဟုတ်သေးဘူးလို့ အိမ်နီးနားချင်း လူမိုက်ကြီးအလောင်းက စကားသံတွေထွက်ပေါ်ခဲ့တယ် ။



လူကြီး ၊လူငယ် ၊ လူလတ် မကွဲပြားခင်ကပေါ့ ။ဂေါ်လီရိုက်ဖက် သူငယ်ချင်းက ကုလားကားကြည့်နေတဲ့ လူကြီးတွေ အကြောင်းပြောပြတယ် ။ ကုလားကားကို ငါနားမလည်သလို သူလည်း မရှင်းပြနိုင်ဘူး ။ ငါထင်တာ အချိန်မရွေးထက တတ်တဲ့ ဗီဒီယို ဇာတ်ကား တစ်မျိုးပေါ့ ။ ပိတ်ထားတဲ့တံခါးကနေ ဝင်မရတော့ လမ်းကြောင်းအမျိုးမျိုးရှာပြီး အိမ်ထဲကိုချောင်းကြည့်ုကြတယ်။ လူလေးငါးယောက်ဝိုင်းထိုင်ပြီး ကဒ်တွေ ဆွဲလိုက် ပစ်ချလိုက်လုပ်နေတဲ့ ကစားနည်းတစ်မျိုးကို ငါတို့သိခဲ့တယ် ။ လောင်းကစားစိတ်ဓာတ်ဟာ မွေးရာပါဗီဇတစ်မျိုးဖြစ်ကြောင်း လေးကောင်ဂျင်ဝိုင်းတွေက သက်သေပြခဲ့တယ်။ ကလင်ဒါကျလား ။ အသံသမားလား ။ ရေဆုံးမြေဆုံး လိုက်ရမှလာခဲ့ ။ သွေးမကြောင်စမ်းပါနဲ့ ။ထိုးရဲရင်ပျိုးကြဲသလိုမျိုး ။ အနာဂတ်ဟာ အသံရွှင်နေခဲ့ပြီး ပစ္စုပ္ပန်မှာ မကြာခဏသေရတဲ့ ကာလ ။


တာဝန်ခံယူမှုဆိုတာကြီးကို ငါမသိဘူး ။ လူ ၃ ယောက်စီးလာတဲ့ ဆိုင်ကယ်က ငါ့ကိုဖြတ်တိုက် မောင်းပြေးသွားခဲ့ဖူးတယ်။ မြို့ ကျဉ်းကျဉ်းလေးပေမယ့် ပုန်းရင် လွတ်တယ် ဆိုတာချည်းပဲ ။ ရဲစခန်းဆိုတာလည်း အနားကပ်လို့ကောင်းတဲ့အရာ မဟုတ်ခဲ့ဘူး ။ ပုံမှန်ဆုံနေကြ အလွဲတွေနဲ့ နေ့ရက်တိုင်းကို တည်ဆောက်ခဲ့ရတာ ။ သိမ်ငယ်စိတ်ဆိုတာ အပြိုင်းအရိုင်း ပေါ်ပေါက်လာတဲ့ တိုက်တွေကို ငေးကြည့်နေခြင်းပေါ့ ။ ဘယ်ကရမှန်း မသိတဲ့ ပိုက်ဆံတွေနဲ့ ဆောက်တာလို့ ငါသိရတယ်။ သူတို့က ငြိမ်းချမ်းရေးအဖွဲ့က လို့ပြောတာလည်းကြားရတယ်။ ငါသိတာက ငြိမ်းချမ်းရေးလုပ်တဲ့ ငါ့ဘော်ဒါတွေဟာ အသစ်ကျပ်ချွတ်ပိုက်ဆံကို ရေလိုသုံးတာ။ နောက်ဆုံးပေါ် ယိုးဒယားဆိုင်ကယ် စီးတာ ။ သူတို့လက်ညှိုးဟာ မြေကွက်တွေကို ထိုးမိပြီး သူတို့ပိုင်ဖြစ်သွားတာ။ ခေတ်ကြီးက ခိုးစားရင် ချိုတယ်လို့ သင်ပေးတယ်။ခြောက်စားတဲ့သူတွေ မြှောက်စားခံရတယ်လို့လည်း သိရတယ်။ ချိုမြိန်ခြင်းကို ငွေနဲ့ဝယ်ယူရတယ်လို့ မှတ်ခဲ့ရတယ်။ ကျောက်တူးသွားတဲ့ဘော်ဒါတွေကိုတော့ လောပန်းအဖြစ်ပြန်လာတာ မတွေ့ခဲ့ရဘူး ။ ငါ့ကို ဥာဏ်နည်းစေခဲ့တဲ့ ဖြစ်ရပ်တွေပေါ့ ။

စောက်ရမ်းမိုက်တယ်ဆိုတဲ့ အသုံးကို ငါ့ဘော်ဒါတွေဆီကနေ သင်ယူရတယ်။ အိမ်မှာသုံးလို့ အဆင်မပြေတာနဲ့ အဲ့ဒီစကားလုံးကိုသုံးဖို့ နေရာလိုက်ရှာတယ်။ တစ်ရက်သား ကျောင်းဈေးတန်းက ရေခဲခြစ်ဆိုင်မှာ ငါဝမ်းပန်းတသာ သုံးခွင့်ကြုံတယ်။ “ အမ ရေခဲခြစ်က စောက်ရမ်းမိုက်တယ် “ ဈေးရောင်းတဲ့ အမကြီးက ငါ့ကို ပြူးပြူးပြာပြာနဲ့ကြည့်တယ်။ “ စောက် “ စကားလုံးဟာ စောက်ရမ်းရိုင်းတဲ့အကြောင်းငါ့ကို တရားတွေဟောတော့တာပါပဲ ။ ငါလည်း သိပ်ယဉ်ကျေးချင်တဲ့ကောင် ။ အဲ့ဒီစကားကို ငါမသုံးဖြစ်တော့ဘူး ။ ကျူရှင်ဆရာက စောက်အစား သောက်သုံးမကျတဲ့ကောင်တွေလို့ ငါတို့ကို ဆူပြဆဲပြတယ်။ အသံထွက် လိုက်ရွတ်ကြည့်တယ် ငါသိပ်အားမရဘူး ။ တစ်နေ့နေ့မှာတော့ ငါကြိုက်တဲ့စော်တစ်ပွေကို နင့်ကိုငါ စောက်ရမ်းချစ်တယ် သိလား လို့ ပြောဖို့ ငါစောက်ရမ်းမျှော်လင့်ခဲ့ရတာပေါ့

မုန့်ကြိတ်တာမိုက်တယ် ။ ကလေးနဲ့ မုန့်ဆိုတဲ့ အသုံးဟာ လိုက်ဖက်တယ်မဟုတ်လား ။ မုန့်ဆိုတာ ကြွက်တွေမသိအောင် ပြောဆိုတဲ့ လျို့ ဝှက်ဘန်းစကား ။ ကြွက်ဆိုတာ ရဲတွေကို ပြောမှန်း အချိန်အတော်ကြာမှ ငါသိတယ် ။ အမ်စတာဒမ်မှာ တရားဝင်သောက်ရတဲ့ မယ်ရီဝါးနားကို ငါတို့ဆီမှာ မုန့်လို့ ခေါ်တယ်။ အဆက်အသွယ်ကောင်းရင် ကျန်ကျောင်းအိတ်နဲ့ အပြည့်ဆိုလည်း ဘာဟုတ်သေးလို့လဲ ။ လမ်းမဟာ အလိုအလျောက်ကျယ်သွားပြီး စီးနေတဲ့ ဆိုင်ကယ်ဟာ ရေပေါ်မှာအရှိန်နဲ့ပြေးနေတဲ့ စပိဘုတ် လို မောင်းနှင်မှုမျိုးနဲ့ ။ ကြက်သားဟင်းဆို မုန့်ပါမှ လျှာလည်သွားမှာ ။ စွဲ စွဲ မစွဲ စွဲ ငါတို့ဟာ တစ်တိုင်တစ်လေ တော့ ဆွဲခဲ့ကြတယ်။ ထမင်းကို အလုံအလောက်ချက်ထားရတယ်။ ဗိုက်တွေ ဆာလာမယ် မဟုတ်လား ။ တစ်ယောက်မျက်နှာတစ်ယောက်ကြည့် လက်ညှိုးတွေထိုးပြီး ဗိုက်တွေအောင့်တဲ့အထိရယ် ။ တစ်ယောက်အလွမ်းတစ်ယောက်စားသုံးပြီး မျက်ရည်တွေ တစ်စက်စက်ကျ ။ လူငယ်ဘ၀မှာ ကြီးမားကျယ်ပြန့်လှပါတယ်ဆိုတဲ့ ဘ၀အဓိပ္ပာယ်ကို မှိန်းမောခြင်းနဲ့ ရှာဖွေ ထုဆစ် ။


အညာက လာတဲ့ကောင်ဆို ဘာကြောင့်မှန်းမသိဘူး ငါတို့တွေက ထမုတ် ၊ ရွာသား လို့ ခေါ်တယ်။ ငါလည်း အညာသွေးပါတယ်လို့ဆိုတော့ မင်းက ဒီမှာမွေးတာ ဘာမှ မဖြစ်ဘူးလို့ ဆိုကြတယ်။ လူကိုခင်ရင် မူကို ပြင်ရတယ် မဟုတ်လား။ ဘော်ဒါတစ်ယောက် အညာကနေ ငါတို့ကျောင်းပြောင်းလာတယ်။ ငါလည်း အများထဲက တစ်ယောက်ပဲ ရောယောင်ပြီး ရွာသားလို့ ခေါ်လိုက်တာပါပဲ ။ ခွေးအတွေ အုပ်စုဖွဲ့ သောင်းကျန်းကြသလိုမျိုး သူ့ပုဆိုးနဲ့ သူ့ခေါင်းကို စွပ်ပြီး ဆွမ်းကြီးဝိုင်းလောင်းတာကို အသားတဆတ်ဆတ်တုန်ပြီး ငါထိုင်ကြည့်နေခဲ့တယ်။ ငါဝင်မဆွဲရဲဘူး ။ ဒီနေ့ထိ ငါရှက်လို့မ၀သေးဘူး ။ ရေနစ်သူကို ၀ါးကူမထိုးခဲ့ပေမယ့် ရေနစ်ကြောင်းတော့ ငါအော်ခဲ့ဖို့ကောင်းတာပေါ့ ။ ရွာသားအတွက် အနာတရ တွေဟာ ငါတို့အတွက် ဟာသ ဖြစ်ခဲ့တယ်။ ဒဏ်ရာဟာ နှစ်ပေါင်းများစွာကြာတဲ့အခါ ဟာသ ဖြစ်သွားတယ်ဆိုတဲ့စကားဟာ ရွာသားအတွက် မှန်သွားမလား ။ ငါ့အတွက် တော့ အဲ့ဒီအရှင်လတ်လတ် ဟာသ ဟာ ဒဏ်ရာ အဖြစ် အသွင်ပြောင်းခဲ့တယ်။ ရွာသားကြောင့် ရွာနာတယ်လို့ ပြောတဲ့ ငါ့ဘော်ဒါ တပ်ထဲမှာ ပုံစံပေး ခံရတယ်ဆိုလား သတင်း သဲ့သဲ့ကြားမိတယ်။ နှိမ့်ချခြင်း ခွဲခြားဆက်ဆံခြင်းဟာ ကလေးဘ၀ထဲက ရေလောင်းပေါင်းသင်ပေးတဲ့ ပတ်ဝန်းကျင်နဲ့အတူ ကြီးထွားခဲ့တာ ။


၁၀
လိမ္မာတယ် ဆိုတဲ့ စကားကို ငါအခုထိ သံသယ၀င်နေတုန်း ။ ဘာကို ပြောချင်တာတုန်း ဘာကို ဆိုလိုချင်တာတုန်း ။ ငါ စဉ်ဆက်မပြတ် မေးတယ်။ နောက်ဆုံးတော့ လိမ္မာတယ်ဆိုတာ လူကြီးအကြိုက်လိုက်ပြီး လုပ်တာ ။ ဘယ်သူတွေ တည်ဆောက်ခဲ့မှန်းမသိတဲ့ စံနှုန်းအအိုအဟောင်းကြီးတွေ နောက်လိုက်ပြီး ငါတို့ ရဲ့  ဖြစ်တည်မှုကို ပုံဖျက်ပစ်လိုက်တာ ။ ငါတို့တွေ ဖောက်ထွက်တွေးလိုက်တိုင်း စောက်ရူးလို အမြင်ခံရတာ ။ ငါတို့ရဲ့  အဖြေတွေဟာ မှင်နီတွေ ရဲခနဲ သုတ် ခံရတာ ။ ဘောင်ထဲမှာ ကျဉ်းကျပ်သူတွေအဖို့ မလိမ္မာ နှစ်ခါမိုက် ၊ သုံးခါမိုက် ၊ အကြိမ်ကြိမ် မိုက်ခဲ့ရတာပါပဲ ။ ကျောင်းမှာလည်း ဘာထူးလဲ ။ မလိမ္မာဘူးဆိုပြီး ကျောင်းပြေးတတ်တဲ့ကလေး ကို ကျောင်းနဲ့ဝေးအောင် ပြောပစ်လိုက်တာ ။ အိမ်မှာ စားဖို့ ငါးမျှားပေးရတဲ့ငါ့ဘော်ဒါကို မမေးမမြန်းပဲ မလိမ္မာဘူးလို့ တံဆိပ်ကပ်လိုက်တာ ၊ လူဆိုး စာရင်းသွင်းပစ်တာ ငါ တဖြည်းဖြည်း မြင်ယောင်လာတယ်။ အတိတ်ဟာ ပြန်တွေးလိုက်တိုင်း အရည်တစ်စက်စက်ကျနေတဲ့ ကျောက်ဂူထဲရောက်နေသလို အေးစက်တုန်ဆင်းလာမယ်။ ဒီပညာရေးစနစ်မှာ ကလေးစိတ်ပညာ ကို ဘယ်နေရာမှာ အသုံးချခဲ့တာလဲ ။ ငါ့ကို စကားကြီး စကားကျယ်တွေ ပြောတတ်လွန်းလှတယ်တဲ့ ။ ငါ ဟက်ဟက်ပက်ပက် မရယ်မိအောင် ထိန်းတယ်။


၁၁
ဘာမဆိုဖြစ်သွားနိုင်တယ် ဆိုတာကို ယုံကြည်ဖို့ ငါတို့ဆီမှာ အမှောင်ခေတ် ရဲ့  ထုတ်ကုန်တွေ ရှိတယ်။ ထုတ်ကုန်နှစ်ဆ တိုးမြှင့်ကြဆိုတဲ့ စကားလည်းရှိတယ်မဟုတ်လား ။ ငါ့အကိုဝမ်းကွဲဟာ ပေါ်တာဆွဲခံလိုက်ရတာ ဘယ်ပျောက်သွားမှန်းမသိ ငါးလလောက်ကြာခဲ့တယ်။ ရုပ်ရှင်ရုံက အပြန် ဘာမဆိုဖြစ်သွားနိုင်တယ် မဟုတ်လား ။ လမ်းပေါ်မှာသွားရင်းလာရင်း အဆဲခံရ နိုင်တယ်။ ၀တ်စုံစိမ်းကြီးတွေနဲ့ဆို ပါးစပ်ကို ဇစ်ဆွဲထား ။ လျှာကို ထိုးရပ်ထား ။ ခေါင်းတွေကို ခြေမနဲ့ ထိလောက်တဲ့အထိ ဦးစိုက်ထား။ သဘောတူတယ် မတူဘူး ဆိုတာကို အဖြေနှစ်ခုလို့ ထင်ရပေမယ့် အဖြေက သဘောတူတယ် လို့ပဲ ထွက်မှာ မဟုတ်လား။ နွားတွေဟာ အုပ်စုတောင့်တယ် ။ နွားကျောင်းသားကို တော့ ပြန်မလှန်ရဲကြသလိုပေါ့ ။ တုပ်နှောင်ခံရပါများတဲ့ ခြေထောက်တွေဟာ ကြိုးတွေ လွတ်သွားတဲ့ အခါ လမ်းလျှောက်ရခက်ခဲ သလိုပေါ့ ။ ကြိုးတွေ မရှိတော့ဘူးလို့ ၀ူးဝူးဝါးဝါး ထအော်လိုက်ကြပြီ ။ တကယ်လား ။ ဟုတ်ရဲ့ လား ။ ဒါဆို ဘယ်သူက ငါတို့ ဘယ်ကိုလျှောက်ရမှာလဲ ။


၁၂
သူရဲကောင်းဆိုတာ အနစ်နာခံခြင်းလို့ နှောင်းလူတွေ ကို ကျွန်တော်ပြောခဲ့ပါမည်။ ငယ်ငယ်တုန်းက စာစီစာကုံးတွေရေးရင် အဲ့ဒီလိုတွေ လျှောက်ရေးပစ်လိုက်တာပါပဲ ။ စာထဲကနေတစ်ဆင့် ငါတို့ တကယ်နားလည် မလည် စစ်လို့မှမရပဲ ။ ကြီးကြီးကျယ်ကျယ်တွေပြောပြီး ဘော်ဒါတစ်ယောက်ကို ငါ သိပ်သတိရလာတယ်။ ဆရာမ မလာခင် ကွဲခဲ့တဲ့ ကျောင်းခန်းထဲက ဗျောက်အိုးပုံပြင်ပေါ့ ။ ငါအပါအ၀င် ဗျောက်အိုးဖောက်သူတွေ တစ်စီတစ်တန်းနဲ့ ။ ကြိမ်တုတ် ရနံ့ ကလေးသင်းလာတဲ့အခါ ငါတို့တွေဟာ ဘူးတစ်လုံးဆောင်ပြီး မဆင်းရဲအောင် နေကြတယ်။ မပြောရင် တစ်ခန်းလုံး အရိုက်ခံရမယ် ဆိုတဲ့အထိ ငါတို့ ငြိမ်သက်ခဲ့ကြတာ ။ ဂေါ်ရခါးဘော်ဒါတစ်ယောက်ရဲ့  “ ကျနော် လုပ်တာ ဆရာမ “ ဆိုတဲ့ ၀န်ခံချက်မှာ ငါတို့အားလုံး အရှက်ကင်းမဲ့စွာ ရပ်ကြည့်ခဲ့ကြတယ်။ ငါရေးတဲ့ စာစီစာကုံးဟာ ဘယ်လို ရနံ့မျိုးသင်းခဲ့တာလဲ ။ ကြိမ်ရနံ့ဟာ ငါ့ဘော်ဒါရဲ့  လက်ဖ၀ါးပေါ်မှာ သင်းနေခဲ့မှာပေါ့ ။ ငါ့ဘ၀ဟာ ဘယ်လို ရနံ့မျိုးသင်းဖို့လိုမလဲ လို့ ငါအမြဲမေးခဲ့တယ်။

၁၃
အန္တရာယ်နဲ့ကစားရတယ်ဆိုတာကို ငါတို့ စနစ်တကျသင်ကြားခဲ့ရတယ်။  ပုံမှန်ချက်နေကြ ဟင်းတစ်ခွက်လို အန္တရာယ်နဲ့ကစားခဲ့ရတယ်။ တစ်နှစ်ခါမှ ပွင့်တဲ့မှိုလို ငါတို့ အန္တရာယ် နဲ့ အတူ ဖူးပွင့်လာကြတယ်။ ဗုံးသံတွေ မကြားရပေမယ့် ငါတို့ဟာ ဗျောက်သံတွေကြားခဲ့ရတယ်။ မိုးစက်တွေလို ရွာကျလာတဲ့ မီးရှူးမီးပန်းတွေက ငါတို့ကို ပိုမိုရဲရင့် စေတယ်လို့ပြောမလား ။ မိုက်ရူးရဲစေတယ်လို့ပြောရမလား ။ ငါတို့ဟာ အသင်းအဖွဲ့ စိတ်ဓာတ်ဆိုတာကို ထိတွေ့ခဲ့ရတယ် ။ မှိုင်းဝပြီးတက်သွားတဲ့မီးပုံးပျံထဲမှာ စိတ်ကူး အရိုင်း တွေ ၊ ချွေးစက်တွေ ပြိုးပြိုးပြက်ပြက် ထိုးတက်သွားခဲ့တာ ။ မတီးလည်း ကခဲ့ရတာ မကလည်း တီးခဲ့ရတာ ဘယ်မှာရှိလို့လဲ ဒါမျိုး ။ မေးခွန်းကို မေးလိုက်ပြီဆိုကတည်းက ဘယ်မှာမှ ဒါမျိုးမရှိနိုင်ဘူးဆိုတဲ့ ၀င့်ကြွားမှုတွေနဲ့ တောင်ကြီးသားဖြစ်ရတာ ဂုဏ်ယူနေခဲ့ကြတဲ့ ငါတို့ ။ ချိုမြိန်တဲ့သစ်သီးတစ်လုံးဟာ တောင်ကြီးမြို့ ဆိုရင် ငါဟာ ပိုးပေါက်ကလေး တစ်ခုဖြစ်ခဲ့မယ် ။ အပေါ်က ငါတို့ ဆိုတာထဲမှာ ငါမပါခဲ့ဘူး ။ ငါမပါခဲ့ရဘူး။ငါဟာ အန္တရာယ်နဲ့ ကစားခြင်းကို ဘယ်တော့မှ မယုံကြည်ခဲ့ဘူး ။ မယုံကြည်တဲ့အတွက် ငါ မရဲရင့်ခဲ့ဘူး။ ဟုတ်တယ် မရဲရင့်ခဲ့ဘူး။

၁၄
ကိုယ့်အကြောင်းကိုယ်ရေးရတဲ့ အက်ဆေးမှာတောင် ဘာရေးရမှန်းမသိခဲ့ရတာ အမှန်ပဲ ။ တွတ်ထိုးပြီး တစ်ယောက်အဖြေ တစ်ယောက် စွေစောင်းပြီး ကြည့်လို့ကောင်းခဲ့ကြတာချည်းပဲ ။ ကိုယ့်အကြောင်းဟာ တစ်ခန်းလုံးနဲ့ တူနေရတယ် ဆိုတာ အဓိပ္ဗာယ်မဲ့မှန်း ငါမှ မသိခဲ့ပဲ ။ အကုန်လုံးဟာ ငါနဲ့ တူတယ်ဟပေါ့ ။ ဒါကြောင့်ပဲ ငါတို့တွေဟာ ကိုယ်နဲ့မတူတဲ့တူတွေကို လှောင်ပြောင် ခနဲ့ဖို့ ၊ အဆုံးစွန်ဆုံးပြောရရင် အမြစ်ပြတ်ချေမှုန်းပစ်လိုက်ဖို့ စိတ်အားထက်သန်ခဲ့ရတာလားမသိဘူး ။ အဲကွန်းလောက်အအေးဓာတ်မရခင်က ငါတို့ဟာ ပန်ကာလေးတစ်လုံးကို အလုအယက်သုံးခဲ့ကြတယ်။ ပြီးတော့ ယပ်တောင်တွေကို မတူသလို မတန်သလို ဆက်ဆံပစ်လိုက်တာပေါ့ ။

၁၅
ကြက်ဥတစ်လုံးကို ပြုတ် ထပ်ခြမ်းခြမ်းပြီး ချက်တဲ့အခါ လူနှစ်ယောက် စားလောက်တယ်။ စားလောက်တယ်ဆိုတာထက် စားတတ်သွားတယ်။ အကျင့်တစ်ခုဖြစ်သွားတယ်။ လိုတာထက်ပိုမယူခဲ့ရတော့ ပိုယူလို့ရတဲ့နေရာ ရောက်တာတောင် ငါ့မှာ မစားတတ်မသောက်တတ်ဖြစ်ရတယ်။ အနည်းဆုံးကြက်ဥနှစ်လုံးလောက်ပါမှ ထမင်းစားတဲ့ငါ့ဘော်ဒါကို ငါအထူးအဆန်းလိုကြည့်တယ် ။ ဒီကောင်သိပ်ထူးခြားတယ် ။ မိဘက မသွန်သင်ထားဘူးလားမသိဘူး လို့ လျှောက်တွေးမိလိုက်သေးတယ်။ ငါတို့တွေဟာ နို့ဆီဗူးခွက်လွတ်ကိုလည်း ပစ်မထုတ်တတ်ခဲ့ဘူး။ အလေအလွင့်ဖြစ်မှာ သိပ်စိုးတာနဲ့ ဘာကိုမှ ပိုမတောင်းခဲ့ပါဘူး။ လွတ်လပ်ရေးဆိုတာ တိုက်ယူမှရတယ် ဆိုတဲ့စကားကို ငါအနည်းအကျဉ်းထောက်ခံတယ်။ ပြီးတော့ ကျွေးတာစားတယ် ဆင်တာကိုဝတ်တယ်။ ငါ့ကိုယ်ငါ လောဘနည်းတယ် ။ လောဘကို ပယ်နိုင်တဲ့လူသားပဲဆိုပြီး ဇွတ်အထင်ကြီးခဲ့သေးတယ်။ မောဟ ကမ္ဘာဟာ ကူးလို့မဆုံးတော့ပင်လယ်ပဲ ။ ပင်လယ်ဟာ နည်းအမျိုးမျိုးနဲ့ ငါတို့ဆီကို အလည်အပတ်ရောက်ရှိနေတာ ။


၁၆
စာအုပ်ထဲမှာ တစ်ခုခုတော့ရမှာပဲလို့ငါထင်တယ်။  ငါဖတ်တဲ့ကာတွန်းတွေက မြေပုံကြီးကိုင်ပြီး ရတနာလိုက်ရှာတာတွေပါတယ်။ စာထဲမှာ ရတနာတွေ ပါသားပဲပေါ့ ။ ငါဒီလောက်ပဲတွေးခဲ့တာ ။ ဒီလောက်တွေးနိုင်ရင် လူဖြစ်ပြီလို့ ငါထင်တာကိုး။ ငါဖတ်တဲ့သိုင်းဝတ္ထုက မင်းသားဆို လွယ်လင့်တကူ သိုင်းတတ်သွားတာချည်းပဲ ။ သိုင်းကျမ်းတွေ ကောက်ရသွားတာချည်းပဲ ။ မင်းသမီးနဲ့တွေ့သွားတာချည်းပဲ ။ အမြင့်မားဆုံးရည်မှန်းချက်ဟာ အဖြူရောင်သိုင်းသမားပေါ့ ။  ကျန်ကျောင်းဓားကို ခြံစည်းရိုးပင်ကိုခုတ်ပြီး လုပ်ခဲ့ကြသေးတယ်။ ငါမသိတာ မရှိဘူး။ ပြီးတော့ ငါသိတာလည်း ဒီထက်မပိုဘူး။ ခရာတေးသင်ပြီးတော့ ငါသိခဲ့တာက ငါဟာ မိုးပေါ်လည်းပျံနိုင်မှာမဟုတ်ဘူး။ ရေခဲတုံးလေးတစ်တုံး ၊ အုတ်နီခဲလေး တစ်လုံးကို လက်နဲ့ရိုက်ခွဲဖို့မလွယ်လှဘူးပေါ့ ။ တချို့  ဖြစ်ရပ်တွေကို လက်တွေ့ဆန်ဆန်ချဉ်းကပ်လိုက်တဲ့အခါ ပျော်ရွှင်စရာမကောင်းတော့ဘူး ။ လေထဲမှာဆောက်တဲ့တိုက်ကို စိတ်ကြိုက်အမိုး မိုးခွင့်ရှိပေမယ့် ငါ့တို့ဒေသမှာတော့ အိမ်ခေါင်မိုးဆို အနီရောင် သုတ်ခဲ့ရတာချည်းပါပဲ ။

၁၇
အချိန်ဟာ ဘယ်ဈေးလဲလို့ ငါတို့ အချင်းချင်း တွေ့ရင်မေးတယ်။ ကျောင်းက ဆရာက အချိန်ဟာ ငွေပဲလို့  ဘိုလို ရွတ်ရွတ်နေတာကိုး။ ငါ့အချိန်ကို မင်း ဂိမ်းတစ်နာရီဖိုးနဲ့ဝယ်မလား ။ ငါ့အချိန်ကို မုန့်ဈေးတန်းက မုန့်တစ်ခုခုနဲ့ လဲစားမလား။ အဲ့ဒီတုန်းက ခေတ်ပေါ် တို့ ခေတ်ပြိုင်ကဗျာတို့ ဖတ်ခဲ့ရင် ငါတို့လည်း တစ်နေရာရာများရောက်နေမလား ။ ဒါမှမဟုတ် တစ်ယောက်ယောက်လို ဂေါက်နေမလား ။ ငါလည်း မဖြစ်ခဲ့တာတွေကို ပြန်လည်တမ်းတပြီး ဒါလေးဖြစ်ခဲ့ရင်ကောင်းမှာနော်ဆိုတဲ့ အညံ့စားနောင်တတွေနဲ့ ပျင်းပျင်းရိရိ ရှင်သန်အောင်ပွဲခံနေရတာ ။

၁၈
ငါ့ထက်အသက်ကြီးတဲ့ ဘော်ဒါတွေဟာ ငါ့အပေါင်းအသင်းတွေဖြစ်လာတယ်။ သူတို့ရဲ့  အံ့သြဖွယ်ရာ စွန့်စားခန်းတွေဟာ အားကျဖို့ကောင်းလိုက်ရတာ။ ဘယ်စော်နဲ့ ဘယ်နေရာ မှာ ဘယ်လို ဖြစ်သွားတာပြီး ဘယ်လို တမ်းတမ်းစွဲ သွားတာ။ မှင်သက်ငေးမော အတုယူချင်စရာကောင်းခဲ့တာပေါ့ ။ စာဖတ်တဲ့အလေ့အထလေး ငါ့မှာရှိနေတာကို ကိုယ့်ကိုယ်ကိုယ် ကျေးဇူးတင်စရာကောင်းမှန်း ငါသိခဲ့တယ်။ သူတို့ပြောတဲ့ ပုံစံတူဇာတ်ဝင်ခန်းတွေကို အပြာစာအုပ်တွေထဲမှာ ငါတွေ့ရှိသွားခဲ့တာကိုး။  တချို့ သူတွေဟာ ကိုယ်ပါဝင် မကပြခဲ့ရတဲ့ ပြဇာတ်တွေမှာ မင်းသားဖြစ်ချင်ခဲ့တာပါလား။ အဲ့ဒီလို သွင်ပြင်လက္ခဏာမျိုးကို ဘယ်လို ခေါင်းစဉ်တပ်ရင်ကောင်းမလဲ ။

၁၉
တစ်နေရာကနေ နောက်တစ်နေရာကို ရောက်သွားတဲ့အခါ ရောက်ရှိတဲ့နေရာမှာ မမွေ့လျော်ခြင်း ၊မနှစ်မြို့ ခြင်းကတော့ ရှိမှာပါပဲ ။ ပိုပြီးပျော်ရွှင်လာတာလည်း ဖြစ်ကောင်းဖြစ်မှာပေါ့ ။ အဲ့ဒါကို ငါမသိခဲ့ဘူး။ ငါ့အတွက်က ရှင်းတယ်။ ဘာမှ မတွေးဘူး။ ဖြစ်လာရင်လည်း အချိန်တန်တော့ ပြီးသွားမှာပါ ။ ပြီးတော့လည်း ပြီးသွားတာပါပဲပေါ့ ။ တကယ်တော့ ငါညာခဲ့တာပဲ ။ အတိတ်ဆိုတာ တိခနဲ ဖြတ်ပစ်လို့ရတဲ့ကြိုးတစ်ချောင်းမဟုတ်ဘူး။  အစီအစဉ်မကျတဲ့ လွမ်းဆွတ်မှုတွေနဲ့အတူ လူတစ်ယောက်ကို ပျော်ရွှင်ခြင်းအတု သို့မဟုတ် ၀မ်းနည်းခြင်းအစစ် တစ်ခုလက်ဆောင် ပြန်ပေးတတ်သေးတာ ။ သင့်မှာရွေးချယ်ခွင့်ရှိပါတယ်။ ပျော်ရွှင်ခြင်း အတုလား ၀မ်းနည်းခြင်းအစစ်လား ။

၂၀
ဘ၀ထဲကနေ နီးစပ်ရာ ယာဉ်နဲ့မောင်းထွက်သွားလိုက်မှာနော် တဲ့ ။ ချိမ်းခြောက်သံတွေက လေးဖက်လေးလံ ကနေ ကုတ်ကပ်ပြီးတက်လာခဲ့တော့ ဘာမှမပြောဘူး နံရံကိုလက်သီးနဲ့ထိုးပစ်လိုက်တယ်။ ထိုးဖို့ရွယ်လိုက်တဲ့အချိန်မှာ နံရံကိုသနားလို့တဲ့ လက်သီးဆုပ်ကနေ လက်ဖ၀ါးကိုပြောင်းပြီး ဖြန်းခနဲနေအောင် နံရံကိုရိုက်ပစ်တဲ့ ငါ့ဘော်ဒါ  ။ စော်နဲ့ပြဿနာတက်လို့ ဒေါသထွက်နေတဲ့သူ့အကြောင်းဟာ စကားပြောဝိုင်းတွေထဲမှာ မပါမဖြစ်အမြည်းတစ်ခုပေါ့ ။ လုပ်မယ်ဆိုလည်း တစ်ဆုံးလုပ် မလုပ်ရင်လည်းမလုပ်နဲ့ လို့ ငါမှတ်သားဖူးတယ်။ ဒါကြောင့် ငါက ဒေါသကို အဆုံးထိ မထွက်ခဲ့ဘူး။ ဒေါသ အင်အားနဲ့ မရှင်းခဲ့ဖူးဘူး။ ငါ့ကို သိပ်ယဉ်ကျေးတာပဲတဲ့ ။

၂၁
ချိန်းတွေ့တယ်ဆိုတာ ငါတို့ကျောင်းသားတွေထဲမှာ တော်တော်လေးရဲတဲ့အတွဲတွေမှ လုပ်ရဲတာ။  စာပေးစာယူ နဲ့ ရည်းစားဖြစ်ကြပြီး အပြင်မှာတောင် စကားဆယ်ခွန်းပြည့်အောင် မပြောဖူးတဲ့အတွဲတွေမှ လက်ချိုးတောင် မရေနိုင်ဘူး။  ရှေ့ ရေးနောက်ရေးမတွေးပဲ လက်တွေကို တိုးနည်းအမျိုးမျိုး ဂိုးနည်းအမျိုးမျိုး ရှေ့ ဆက်ရတယ်ကွ လို့ အနည်းငယ် စီနီယာကျတဲ့သူတွေက ပွားကြတယ်။ အထက်တန်းကျောင်းမပြီးမီ ကလေးတွဲလောင်းနဲ့ သူတို့ကို ငါမြင်ရတဲ့အခါ သူတို့လက်တွေမှာ ဘရိတ်မပါခဲ့ဘူး။ ပေါက်သွားတဲ့ဘီးတွေ မဖာခဲ့မိဘူးဆိုတာ ငါသိလာတယ်။ ဒါဟာ ငါတို့ လက်ဆင့်ကမ်းသင်ယူရတဲ့ လိင်ပညာရေးပဲ ။

၂၂
ဟေ့ကောင်တွေ အဲ့ဒီတန်းအောက်က မသွားနဲ့ အဲ့ဒါ ထဘီတွေလှန်းထားတာ ။ ငါတို့အားလုံးဟာ သွားမည့်လမ်းကြောင်းကို ကွေ့ဝိုက်ပြီးသွားခဲ့ကြတယ်။ ထုံးတမ်း စဉ်လာ ကို ငါတို့မေးခွန်းထုတ်ဖို့ လိုလို့လား ။ ထုံးတမ်းစဉ်လာဆိုတာ ငါတို့ရဲ့  ခန္ဓာကိုယ်ထဲကိုထိုသွင်းလိုက်တဲ့ ဆော့ဝဲ တစ်မျိုး  ၊ ပဋိပစ္စည်းတွေ မထွက်ခင်ကတည်းက ငါတို့ဟာ ထုံးတမ်းစဉ်လာ ဗိုင်းရပ်စ် အကိုက်ခံခဲ့ရပေါ့ ။ ငါတို့ တွေက နင်တို့ထက် မြတ်တယ်လို့ ကလေးပီပီ နှုတ်ခမ်းတစ်လန် ပန်းတစ်လန်နဲ့ ငြင်းခုံခဲ့ကြတာ ။ ဘုရား ပစ္စယံပေါ်တက်ခွင့်ရတာ ကမ္ဘာကြီးပဲ အပိုင်ရသလို မောက်မာမှုမျိုးနဲ့ ။ ငါတို့နဲ့ နင်တို့နဲ့ မတူဘူးသိလား ။ မတူကွဲပြားမှုကို ငြင်းဆိုဖို့ ငါတို့ လွယ်လင့်တကူ တတ်မြောက်ခဲ့တယ်။

၂၃
အမေဟာ ငါ့ကို ကန်တော့ခဲ့တယ်။ ငါ့မှာ သင်္ဃန်းဝတ်လိုက်တာနဲ့ မွန်မြတ်သန့်စင်သွားရော ။ ငါ့ကိုယ်ကျင့်တရားဟာ  အစွန်းအထင်းမရှိ  ဖြူဖွေး ။ ငါ့နံရံဟာ ငြိမ့်ညောင်းတဲ့သံစဉ်ပဲ ထွက်တာ ။ သမီးချည်းမွေးထားလို့ ရှင်ပြုလို့မရဘူးကွာလို့ တခြားသူတွေအားမလိုအားမရညည်းတာကို ငါဂရုဏာသက်ခဲ့သေးတယ်။ ညစာ မစားရဘူးဆိုလို့ ရေတွေချည်းလှိမ့်သောက်တယ် ။ ထန်းညက်တွေချည်း ဆက်တိုက်စားတယ်။ သီလ ပေးတတ်ရင် ငါ့တို့ အဖွဲ့မှာ ဆရာတစ်ဆူပဲ ။ ကမ္ဘာမှာ မြန်မာပဲ ဒီလို ကုသိုလ်ထူးမျိုးရတာ လို့ ကျောင်းထိုင်ဘုန်းကြီးက ပြောလိုက်တဲ့အခါ အမျိုးဂုဏ်ဇာတိဂုဏ်တွေက တောင်တွေလို မြင့်ပြီးရင်းမြင့်လာခဲ့တာ ။ အဲ့ဒါပေါ့ ငါတို့ဆေးမှားထိုးခံရတယ်ဆိုတာ။

၂၄
အလျို့ ဝှက်ဆုံးအင်္ဂါနဲ့ တိုင်းပြီး ဆဲတော့ ဒီကောင်ရိုင်းလိုက်တာလို့ ပြောပြီး အဲ့ဒါလေးတွေကိုမှ အငမ်းမရ ရှာဖွေကြတာလည်း ထူးဆန်းလှချည်ရဲ့  ။ ခါးအောက်ပိုင်းချင်း ယှဉ်ရင်တောင် မိန်းမ ဖြစ်သွားရင် တန်းဆင်းဇုန်ရောက်သွားနိုင်တယ် ။ ဖက်ပေါ်ဆူးကျ လည်း ဖက်ပေါက်တယ် ၊ ဆူးပေါ် ဖက်ကျလည်း ဖက်ပေါက်တယ် ဆိုလား ။ မြန်မာဇာတ်ကားထဲတွင်မက ငါ့အိမ်နီးနားချင်းတွေဆီကပါကြားရတယ်။ ငါ့အမေဟာ ကွန်ပလိန်းမတက်ခဲ့ဘူး။ ငါ့အမ ဟာ ကွန်ပလိန်းမတက်ခဲ့ဘူး။ ငါ့ဆရာမ က ထုံးတမ်းစဉ်လာကို လိုက်နာရမယ်လို့ ပို့ချတယ်။ ငါလည်း ကိုယ့်ကိုယ်ကိုယ် ထူးခြားမြင့်မြတ်တယ်လို့ စိတ်ရူးထ မိတာပါပဲ ။ သိပ်တော်တဲ့မိန်းမတွေကို တွေ့ရင် ဒီကောင်မလေး မဆိုးဘူးပဲလို့ ခပ်နှိမ်နှိမ်တွေးယူပစ်ခဲ့တာ ။ အဲ့ဒါ ငါရဲ့  အမှန်တရားကို မျက်ကွယ်ပြူလိုတဲ့ တွေးခေါ်မှုတွေပေါ့ ။

၂၅
ဂေါ်လီ ပစ်ပွဲတွေမှာ အနိုင်ရဖို့ဆိုတာ ငါ့အတွက် အမြင့်မားဆုံးရည်မှန်းချက်ပဲ ။ သိပ်ဝမ်းနည်းစရာကောင်းတာက ကျောင်းက စာစီစာကုံးတွေမှာ အဲ့ဒီအကြောင်းထည့်မရေးလိုက်နိုင်တာပဲ ။ တစ်ယောက်တည်းရှိနေတဲ့အချိန်တွေမှာဆို ငါ့မှာ ဂေါ်လီပစ်ကျင့်ရတာအမော ။ ချိန်ရွယ်ထားတဲ့ပစ်မှတ်ကို ဒက်ခနဲထိအောင် ပစ်လိုက်ဖို့ဆိုတာ ဘယ်လွယ်ပါ့မလဲ ။ များသောအားဖြင့် ငါနိုင်လေ့ရှိပါတယ်။ ရှုံးမဲ မဲ တယ်ဆိုတာကို သိနားလည်ဖို့ ဂေါ်လီဝိုင်းတွေက ငါ့ကိုသင်ပေးခဲ့တယ်။ မနိုင်ရင်လုကြတဲ့ လူကောင်ကြီးကြီး အကျင့်ယုတ်တွေကို ငါမှတ်ထားတယ်။ ဒီကောင်တွေက တစ်ဆယ်လောက်လုပြီးရင် နှစ်ကျပ်လောက်ပြန်ပေးလေ့ရှိတယ်။ မြန်မာပြည် ဒီမိုကရေစီကလည်း တပ်ကလုပြီး နှစ်ကျပ်လောက်ပြန်ပေးတာပါပဲ လားလို့ နိုင်ငံရေးကို ချိန်ထိုးသဘောပေါက်ခဲ့တာ။

၂၆
မင်းတို့က မမိုက်ပါဘူးကွာ ၊ ငါ့ကို တစ်ယောက်တည်း ထားခဲ့ကြတယ် လို့ မပြောတတ်လို့ ငါ ကျန်ခဲ့ရတယ် ။ တစ်ယောက်ယောက်က အနည်းဆုံးတစ်ခေါက်လောက်တော့ ခေါ်မှာပဲလို့ ငါထင်ခဲ့တယ် ။ ငါလည်း အသိအမှတ်ပြုခံရမှုကို နွေခေါင်ခေါင်မှာ ရေဆာသလို ဆာတာ ။ ကန္တာရတွေ မှာ အိုအေစစ် လိုအပ်သလို ငါလိုအပ်တာ ။ အ၀တ်အစားတွေ တိတ်တိတ်ကလေး လဲပြီး ထိုင်စောင့်နေခဲ့ဖူးတာကို ဘယ်သူမှ မရိပ်မိခဲ့တာလား ။ ငါဆို ဘယ်သူက အိမ်နေရင်းဝတ် ၀တ်ထားတယ် ။ ပွဲဝတ်ပွဲစားတွေ ၀တ်ထားတယ်ဆိုတာ ခွဲခြားသိတယ်။ လူတိုင်းဟာ ငါမှ မဟုတ်ဘဲ ။ ငါတို့ဟာ ကြံဖန်ပြီးဝမ်းနည်းပူဆွေးနေရတာပါပဲ လို့ ငါ့ကိုယ်ငါဖြေသိမ့်တယ်။ သေချာတာတော့ ငါ့ကို ဘယ်သူမှ မခေါ်ခဲ့ဘူး။

၂၇
ဘုန်းမီးနေလထွန်းတောက် တဲ့အကြောင်းဆို ငါတို့ သိပ်စိတ်ဝင်စားတယ်။ ငါ့လက်မောင်းမှာလည်း မီးထတောက်တာမျိုး မကြုံဖူးဘူး။ ကြုံရင်လည်း မီးငြိမ်းဖို့ ငါကြံစည်ရမှာ ။အိမ်ထောင်ကျ  ကလေးရသွားတဲ့ ငါ့သူငယ်ချင်းက ယောက်ျားလေးမွေးလို့ တော်သေးတာပေါ့ကွာတဲ့ ။ ငါတွန်းတယ်။ ခပ်ပါးပါးလေး ပုတ်ကြည့်တယ်။ ဖိုဖြစ်ရခြင်းကို ဘုန်းတန်ခိုးတစ်ခုလို မှတ်ယူနေတဲ့ အယူသိုးကြီးတွေကြားမှာ ငါ့အမ အိမ်ပြန်နောက်ကျရင် ပိုအဆူခံရလေ့ရှိတယ်။ ငါထမင်းဟင်းချက်တတ်တာကို တအံ့တသြကြည့်တဲ့ မိန်းမတစ်ယောက်ကို ငါအံ့သြမိပြန်တယ်။ ငါတို့တွေဟာ အခြေအနေတစ်ခုမှာ ပြဌာန်းခံရခြင်းကို နှစ်မြို့ နေကြတာ။ ငါတို့ မရွေ့ ရဲဘူး။ ငါတို့ ရွေ့ လိုက်တာနဲ့ ငါတို့ဟာ ပြုတ်ကျကျန်ခဲ့မှာကို စိုးရိမ်တာ။ အများနဲ့လွဲပြီး ဘယ်လမ်းကိုမှ မလျှောက်နဲ့လို့ မကြာခဏကြားရမယ်။  အမှားလှိုင်းဟာလည်း လှေကိုမှောက်စေမှာပဲ  ပင်လယ်ကိုခြွင်းချက်မရှိ အမိုးအကာနဲ့ ဘယ်သူထားခဲ့လို့လဲ ။ ငါ အော်ရယ်လိုက်တိုင်း ကောင်းကင် မှာ အရောင်လွင့်လွင့်သွားတဲ့ အမှောင် ။

၂၈
ရေခမ်းတဲ့အကြောင်းမပြောနဲ့ ။ ငရဲဆီသွားတဲ့ လမ်းကြောင်းကို ငါသိခဲ့တယ်။ ငါတို့ ရပ်ကွက်ထဲမှာ အ၀ီစိတွင်းတွေရှိတယ်။ ငရဲလမ်းကြောင်းရှိရင် ငါတို့ဆီမှာ ကြီးကြီးကျယ်ကျယ်မောက်မာ ပစ်လို့ရတယ်။ ဘုရားသာ မရှိခိုးရင်နေ ငါတို့ဟာ ရေတစ်ပုံးတော့ အနည်းဆုံး ဆွဲခဲ့ရတယ်။ စားဝတ်နေရေးဟာ အရာရာအားလုံးရဲ့အထက်မှာ ဦးစားပေး သတ်မှတ်ခံရတာပါပဲ ။ လူဖြစ်နေရခြင်းဟာ ဒုက္ခပဲလို့ ငါဘယ်လိုမှ လက်ခံလို့ မရခဲ့။ အဲ့ဒီဒုက္ခရောက်နေတဲ့လူကိုမှ တစ်ယောက်ယောက်က ဖန်ဆင်းခဲ့သေးသတဲ့ ။ ငါတို့ဟာ ဘာသာတရားကို မေးခွန်းထုတ်နိုင်တဲ့ လူမှုကွန်ယက်ကြီးနဲ့ အတူ ကြီးပြင်းခဲ့တာမှ မဟုတ်ပဲကွယ်။ ဓားလှီးရေခဲမုန့်တွေဟာ အသဲပုံပဲ ။ အရောင်အသွေးလှသလို အရသာလည်းရှိလှပေရဲ့  ။ ဒါပေမယ့် ပျောက်ကွယ်သွားခဲ့ပြီလေ ငါ့မြင်ကွင်းက။


၂၉
ဘာတွေ့မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကြည့်နေခြင်းမဟုတ်တဲ့အတွက်........တစ်ခုခုတွေ့လိုက်တာကိုပဲ ရှာနေတာဒါပဲလို့ ပြောပစ်လိုက်ကြတာ လူတွေရဲ့  အကျင့်တစ်ခုပဲ ဖြစ်နေပြီးလားလို့.........ငါသံသယ၀င်နေတတ်ပြီ။ ရည်မှန်းချက်ပန်းတိုငဆိုတာ ရည်ရွယ်နိုင်တဲ့အခြေအနေမှာ ရှိနေမှကွတဲ့ ။ ချဲရောင်းတဲ့ငါ့ဘော်ဒါက ခြင်ကို လက်ဝါးနှစ်ဖက်နဲ့ ဖြန်းခနဲရိုက်ပြီးပြောတယ် ။ ငါမှတ်မိသေးတယ် ဟိုသီချင်းပေါ့။ကျနော့ရည်မှန်းချက်တွေးရင်းနဲ့ပျော်သည်ပျော်သည်။ အခုတော့ ငါ့အတွက်ရှင်းတယ် ။မတွေးတာပိုပျော်ရတယ် ။

၃၀
အမှန်အတိုင်းပြောရရင် ငါ့အဖေ နဲ့ အမေရဲ့  မွေးနေ့ ကို ငါမသိဘူး။ မြန်မာ သက္ကရာဇ်တွေဟာ ငါ့မှတ်ဥာဏ်ထဲကို လွယ်လင့်တကူဝင်ရောက်မနေဘူး။ တစ်နည်းအားဖြင့် ငါအလေးမထားခဲ့ဘူးလို့ဆိုရမှာပါပဲ ။ မွေးနေ့ ကျင်းပတယ်ဆိုတာ ဘာကို ရည်ရွယ်ပြီးလုပ်ကြတာလဲ ။  ငါတို့ ငယ်ငယ်တုန်းက သူငယ်ချင်းတွေကို အမေက မုန့်ဟင်းခါးချက်ကျွေးတယ်။ လက်သီးဆုပ်လောက်ရှိတဲ့ရေခဲတုံးကို နံရံကိုပစ်ပေါက်ပြီး ရိုက်ခွဲဖူးသလား။ နေရောင်အောက်မှာ လက်ခနဲလင်းသွားတာကို အရသာ ခံပြီးကြည့်ဖူးလား ။ စာသင်ခန်းထဲမှာ အားပါးတရ အိပ်ပျော်ရဲတဲ့ ငါ့ဘော်ဒါဟာ အခုတော့ ဗေဒင်ပညာတွေ တစ်ဖက်ကမ်းတတ်သွားခဲ့ပြီ ။ အိပ်ချိန် နည်းသွားခဲ့ပြီတဲ့ ။ ငါစဉ်းစားတယ်။ အခုအချိန်မှာ အိမ်ရေးပျက်ခံနိုင်ဖို့ စာသင်ခန်းထဲမှာ ကြိုအိပ်ခဲ့တာလားပေါ့ ။ ငါ့မှာမွေးနေ့ရောက်သွားတိုင်း ဘာလုပ်ရမှန်းမသိ အူကြောင်ကြောင်ဖြစ်ရတယ်။ နောက်တော့လည်း မွေးနေ့ဆိုတာ တရားဝင်သောက်သုံးခွင့်ကို အပိုင်စားရတဲ့ နေ့ရက်အဖြစ် မှတ်တမ်းတင်ထားလိုက်ရတာပါပဲ ။ ဟက်ပီးဘက်ဒေးဟာ ငါမအော်နိုင်တဲ့ကီး ၊ ငါမျှားလို့မိတဲ့ငါး ။

၃၁
မသောက်ရသေးတဲ့ကော်ဖီဟာ အေးစက်နေခဲ့ပြီး စားပွဲဝိုင်းဟာ အပ်ကျသံတောင် မကြားရလောက်အောင် တိတ်ဆိတ်နေခဲ့တယ်။ အဲ့ဒီနေ့က ငါဟာ ကမ္ဘာတစ်ခုလုံးကို အလောင်းအစားလုပ်ပြီးရှုံးခဲ့ရတဲ့သူလို ဇွတ်ကြေကွဲပစ်လိုက်တာပဲ ။ ပွဲပြီးပေမယ့် မီးမသေခဲ့ဘူးဆိုတာကို ငါသိခဲ့ရတယ်။ ခင်းထားတဲ့ဖျာလေးကို အားနာတယ်။ လက်နှစ်ခုကိုထပ်တာများဘာခက်တာမှတ်လို့ နားစည်ကွဲအောင်ငါအော်တတ်ခဲ့သေးတယ် ။အသဲကွဲတဲ့အကြောင်းကို ပုံကြီးချဲ့  ရမယ်ဆိုတဲ့ ဥပဒေသများ ။ ကိန်းရှင်တွေရဲ့  တန်ဖိုးကို ထည့်မတွက်မိတဲ့ ပုစ္ဆာ ဟာ အနာပေါ့။ မသင်လည်း တတ်ခဲ့တာ လွမ်းရင် နှုတ်ခမ်းသားကို အေးမြစေတဲ့ ဘီယာကို အရသာခံသောက်မယ် ။ မီးခိုးငွေ့တွေလွင့်ပျံသွားတာကို မှုတ်ထုတ်ငေးကြည့်မယ်။ လိုတာထက်ပိုအော်ခဲ့လို့ အသံဝင်ခဲ့ရတယ်။

၃၂
ဒါဟာ ပေါ်လစီကား ။ အစိုးရရဲ့  အမျိုးသားပြန်လည်သင့်မြတ်ရေး ၊ ဆည်ဆောက်လုပ်ရေး ၊ နိုင်ငံသားကောင်းဇာတ်လမ်းတွေဟာ ငါ့အတွက် ဒါဟာ ပေါ်လစီကားလို့ မှတ်ရတာပါပဲ ။ ပေါ်လစီကားဆိုတာ ငါတို့ကို မှိုင်းတိုက်ဖို့ ကြိုးစားတာ ၊ အချိုသတ်ပြီး ငါတို့ကို ပြောင်းလဲချင်လာအောင် စည်းရုံးဆွဲဆောင်တာ ။ ဘာကိုမှ မယုံကြည်ဘဲ သံသယမျက်မှန်တပ်ပြီး ကြည့်ဖို့ လုံလောက်တဲ့ အနေအထားတစ်ရပ်ကို ငါရရှိခဲ့တယ်။ အလိမ်အညာ ရာခိုင်နှုန်းက ငါးဆယ် ဖြစ်ပါစေ ငါတို့ဟာ ရာနှုန်းပြည့် သတ်မှတ်နိုင်လာကြတယ်။ ပေါ်လစီတွေက နိုင်ငံတစ်နိုင်ငံအတွက် အရေးကြီးကြောင်းငါသိရတဲ့အခါ  ပေါ်လစီတွေကို ငါ လှည့်မကြည့်ချင်လောက်အောင်မုန်းတီး နေခဲ့ပြီ ။ ငါ့ဒေါသဟာ ရောင်စုံမီးပန်းတွေလို ဖူးပွင့်နေခဲ့ပြီ ။ နိုင်ငံရေးဆိုတာကို ငါဝေးခဲ့ရတဲ့အကြောင်းတရားထဲက တစ်ခုပေါ့ ။

၃၃
ဒီလောက်ထိအေးမြခဲ့တာတောင် နှင်းတွေမကုန်သေးဘူးဘဲ ။ အကောင်းဆိုရင် ငါတို့က အသက်နဲ့ရင်းပြီး ကြိုက်တယ် ။ စကောလ် ဖိနပ် စီးတယ် ။ အောလ်စတားဝယ်စီးတယ်။ ဒါလောက်လေးကိုပဲ အကောင်းစားမှတ်ခဲ့တော့ ငါတို့ဆီမှာ ဒီထက်ကောင်းတာရောက်လာခဲ့တာတောင် ဒီလောက်မကောင်းခဲ့ဘူး။ နေထိုင်မှုပုံစံကို ဘယ်လို လက်နက်မျိုးနဲ့တိုက်ဖျက်မလဲ ။ ပုံစံတူတွေထဲမှာ ငါတို့ဟာ ငြီးငွေ့မှုကို ၀ယ်ယူအားပေးခြင်းမရှိဘူး။ ယဉ်ကျေးမှုကို လက်ဆင့်ကမ်းသယ်ဆောင်တယ်။ ပြီးတော့ သူမတူကွဲပြားရင် သစ္စာဖောက်လို့ အော်ရယ်ပစ်လိုက်ဖို့ ၀န်မလေးခဲ့ဘူး။ ဒီစာ ကို တစ်ရာဖိုးသုံးပုဒ် စာရင်းသွင်းပစ်လိုက်ပါတော့။ မှတ်သားလောက်စရာမပါရင် မင်းတို့က ဘာအတွက်လဲ ဆိုတဲ့ အ၀န်းအ၀ိုင်းကြီးမှာ သုညသတ္တိတွေ ကြီးသထက်ကြီးမား ။ ဟုတ်တယ် အဲ့ဒါ စံနှုန်းအသေတွေ ။ အသက်ဝင်ပြီး ဘယ်တော့မှ ကြီးထွားမှု မရှိတော့တဲ့ စံနှုန်းအသေတွေ ။


၃၅
ဘာကြောင့်ရပ်ရပ် ဘေးချရပ်  ဆိုင်းဘုတ်ကို အမြန်သင်ယူလိုက်ရတာတော့ ဘာကြောင့်ချချ ဘေးရပ်ချ ။ ချစ်ခြင်းမေတ္တာဟာ တောင်ဆင်းလမ်းတလျှောက်က ကားတွေကိုလှုပ်ရမ်းကခုန်စေသတဲ့လား။ ရေဘူးတစ်ဘူး ဦးထုပ်ဆောင်းပြီး သူများတွေသောက်တဲ့ပင်လယ်ရေကို အနံ့လိုက်ခံနေတဲ့သူတွေဟာ ဘာမျှော်လင့်ချက်နဲ့  နေ့စဉ်အလုပ်တွေကို မရပ်မနား ဆောင်ရွက်နေခဲ့တာလဲ ။ ဘယ်သူတွေလဲဆိုတော့ ငါတို့ရပ်ကွက်ထဲက ငွေကြေးမရတဲ့အလုပ်လုပ်သူတွေလေ။ ငါလည်း သိပ်စပ်စုတယ်။ သူတို့ပြောတဲ့ ဇာတ်ဝင်ခန်းတွေဆို အမှတ်ရနေလေ့ရှိတယ်။ အာပေါင်အာရင်းသန်သန်နဲ့ ပြောပြောနေတဲ့ ရနံ့ခံမုဆိုးတွေလိုဘ၀မျိုးဟာ ငါတို့ဝန်းကျင်မှာ မနည်းမနောပါလား ။  ငါတို့ကကော ဘယ်လို မုဆိုးမျိုးလဲ ။ မုဆိုးဆိုတာ သားကောင်အတွက်တော့ သားကောင်ပါပဲ ။ အလှည့်အပြောင်းဟာ စီရရီပွင့်ခဲ့တာပါပဲ ။


၃၆
ဟဲလိုဆိုတာ ငါ့အတွက် ဆူးတစ်ချောင်းပဲ ။ အဲ့ဒီဆူးကို စနစ်တကျ စိုက်ပျိုးဖို့ အိမ်နားက ဖုန်းဆိုင်ကို အချိန်မှန်သွားရတယ်။ မအားဘူး အလုပ်လုပ်နေတယ်ဆိုတဲ့ ဟဲလိုပိုင်ရှင်ကြီး ပြောစကားကို မြေ၀ယ်မကျနားထောင်တယ်။ ဖုန်းလိုင်းက အသံတွေဟာ နားထဲကို တိုက်ရိုက်ဝင်သွားခဲ့တာပဲ ဘယ်တုန်းက မြေပေါ် ကျခဲ့တာရှိလို့လဲ ။ ငါပြုံးတယ်။ တွေးတွေးပြီပြုံးတယ်။ ပြုံးပြုံးပြီးပြန်တွေးတယ်။ တစ်ယောက်စကားသံကို တစ်ယောက် အလွတ်ရအောင်လုပ်ဖို့မလွယ်ကူလှတော့ လူကြုံနဲ့ စာထည့်ရတယ်။ ဘုရားစာလို အလွတ်ရနေတဲ့ဖုန်းနံပတ်တွေဟာ ဆင်းရဲမွဲတေတဲ့ ခေတ်ထဲမှာ ဦးနှောက်ကို အကြောင်းမဲ့သုံးဖြုန်းနေရတယ်ဆိုတဲ့ ပြယုဂ်ပေါ့ ။ ခေတ်ကြီးရှည်လျားလာတာနဲ့အမျှ မှတ်ဥာဏ်တွေတိုတိုသွားတယ် ။ ဟဲလိုဆိုတာ ငါ့အတွက် ဆူးတစ်ချောင်းပဲ ။


၃၇
ကောင်းကင်ပေါ်လွှတ်တင်လိုက်တဲ့စွန်ဟာ ဓာတ်ကြိုးနဲ့ ညှိပြီး ကြိုးပြတ်သွားတယ် ။ အမြီးမပါတဲ့စွန်ဟာ အထီး ၊ အမြီးပါရင် အမ ၊ အမြီးတန်းလန်းနဲ့ စွန်လွှတ်ရင် ငါတို့ဆီမှာ Beginner ပဲ ၊ အသစ်ကလေး ပဲ ၊ မနူးမနပ်ကလေး ပဲ ၊ စွန်ပါးမ၀တဲ့ အတတကောင်ပဲ ။  ဟုတ်တယ် ငါ့ကိုယ်ငါ မှတ်မိနေတဲ့ အမည်နာမတွေကို ငါရွတ်ဆိုနေခဲ့တာ။ ရစ်လုံးကို ဘယ်လိုကိုင်တွယ်မလဲ တို့ ၊ စွန်လွှတ်နည်းတို့သာ ရှိခဲ့မယ်ဆိုရင် ငါလည်း စာတွေ အသည်းအသန် ဖတ်ခဲ့မှာပဲ ။ ငါဝေးတယ် ။ ဝေးတဲ့အကြောင်းကို ထပ်ခါထပ်ခါ ကြားရတဲ့အခါ သူတို့နဲ့ပါ ငါဝေးသွားတယ်။ ကြိုးပြတ်သွားတဲ့စွန်နောက်ကို ငါတို့တွေတစ်သိုက် အမောတကော လိုက်ကြတယ်။ သူတို့နဲ့ငါဝေးသွားတဲ့အခါ ငါ့နောက်ကို ဘယ်သူမှလိုက်မလာကြဘူး။ အိမ်ထဲမှာ မှန်စာတိုက်ဖို့ ကော်မှုန့်တွေ ဖန်စတွေနဲ့ ငါ ပျော်ပါးနေခဲ့တယ်။ ငါ့စွန်ဟာ တိုက်ဖို့ ခိုက်ဖို့ဝါဿနာမပါခဲ့ဘူး။ လေထဲ မှ အမြီးတဖျတ်ဖျတ်လူးရင်း တိမ်တွေထဲထိ ထိုးတက်သွားတာမျိုးပေါ့ ။


၃၈
မဖြစ်နိုင်တော့တဲ့အရာတွေကို ထပ်တလဲလဲ ညည်းထွားနေရင် ငါ သိပ်အမြင်ကပ်တာ။ ဟိုးတုန်းက ဆိုရင်လေ ၊ ငါသာ ဒီလို မလုပ်ခဲ့ရင်ကောင်းမှာ  အစရှိသဖြင့် နောင်တနဲ့ ယက်လုပ်ထားတဲ့ အတွေးစောင်ကြီးခြုံလို့ ။ ကိုယ် မနှစ်မြို့  တဲ့အကျင့်တစ်ခုကို ကိုယ့်မှာ ပြန်တွေ့လိုက်ရတဲ့တော့ ငါနဖူးကြောတွေတွန့်သွားတယ်။ ဖွင့်ထုတ်ပစ်လိုက်ဖို့မရဲ ခဲ့တဲ့အခြေအနေမှာ မြိုသိပ်ခဲ့ရတာကို ငါ့ကိုငါ တည်ငြိမ်လွန်းလှတယ်ထင်တာ ။ ငါက တကယ်မပြည့်တဲ့အိုးပါ ။ ဖြည့်ဖို့မကြိုးစားခဲ့တဲ့အိုးဆိုရင် ပိုမှန်မယ်။ ငါ့ကိုယ်ငါ လျှံထွက်သွားတယ်ထင်တဲ့ ဘ၀င်မျိုးနဲ့ ။ အစားမျိုးစုံမစားဖူးတော့ ဒီထမင်းနဲ့ ဟင်းကို အကြိုက်ဆုံးပဲ လို့ အခွင့်ကြုံတိုင်းပြောလေ့ရှိတယ်။


၃၉
အဲ့ဒီကန်က လူစားတယ်။ တစ်နှစ်ကို တစ်ယောက် အနည်းဆုံးပဲ ။ ဒီလိုနဲ့ ငါဟာ ရေကူး မတတ်ခဲ့ဘူး။ ငါ့အိမ်က ငါ့ကို ရေကန်နားမှာ ပေးမဆော့ဘူး။ လူစားတယ်ဆိုတဲ့ကန်ဟာ တဖြည်းဖြည်းချင်း ခမ်းခြောက်လာတယ်။ နောက်တော့ ကွင်းပြင် အလွတ်ကြီး ဖြစ်လာတယ်။ လူတွေ ဘောလုံးကန်ကြတယ်။ အဲ့ဒါ ကန်ကြီး ၀ဋ်လည်တာ လို့ ငါတွေးမိသေးတယ်။ ကြိုတင်ကာကွယ်ခြင်းနဲ့ ငါတို့ဟာ မနီးစပ်နိုင်ကြဘူး။ ဘောလုံးကွင်းပြင်လွတ်ကြီးမြင်နေရတာတောင် ကန်တွေက လူစားတတ်တယ်လို့ ငါယုံနေတုန်း ။ အန္ဓတွေကြားမှာ မရှင်သန်လိုဘူး ။ အဲ့ဒီစာကြောင်းကို ငါနားမလည်ဘူး။ အခုတော့ နားလည်စ ပြုလာပါပြီ ။ နောက်ကျခြင်းဆီကို ငါ ခြေတစ်ဖက်ကျွံနေပြီလားဆိုတဲ့ အတွေးနဲ့ ထုံထိုင်းအုံ့မှိုင်းနေခဲ့တာ ။ အဲဒီတိမ်တွေက လူစားတယ်သိလား ။ ဒီစာကိုလည်း မဖတ်နဲ့ ။ လူစားတယ် ။ ငါ့အလွမ်းကိုလည်း မမြင်မိစေနဲ့ လူစားတယ်။ 

၄၀
အလှူအိမ်ထဲက ပြန်ထွက်လာတော့ ငါ့ဖိနပ်မရှိတော့ဘူး။ အရင်ဘ၀တုန်းက ငါခိုးခဲ့လို့ ပြန်ခံရတာတဲ့ ။ ငါ့မှာ ဖိနပ်လည်းပျောက်ရသေး ငါမမီလိုက် မသိလိုက်တဲ့ အရင်ဘ၀ ရဲ့  ပြစ်မှုကို ဒဏ်ခံရသေး။ ကိုယ့်ပစ္စည်းကိုယ်ပျောက်ရင်တောင် သူခိုးကိုပဲ ကျေးဇူးပြေးတင်ရတော့မလို ။ ငါလက်မခံပေမယ့် ငါက စွပ်စွဲခံရတာပါပဲ ။ ကျူးလွန်ခံရသူဟာ အပြစ်တင်ခံရခြင်းကို ထမင်းစားရေသောက်သလို လွယ်လင့်တကူ စားသုံးရမယ်။ ပြီးတော့ ဘာမှမဟုတ်သလို တမြည့်မြည့်လောင်ကျွမ်းမယ်။ ငါ ထဆဲလိုက်တဲ့အခါ ငါလူရိုင်းတစ်ယောက်အဖြစ် အသွင်ပြောင်းခံရတယ်။ ငါနှင့် ငါ့ထံ ခပ်မြန်မြန်လာခဲ့တဲ့ မြားတွေ။



၄၁
တချို့ ကောင်တွေဆို ငါသိပ်နားမလည်ဘူး။ သူများကိုကျတော့ ယောက်ဖ ခေါ်ပြီး သူတို့ပြန်အခေါ်ခံရတော့ မကြိုက်ချင်ဘူး။ ရင်းနှီးသမှုနဲ့ ခေါ်တယ်ဆိုပေမယ့် ငါတို့တွေဟာ ပါးစပ်ကလေးနဲ့ အသားယူလိုက်ရမှ ။ လိင်ပိုင်းဆိုင်ရာ စော်ကားမှုဆိုတာ ဆယ်စုနှစ်တစ်စု အတွင်းမှာ ပေါ်ပေါက်လာတဲ့ ထူးခြားစကားလုံးပဲ ။ ခန္ဓာကောက်ကြောင်းကို ငေးကြည့်ရင်းငါတို့ရွတ်လိုက်တဲ့ ဘယ်ညာဘယ်ညာ စနောက်မှုဟာ ကောင်မလေးကို ရပ်တန့်သွားစေတယ်။ မျက်နှာကလေး ဟာ ရှဲခနဲ ရဲသွားတယ်။ သန်မာထွားကြိုင်းတယ် လူတကာအလယ်......... သီချင်းဟာ ဇာတ်တိုက်စရာမလိုပဲ ငါတို့အဖွဲ့ဆီက လွှင့်ပျံ ထွက်လာတယ်။ ကောင်မလေးက လှည့်ပြောတယ် ။ နင်တို့မှာ ညီမတွေ ၊ အမတွေ ၊ အမေတွေ မရှိကြဘူးလားတဲ့ ။ ငြိမ်သက်ခြင်းဟာ ခဏတာ အလည်လာခဲ့ပြီး မပြောင်းမလဲ ဆက်လက်ခရီးနှင်ခဲ့ရတာပါပဲ ။ ဘယ်ကိုမှလည်းမရောက်။ဟုတ်တယ် ဒါဟာ ပဲ့တင်သံတွေခြုံပြီး မြုံနေတဲ့ လူ့အဖွဲ့အစည်း။ အသစ်အဆန်းဟာ ကျားကန်ပြီး ကုန်းရုန်းထလာခဲ့တယ်။ ဒီမိုကရေစီ ရတော့မယ်ဆိုလား။

၄၂
စကြာဟာ လေနည်းနည်းတိုက်တာနဲ့လည်နေတော့တာပဲ ။ စကြာ စက်မခါ ဆိုတဲ့ ဂါထာကို ရွတ်လို့ ငါတို့ ဆရာမ ကအမြဲပြောတယ်။ စာကျက်ရင် စာမခက်ဘူးလို့ ထပ်ဆင့်ရှင်းပြတယ်။ စာကျက်ပြီး စာမတတ်ခဲ့တာကို ငါလည်း ဘွဲ့ လက်မှတ်ကြီး ကိုင်ပြီးတဲ့အခါမှ သိရပြန်တယ်။ ငါတို့ ဘာစာတွေကို ကျက်ရမှာလဲ ။ နင်ဟာ တော်တော်စိတ်ညစ်ဖို့ကောင်းတာပဲ လို့ အကြိမ်ကြိမ် အော်ဟစ်ခံရပြီးတဲ့နောက်မှာ ငါဟာ စိတ်ညစ်စရာကိုပဲ စိုက်ပျိုးနေတဲ့  ပျိုးခင်းကြီးဖြစ်လာတယ်။ ငါ့ဆီက ပွင့်တဲ့ပန်းဟာ ဘယ်လို်ပန်းမျိုးဖြစ်မှာလဲ ။ အရောင်းသမားဘ၀ ကို ခြေစုံပစ်ဝင်ဖို့ အင်တာဗျူးသွားဖြေတယ် ။ မားကတ်တင်းကို ဘယ်လိုနားလည်သလဲတဲ့ ။ ဘယ်လိုမှနားမလည်တဲ့အကြောင်းကို နားလည်သလိုလိုနဲ့ ငါဖြေခဲ့တယ်။ ပြီးတော့ ငါကျက်ထားတဲ့စာထဲမှာ အဲ့ဒါတွေ မပါဘူးဆိုတာ ငါမသိဘူး။ စကြာဟာ ပန်းအိုးထဲမှာ အဆတ်မပြတ် လည်နေတဲ့ နှစ်တွေ ။


၄၃
မဟာစည်က ပိုကောင်းတာ ၊ မိုးကုတ်ကပိုကောင်းတာ တရားရရာရကြောင်းကို ဆွေးနွေးတာထက် ဂုဏ်တုဂုဏ်ပြိုင်စကားဝိုင်းတွေ ။ ငါ့ဘာသာ ပိုကောင်းတာ ၊ နင့်ဘာသာက လူသတ်ဝါဒ အားပေးတယ်  ဆိုတဲ့ ငြင်းခုန်မှုတွေ ၊ အပြစ်ဖို့မှုတွေဟာ ငါ့ရဲ့  ရှင်သန်ကြီးထွားလာတဲ့ အသိဥာဏ်ကို ရေလောင်းပေါင်းသင်ပေးခဲ့တာ။ ငါ့ဘော်ဒါကျွေးတဲ့ထမင်းကို ငါချက်ချင်းမစားရဲဘူး။ သူ့အိမ်မှာ ပွဲလုပ်လို့ ဖိတ်တာကို ချက်ချင်းမသွားရဲဘူး။ စစ်အစိုးရကို ဘာမှန်းသေချာမသိဘဲ ကြောက်နေခဲ့သလို ငါ့သူငယ်ချင်းကို ငါကြောက်ခဲ့တယ်။ သူကိုးကွယ်တဲ့ ဘာသာကို ငါလန့်ခဲ့တယ်။ လူကိုလူလို့မြင်ဖို့ အတွက် ငါရင်းခဲ့ရတဲ့ အကြောက်တရားတွေ ။ ငါရင်းခဲ့ရတဲ့ သံသယတွေ ။ ငါရင်းခဲ့ရတဲ့ ခင်မင်မှုတွေ ။ အခုတော့လည်း ငါတို့တွေဟာ တစ်ယောက်အလွမ်းကို တစ်ယောက် စားသုံးပေးနိုင်တဲ့ နူးညံ့သိမ်မွေ့ မှုတွေနဲ့ ၊ ယုံကြည်ချက်ကိုယ်စီကို ဦးထုပ်ချွတ်အလေးပြုနိုင်တဲ့ အသိဥာဏ်ကိုယ်စီနဲ့ ။ ကဲ မလှဘူးလား။

၄၄
ဘ၀ဆိုတာ အတ္တကိုချဲ့ ထွင်ခြင်းပဲ လို့ ငါသဘောပေါက်ခဲ့တာ ကို ငါရှက်လို့မဆုံးဘူး။ တစ်ပါးသူကို ဦးစားပေးရမယ်။ ကူညီရမယ် လို့ ငါသင်ကြားခံခဲ့ရတာကိုး။ အဖြူရောင်သိုင်းသမားဖြစ်ချင်တဲ့ငါဟာ မုန့်ဖိုးမရတဲ့ သူငယ်ချင်းရှေ့ မှာ မုန့်ထုတ်စားဖို့ မ၀ံ့မရဲ ဖြစ်နေခဲ့တာမျိုးကို ငါနားမလည်ဘူး။ ငါနားမလည်တဲ့အကြောင်းကို အဖြေမရှာပဲ သိပ်ကြိုက်လွန်းတဲ့မုန့်ဆိုရင် ငါဖွက်ပြီးစားတတ်လာတယ်။ လိပ်ပြာလုံတယ်ဆိုတာ ဘယ်လိုအရာမျိုးလဲ ။ ရွေးချယ်စရာများလွန်းလှတဲ့ ဘ၀ထဲမှာ အားနာခြင်းကို ငါရွေးချယ်ခဲ့တယ်လို့ ကြီးကြီးကျယ်ကျယ်ပြောရလောက်အောင် ငါအားနာခဲ့တယ်။ အားနာတယ်ဆိုတာ အညံ့ခံခြင်းတစ်မျိုးပဲ ပွင့်ပွင့်လင်းလင်းဖွင့်ဟခြင်းကို ပိတ်ပင်လိုက်တဲ့ တံခါးတစ်ချပ်ပဲ ဆိုတာ ငါမသိခဲ့လေဘူး။ မပွင့်မလင်းနဲ့ ကိုယ့်အနာကို ပိုးမွေးသလိုမွေးခဲ့တဲ့ ရက်များ ။


၄၅
အမှောင်ခြမ်းတွေဆီကို အရောက်များတော့ အမှောင်ရောင်ကြီးပဲ ခေါင်းထဲမှာလင်းနေခဲ့တယ်။ အိမ်ထဲကနေ အပြင်ထွက်တဲ့အထိ ငါ့မှာ ဘယ်သွားရမှန်းမသိသေးဘူး။ တစ်စုံတစ်ယောက်နဲ့တွေ့ရင် တစ်စုံတစ်ခုတော့လုပ်ဖြစ်မှာပါပဲ ဆိုတဲ့ယူဆချက်ကြီးကို ထမ်းပိုးရင်း တစ်လမ်းဝင်တစ်လမ်းထွက်လျှောက်သွားတယ်။ ပြီးတော့ ငါ့ကို ဘယ်သူမှ မခေါ်ကြဘူးဆိုတာ သိသွားတဲ့နောက်မှာ အခန်းကျဉ်းလေးထဲ ငါပြန်ရောက်သွားတယ်။ စာအုပ်တွေက အဖြေဖြစ်မလားလို့ ထိုင်ဖတ်တယ်။ ငါလိုချင်တဲ့အဖြေဟာ ဘာလဲဆိုတာ ငါမသိသေးဘူး။ အဲ့ဒီလိုနေ့ရက်တွေဟာ နာရီဒိုင်ခွက်ထဲက ပြေးမထွက်နိုင်တဲ့ လက်တံတွေလို လည်ပတ်နေခဲ့တာပါပဲ။ ငါကျက်ပြီးသားစာကို ကျောင်းမှာ ပြန်ဆိုရမှာပျင်းလို့ စာမရသေးဘူးလို့ ငါလိမ်ပြောပစ်ခဲ့ဖူးတယ်။ ထုံးစံအတိုင်း အပြစ်ပေးခံရတာပါပဲ ။ ပြီးမြောက်မှုတိုင်းကို အောင်မြင်စွာ ဂုဏ်ယူတတ်တဲ့အကျင့် ငါကျင့်ရဦးမယ်လို့ ငါ့ကိုယ်ငါ သတိပေးရင်း ဆရာမ ရှေ့ မှာ အထစ်အငေါ့မရှိ စာအံနေတဲ့ ဂုဏ်ဝင့်မာန်ဝင့်ကျောင်းသားတစ်ယောက်ဟာ ငါပဲ ။ ကဲ ဘာဖြစ်ခဲ့လို့တုန်း ။


၄၆
ရှမ်းပြည်ကလည်းပြောသေး ရှမ်းရုပ်မထွက်ဘူးနော် တဲ့ ။ တစ်ကြိမ်မက ကြားခဲ့ရဖူးတဲ့စကားသံတွေဟာ ဆောင်းနံရံတလျှောက်ကို ထိမှန်ပြီး တုန်ရီစွာပြိုဆင်းလာခဲ့တယ်။ ပါဝင်ပစ္စည်းကတော့ ဗမာလို့ပြောတာပဲ ရှမ်းပြည်ထုတ်ကုန်ဖြစ်သွားတာတော့ အခြေအနေအရပေါ့လို့ ခပ်နောက်နောက်ပြန်ပြောလိုက်တဲ့အခါ သြော်ဒါကြောင့်ကိုး ဆိုတဲ့ မှတ်ချက်တွေနဲ့ ငါ့ကိုထားခဲ့ကြတယ်။ ဒါဟာ ငါကြုံရတဲ့ စတီရိုတိုက်ပဲ ။ ငါ့ဆန္ဒမပါပဲနဲ့ ငါ့ကို သတ်မှတ် ၊ ငါ့ကိုချေဖျက်တတ်တဲ့အ၀င်းအ၀ိုင်းကြီးကို ယဉ်ကျေးသော လူ့အဖွဲ့ အစည်းလို့ခေါ်သတဲ့ ။ လူမျိုးတစ်မျိုးကို အဓိပ္ဗာယ်တစ်မျိုးလောက်သတ်မှတ်ပြီး ပုံသေကားချသတ်မှတ်တတ်တဲ့ ဥာဏ်ပညာကို လေးစားပါတယ်လို့ ခပ်ရွဲ့ရွဲ့  ငါပြောပစ်လိုက်တယ်။ ငါဗဟိုပြုအဖွဲ့ အနွဲ့ တွေနဲ့ ငါလည်းဗမာ စစ်စစ်ဖြစ်ကြောင်းကို ကြုံရင်ကြုံသလို လိုက်လိုက်ရှင်းပြနေရတာ အဆန်းကြီးပဲ ။ ငါဘာအတွက်လဲ ။ ငါ့အတွက်ဘာတွေရှိမလဲ ။ ငါ့ကိုဘယ်သူကတည်ဆောက်နေတာလဲ ။ မေးခွန်းတွေကသာ အသက်ပိုရှည်ခဲ့ပြီး အဖြေတွေက သက်တမ်းတိုကြတယ်။ ပုံသေကားချ ပုံရိပ်တွေနဲ့ တိုင်းပြီး ပုံသွင်းခံရတဲ့ ထူထူအအ ငါ့ငယ်ဘ၀ ။


၄၇
မီးခိုးငွေ့တွေဟာ အမြင့်ကိုရောက်ရင်ပျောက်သွားတယ်။ မှန်လားမမှန်လားတော့ငါလည်းမသိဘူး။ အမြင့်ကိုရောက်ရင် ပျောက်သွားမှာစိုးလို့ ငါအမြင့်ကိုကြောက်တယ်။ ဟိုးငယ်ငယ်လေးကတည်းက မမေးမစမ်းဘဲနဲ့ ယုံကြည်ထားလိုက်တဲ့ ငါ့အတွေးပဲ ။ ငါ့အတွေးဟာ မီးလိုပူပြီး ငါ့အတွေးဟာ အနွေးထည်တွေလို လုံခြုံတယ်။ ငါ့အတွေးဟာဘယ်ကိုမှ မရောက်ခဲ့ဘူး။ မျှော်စင်ခပ်မြင့်မြင့်တွေကို ငါငေးကြည့်တယ်။ ပြီးတော့ အမြင့်ကို ရောက်လို့မဖြစ်ဘူးလို့ ငါတွေးတယ်။ တစ်ခါသား ဘယ်လိုဖြစ်တယ်မသိ အမြင့်တစ်နေရာကို ငါရောက်သွားတယ်။ အပေါ်စီးကနေမြင်ရတဲ့ မြင်ကွင်းတချို့ ကို ငါရရှိခဲ့တယ်။ အဲ့ဒီတုန်းက ကင်မရာတွေ ပေါပေါသီသီ မသုံးနိုင်သေးတဲ့ခေတ် ။ ရန်ကုန်ရောက်တော့ငါနေရတာက အမြင့်ဆုံးအလွှာ ။ ၀ရန်တာကနေ လမ်းမကိုငေးကြည့်တဲ့အခါ လူတွေက သေးသထက်သေးသွားကြတယ်။ ဒါကြောင့်ပဲ အမြင့်ရောက်တဲ့သူတွေဟာ အောက်ခြေကို မမြင်နိုင်ကြတာပါလားဆိုတဲ့ အတွေးတစ်ခုနဲ့အတူ ငါဟာ အမြင့်ကိုတက်ဖို့ကြိုးစားတယ် ။ သိပ်ရယ်စကားကောင်းချင်ကောင်းနေတော့မှာပဲ ။ ငါငြင်းပြီး ငါကျင့်ကြံခဲ့တဲ့ ငါ့တရားတွေ ။


၄၈
အိပ်ယာခင်းတွေဟာ သပ်ရပ်လှပနေရင် ဘာအဓိပ္ဗာယ်မျိုး ရှိနေမှာလဲလို့ မေးခွန်းမထုတ်တတ်ခင်က ငါကြည့်ခဲ့ရတဲ့ ဆင်ဆာဖြတ်ဗီဒီယိုကားတွေဟာ ပေါတောတောနိုင်မှန်းငါမသိခဲ့ဘူး။ ပန်းပွင့်လေးငြိုးရော်သွားပြီး တရှုံ့ ရှုံ့ ငိုနေတဲ့မင်းသမီးပါဝင်တဲ့ ဇာတ်ဝင်ခန်းဟာ ဘာကိုမျှော်လင့်ခဲ့တာလဲ ။ ပရိတ်သတ်ဆီကို ဘယ်လိုသတင်းစကားတွေပါးချင်တာလဲ ။ ငါလည်းသေချာမသိပေမယ့် လိင်ကိစ္စဟာ ရေထဲမှာလမ်းလျှောက်ခဲ့တဲ့နွားခြေရာတွေလို အဖျောက်ခံခဲ့ရတာပါပဲ ။ နိုင်ငံရေးပျက်လုံးဆိုရင်လည်း ငါတို့ဟာ ခိုးပြီးနားထောင်ရတာပါပဲ ။ အုပ်ချုပ်သူ မကောင်းကြောင်းပြောဖို့ အဲ့ဒီခေတ်မှာ ဘယ်သူမှမနေရဲဘူး။ အရာဝတ္ထုတစ်ခုခုကို တစ်စုံတစ်ရာနဲ့ ဖုံးလွှမ်းလိုက်တာနဲ့  ပျောက်သွားတယ်ဆိုပါရောလား ။ ငါလည်း သိစိတ်မဲ့မျှောပါ ယုံကြည်ခဲ့ရတာပါ ။ ပြတင်းတံခါးတွေကနေ ငေးကြည့်လိုက်တော့မှ ဖုန်တွေသဲတွေချည်းဝင်လာတယ်။ လေပြေအေးဟာ နွေးသထက်နွေးလာမယ်လို့ ထင်တဲ့သူက ထင်မှာပဲ ။ ဟိုဟိုဒီဒီသွားခဲ့တယ်ဆိုတာ ခေါ်တဲ့သူတွေ ရှိလို့သာပဲ ။ ကိုယ့်လမ်းကိုယ်မဖောက်သလို လျှောက်ရမှာလည်း သဲတရှပ်ရှပ် တွေ ။


၄၉
လိုတာထက်ပိုအေးပြနေတဲ့ဆောင်း အပေါ် ငါမနှစ်မြို့ ဘူး။ ငါတို့ကို နွေးထွေးအောင် လွှမ်းခြုံပေးထားတဲ့ ပညာရေးလည်းမရှိဘူး။ ပညာရေးဆိုတာဘာလဲလို့ အဖြေမပေးနိုင်ခင် ငါမောင်းတဲ့ဆိုင်ကယ်ဟာ နှင်းတောထဲကို တိုးဝင်သွားခဲ့တယ်။ ပညာရေးဆီကိုရောက်ဖို့ မနက်အစောကြီးထရတယ်။ ပညာရေးဆီကိုရောက်တော့ ငါ့လက်တွေဟာ အေးခဲနေပြီး ကျဉ်ခဲနေတဲ့ လက်နှစ်ဖက်ကို လက်မောင်းတွေညောင်းတဲ့အထိ ထိုင်ပွတ်ရတယ်။ ပညာရေးဆီကိုရောက်တော့ နောက်ကျကြေးအဖြစ် ထိုင်ထလုပ်ရတယ် ။ ကျောက်သင်ပုန်းဖျက်ရတယ်။ စာတစ်ပုဒ်ကို အလွတ်ဆိုနိုင်မှ အိမ်ပြန်ဆိုတော့လည်း ပညာရေးဆီမှာ နောက်ဆုံးကျန်ခဲ့ရတာပါပဲ ။ ပညာရေးဟာ ငါ့အတွက် ရယ်စရာကြီးပဲ ။ ပညာရေးဟာ ငါ့အတွက် ရောက်အောင်သွားရတဲ့ ခရီးတစ်ခုပဲ ။ ရောက်သာသွားပြီး ဘာလို့လာခဲ့မှန်းမသိတဲ့ ခရီးတစ်ခုပဲ ။ နှင်းတွေကို ထိုးခွဲလိုက်တဲ့ ငါ့ဆိုင်ကယ်မီးလိုမျိုး ပညာရေးက ငါ့ဘ၀ရှေ့ ရေးကို လမ်းပြစေနိုင်တယ်ဆိုတာကို ငါမသိခဲ့ဘူး။ သင်ပြသူတွေကိုလည်း နားထောင်ရကောင်းမှန်းမသိခဲ့ဘူး။ မသိခြင်းဟာ ဆောင်းကမ်းပါးမှာ အောင်ပွဲခံပြီး အလံတလူလူ လွှင့်ခဲ့ခြင်း ။


၅၀
အမှောင်ခန်းထဲက လှေကားတွေဟာ အမြင့်ကို ထိုးတက်သွားတယ်။ ဘယ်လောက်မြင့်မှန်းမသိပေမယ့် အချိန်ယူပြီးတက်ရမယ့်လှေကား ဖြစ်တာကိုတော့ ငါသိခဲ့တယ်။ ခြေတစ်လှမ်းလှမ်းကြည့်တယ်။ အနည်းငယ်ညောင်းညာပေမယ့် တက်လက်စကြီး ဖြစ်နေတော့ အဆုံးထိတော့ ရောက်အောင်တက်ရမှာပဲလေ။ ဒီလိုနဲ့ ငါဟာ လှေကားတစ်ဝက်ကိုရောက်လာတယ်။ လှေကား လက်ရမ်းတွေမှာ ဆူးကြဲထားတာတွေ ကြုံရတယ်။ ငါတက်နေတဲ့လှေကားဟာ တစ်ဖြောင့်တည်းရှိသလို တစ်ခါတစ်လေ ကြောင်လိမ်လှေကားလိုမျိုးလည်းကြုံရတယ်။ လမ်းတလျှောက်ဟာ လွမ်းလောက်တဲ့ အတိတ်တွေနဲ့ချည်းပဲ ။ ပျံ့ ကြဲနေတဲ့ အမျိုးသမီးဝတ်အထည်များ ၊ မီးရောင်မှိန်ပြပြမှာ ရိပ်ခနဲလွှင့်ပျံသွားတဲ့ အတွင်းခံများ ၊ ဖင်စီခံ အတိုများ ၊ အသံဆိုးကြီးတွေ ၊ ကွန်ဒုံးပေါက်သွားလို့ ပြန်ပြေးဆင်းလာတဲ့ လူတချို့ ကိုလည်း ငါတွေ့တယ်။ အမှောင်နက်နက်ကြီးထဲကို ကမူးရှူးတိုး တက်သွားပြီး အလင်းမှိန်ပြပြကို မျှော်နေခဲ့ရတဲ့ ငါတို့ခေတ်ကြီး ။ ငါတို့ကိုယ်တိုင်ဟာ အလင်းတစ်စက်ပဲလို့ ငါတို့သိတဲ့အချိန်မှာ ကုမရတော့တဲ့ နာတာရှည်ရောဂါကြီးနဲ့ လှေကားကို မနည်းအားပြုတက်နေရတယ်။ လှေကားဟာ တက်လိုက်ဆင်းလိုက်နဲ့ ငါ့ကိုခါးစောင်းတင်ပြီး လျှောက်သွားနေခဲ့တာပေါ့ ။


၅၁
စောင်တွေ ဘယ်လောက်ထပ်ထပ် လူက နွေးမလာဘဲ ခန္ဓာကိုယ်ကြီးသာ လေးလာတယ်။ တချို့ အချမ်းတွေကို ဖြေဖျောက်ဖို့ စောင်တွေက မစွမ်းခဲ့ဘူးဆိုတာ ငယ်ငယ်လေးကတည်းက ငါသိခဲ့တယ်။ သွားတွေကျဉ်သွားတဲ့အထိ ရေကိုသောက်ရတာ ။ ခြေဖ၀ါးတွေက ကြမ်းခင်းကို မထိချင် မနင်းချင်ဘဲ အိပ်ယာထဲကနေ လုပ်လို့ရတဲ့ အသက်မွေးဝမ်းကြောင်းတစ်ခုခုသာ ရှိခဲ့ရင် အဲ့ဒီအလုပ်ဟာ ငါ့အတွက် မဟာဗျူဟာမြောက် အန္တိမပန်းတိုင်ပဲ ဖြစ်မှာ ။ ငါနေတဲ့မြို့ က ရာသီဥတုကို ကမ္ဘာ့အအေးဆုံးလောက်မှတ်ပြီး ငါပျင်းရိပစ်ခဲ့တာ။ တစ်ခါတစ်လေ ဘာရယ်မဟုတ်ဘဲ မြို့ ဂုဏ်စွဲပြီး ထူးဆန်းစွာ ဘ၀င်မြင့်တတ်ခဲ့သေးတာ ။ ဖားခြေရာခွက်ထဲက ပုရွက်ဆိတ်တစ်ကောင်ဟာ ငါပဲ ။ အဲ့ဒီ ပုရွက်ဆိတ်လေးဟာ ဘာရယ်မဟုတ်တဲ့ ကျောင်းချင်း ဂုဏ်ပြိုင်ကြတာကို အဟုတ်ကြီးမှတ်ပြီး ခံစားပစ်ခဲ့သေးသတဲ့ ။ ကဲ အခုကော အဲ့ဒီနာမည်ကြီးကျောင်းက ကောင်တွေဘယ်ရောက်သွားခဲ့သလဲ လို့ ရင်ကော့ပြီး မေးခွန်းထုတ်ကာ ဖားခြေရာခွက်ထဲမှာ ပုရွက်ဆိတ်ဘုရင် ဖြစ်ချင်နေသေးတဲ့ကောင် ။ အသံကြောင့်သေသွားမယ့် အကောင်သေးသေး အိပ်မက်ကြီးကြီးတွေ ။


၅၂
ဟိုတစ်ယောက်က မင်းထက်ပိုတော်တယ်လို့ မကြာခဏကြားရတဲ့အပြင် မင်းကအလကားကောင်ပဲ ဆိုတဲ့ နှိုင်းယှဉ် နှိမ်ချ အသိအမှတ်ပြုမှုကင်းမဲ့စကားမျိုးကို ခင်ဗျားတို့ ကြားဖူးကြလား။ မကြားဖူးရင်လည်း ကြုံဖူးကြမှာပဲလေ ။ ငါတို့ဟာ နှိုင်းယှဉ်ကမ္ဘာကြီးထဲမှာ နှိုင်းရ အဖြစ် ၊ အနှိုင်းခံအဖြစ် တစ်လှည့်စီကြီးပြင်းခဲ့ကြရတယ်။ အသုံးမကျမှုရဲ့  အနှိုင်းခံဖြစ်ရတာ ငါတို့ရဲ့  စိတ်ပိုင်းဆိုင်ရာဖွံ့ ဖြိုးမှုကို အတားအဆီးတွေဖြစ်ခဲ့တယ် ၊ ဒဏ်ရာတွေအဖြစ်ရှင်သန်ပြီး တစ်နေ့တခြား စိတ်တွေပြိုပျက်လာတဲ့အထိဖြစ်လာနိုင်တယ်ဆိုတာ ငါ့အ၀င်းအ၀ိုင်းက မသိဘူး။ ငါကိုယ်တိုင်လည်း သေချာမသိဘူး။ စာလေးပေလေးဖတ်လာတဲ့အခါ ငါတို့ဘ၀တွေဟာ ထရန်မာ ၊ ငါတို့ အိပ်မက်ဟာ ကျိန်စာကောင်းကင်ဖြစ်သွားပြီး အနာဂတ်မိုးဟာ လက်ညှိုးငေါက်ငေါက်ထိုးတတ်တဲ့အရှိန်အဟုန်နဲ့အတူ ငါတို့ကို စိုစွတ်စေတာပဲ ။ အနှိုင်းခံရတဲ့ ငါတို့ဟာ ဘယ်လို သမိုင်းကျန်ခဲ့လို့လဲ ။ ကျန်ခဲ့မှာမို့လို့လဲ ။ သူတို့မုန်းသည်ဖြစ်စေ မမုန်းသည်ဖြစ်စေ ငါနဲ့ ယှဉ်ပြီးနှိုင်းတဲ့သူတွေကို ငါ့မှာ သိသိသာသာချဉ်ခဲ့တယ်။ အချဉ်ပေါက်ခဲ့တယ်။ အရာထင်အောင် ကြိုးစားမှုမရှိခဲ့တဲ့ငါဟာ လူတွေကိုတစ်ဖက်သတ်ချဉ်တဲ့နေရာမှာတော့ အောင်ပန်းတွေဆင်ခဲ့ရတာပေါ့ ။ နှိုင်းရသဘောမှာ မျှောနေတဲ့ လူ့အဖွဲ့ အစည်း ။


၅၃
စိတ်ကောက်ခြင်းနဲ့ ချစ်ခြင်းဟာ တစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်တောင်ရင်းနှီးပြီး တစ်ယောက်အကြောင်းတစ်ယောက် ဘယ်လောက်တောင်သိကြသလဲမသိဘူး ။ ငါတို့ဟာ ချစ်လိုက်ရတာနဲ့ ချော့လိုက်ရတာ မကာမိဘူးပဲ ။ ကောက်ပြီးချစ်ရတာကို ရုပ်ရှင်ကားတွေထဲမှာ ငါတွေ့ခဲ့တယ်။ စောက်သုံးမကျတဲ့ စိတ်ကောက်မှုတွေနဲ့ လူနှစ်ဦးသားကို ဝေးစေတဲ့ ဇာတ်ဝင်ခန်းမျိုးဆိုရင် ငါမနှစ်မြို့ ဘူး။ ကိုယ်မနှစ်မြို့ တဲ့အရာဟာ ကိုယ့်ဆီကိုမှ တည့်တည့်မတ်မတ် လာတယ်ဆိုတာ သိပ်မှန်တယ်။ စိတ်ကောက်ခြင်းဟာ အချစ်ပဲလို့ ပြောဖူးတဲ့ ငါ့သူငယ်ချင်းမလေးကို စကားလုံးကြီးတွေသုံးပြီး စကားရည်လုခဲ့ဖူးတယ်။ တကယ်တော့ ငါတို့ဟာ လုပ်စရာမရှိလို့ စိတ်ကောက်နေကြတာပဲ ။ အလုပ်အကိုင်မရှိတဲ့အခါ စိတ်ကောက်ခြင်းဟာ အလုပ်ဖြစ်လာတယ်။ ပြီးတော့ စောက်ကျင့်ပါလာတယ်။ စိတ်မကောက်ရရင် မနေနိုင်ဘူုးဆိုတာတွေဖြစ်လာတယ်။ ချော့တဲ့ကောင်တွေကလည်း ဘာထူးလဲ ထိုနည်းလည်းကောင်းပေါ့ ။ စိတ်မကောက်တတ်တဲ့ငါဟာ ချော့မော့ခြင်းကို ကြံဖန်ဂုဏ်ယူပြီး သဘောထားကြီးသယောင်ယောင်ကိုဖြစ်လို့ ။ တစ်ရက်သား ငါ့သည်းခံမှုဟာ အဆုံးစွန်ထိပေါက်ကွဲခဲ့တယ်။ ကြာတော့လည်း ဒေါသတွေဟာ ပြာမှုန်အဖြစ် လေထဲမှာလွင့်ပါသွားမလားပေါ့။ အရှိန်မရွေးပေါက်ကွဲဖို့ လောင်စာတွေစုဆောင်းနေခဲ့ရတဲ့ သဘောထားဆိုးကြီး ။


၅၄
ကိုယ်လိုချင်တာကိုရပြီလား ဆိုတဲ့ တက်ကျမ်း ကြေငြာဆိုင်းဘုတ်ကိုကြည့်ပြီး လိုချင်တာရှိမှ ငါတို့ရှင်သန်ရမှာလားလို့ တွေးပြီးငါပြုံးမိတယ်။ လို်ချင်တာများလွန်းလို့ ရသမျှနည်းပါးနေရတဲ့ ခေတ်ကြီးကို ငါတို့မှ မရောက်ဖူးပဲ ။ ငါတို့ကြီးပြီးခဲ့ရတာက ခေတ်ကြီးက မင်းကို ဒါပေးထားတယ် ။ ဒါကိုပဲ ရအောင်ယူ ။ အတွန့်မတက်နဲ့ ဆိုတဲ့ခေတ်ကြီး ။ အဲ့ဒီ ခေတ်ကာလထဲမှာ ကြီးပြင်းရရင် ဘေဂိတ်ဟာ ကားဆိုင်းဘုတ်ရေးချင်ရေးနေရမှာပဲလို့ ငါနောက်ပြီးရေးခဲ့ဖူးတယ်။ အုံ့မှိုင်းညိုညစ်တဲ့ကောင်းကင်မှာ ငါတို့နေသာခြင်းကို မျှော်လင့်ရတာတောင် ဘယ်လိုမျှော်လင့်ရသလဲသိလား ။ ခိုးခိုးပြီး မျှော်လင့်ရတာ။ တချို့ ဆို မျှော်လင့်လို့ကောင်းမှန်းတောင် မသိဘူး။ ဇွဲမလျှော့နဲ့ ဆိုတာ ငါရေးဖူးတဲ့ စာစီစာကုံးခေါင်းစဉ်တစ်ခုပဲ ။ မုန့်လုံးတွေဟာ အချိန်တန်ရန် ရေပေါ်မှာ ပေါ်ခဲ့ရသလိုပဲ ငါတို့ဟာ ခေတ်ပြောင်းခေတ်လွှဲကာလကို ရောက်လာတယ်။ ပြီးတော့ ငါတို့ ဘာမှမပြင်ထားဘူးသိလားလို့ အငုံ့စိတ်နဲ့အော်ပြောတယ်။ ငါပြောသမျှကို လှောင်မယ့်သူတွေကလည်း အဆင်သင့်စောင့်နေကြတယ်။ သောက်လက်စ ရေနွေးခွက်ဟာ အေးစက်နေ ။


၅၅
အမျိုးသားရေးအတွက် နိုးကြားကြပါစို့လို့ တိုက်တွန်းနှိုးဆော်ချက်ကို ငါငယ်ငယ်တုန်းက သိပ်ကြွေတယ် ကုလားဆို မုန်းစရာလို့မြင်တယ်။ ငါ့သူငယ်ချင်း ဖိတ်တဲ့ ဘာသာရေးပွဲကို ငါမသွားရဲဘူး။ မသွားရဲတာကို ပြဿနာတစ်ခုမှန်းငါမသိခဲ့ဘူး။ ငါ့အတွေးမှာ ငါ့ဘာသာက မြင့်မြတ်ပြီး ကျန်တဲ့ဘာသာတွေက ဥာဏ်နည်းတယ်လို့ထင်နေတယ်။ အိမ်ကိုလာတဲ့ ယေဟောဝါသာသနာပြုတွေကို လှောင်ပြောင်သရော်နေတဲ့ ငါ့ရယ်သံ ငါ့ရယ်သံဟာ မရဏတေးသွား ငါ့ရယ်သံတွေဟာ ငါ့လမ်းကိုပိတ်ထားတာ ငါ့ရယ်သံတွေဟာ တောအုပ်တွေထဲကို တိုးဝင်သွားပြီး သားရဲတစ်ကောင်အဖြစ်အသွင်ပြောင်းသွား ငါ့ရယ်သံဟာ ဘရိတ်ပေါက်နေတဲ့ကားလို တွေ့သမျှဝင်တိုက် ဘာသာရေးမှာ ငါ့ဘာသာမြတ်တယ် သူ့ဘာသာမြတ်တယ်လို့  ငါငြင်းခုန်ပစ်လိုက်တော့ ငါနဲ့ယှဉ်ပြီး ဘယ်သူမှ စကားမပြောကြတော့ဘူး။ ငါ့ကိုယ်ငါတော့ ဆရာကြီးထင်ခဲ့တာပဲ ငါ့ကိုယ်ငါတော့ ဘာသာ သာသနာကာကွယ်သူ သူရဲကောင်းကြီးပဲ အခုတော့ ငါရှက်လို့မဆုံးတော့ပါဘူး။ ငါရှက်လွန်းလို့ ငါမုန်းခဲ့တဲ့ ဘာသာခြားတွေအကြောင်းကို ငါ့ကဗျာထဲမှာ ထည့်မပြောခဲ့ဘူး။ ရှက်ရကောင်းမှန်းမသိတဲ့ ဆိုးဝါးမှုကြီးဟာ ပစ်ရမှာလည်း သဲတရှပ်ရှပ်ဆိုသတတ်။ 


၅၆
တန်ခိုးရှိတယ်ဆိုတဲ့ စကားကြားရင် ငါတို့ပြေးကြည့်လိုက်တာပါပဲ မြေထဲမှာ ပေါ်တော်မူ တာတဲ့ ငါတို့ယုံတယ် ငါတို့ကြည်တယ်။ ငါတို့ ယုံကြည်တယ်။ ငါတို့ဟာ အသစ်အဆန်းဆိုရင် သိပ်သဘောကျတယ်။ ထူးဆန်းပါပေ့ဆိုတာနဲ့ ဆေးရောင်းတဲ့မျက်လှည့်ဝိုင်းတွေကို မပြီးမချင်းငါစောင့်ကြည့်တယ်။ ထန်းခေါက်ဖာထဲထည့်ထားတဲ့မြွေကို အုပ်ဆောင်းနဲ့အုပ်လိုက်ပြီး ပျောက်သွားမယ်ပြောတာကိုး။ ပြီးတော့ သူတို့အတွက်မဟုတ်ပါဘူး မြွေတွေအတွက် အစာဖိုးလေးရယ် တန်ခိုးကြီးတဲ့ဆေးမှုန့်တွေရယ် ယူပြီး စေတနာရှိသလောက်သာပေးပါလို့ဆိုကြတယ်။ မြန်မာဆေးမှုန့်တွေက ရောဂါမှန်သမျှနီးပါးလောက်ပျောက်တယ်ဆိုတာချည်းပဲ ဘာဖြစ်ဖြစ် ဒီဆေးပေးသောက်ခဲ့ရသလို ငါတို့လည်း နိုင်ငံရေးမှာ ဘာလာလာ ကယ်တင်ပေးနိုင်တဲ့ ခေါင်းဆောင်မျိုးလိုချင်ခဲ့ကြတယ်။ ငါသိခဲ့တယ်။ တချို့ လူတွေရဲ့ ပါဝါဟာတကယ်မရှိဘူး။ သူတို့ကို လူတွေက ၀ိုင်းပေးထားတာ တစ်နည်းအားဖြင့် လူညံ့တွေက ၀ိုင်းပြီး အဲ့ဒီပါဝါကို တည်ဆောက်ပေးထားတာ။ ငါလည်း ဈေးထဲမှာ ဆေးလှည့်ရောင်းတဲ့လူရဲ တော်ကီလောက်ကို စကားပြောကောင်းတယ် မှတ်ခဲ့ရတာပဲ တန်ခိုးဟာ ဘယ်သူ့ဆီမှာရှိတာလဲလို့ ငါအမြဲမေးတယ်။ 


၅၇
မီးရထားတစ်စင်းရဲ ခေါင်းခန်းထဲမှာ စက်သံတွေဆူညံနေခဲ့ပြီး သူငယ်ချင်းရဲ့ အဖေရာထူးဂုဏ်ရှိန်နဲ့ ခေါင်းခန်းထဲဝင်ခွင့်ရခဲ့တာကို ငါ့မှာ အကျေနပ်ကြီးကို ကျေနပ် ဘ၀ဆိုတာဒါပဲလို့မှတ်ခဲ့တာပါပဲ လူတိုင်းတက်ခွင့်မရတဲ့ ဘူတာခေါင်မိုးပေါ်ကို ငါတက်ခွင့်ရတုန်းကဆို ဘာပြောကောင်းမလဲ ငါ့သူငယ်ချင်းရဲ့ အဖေလည်း တစ်ခြားနယ်ပြောင်းသွားရော ငါ့မှာရိုးရိုးရထားတက်စီးဖို့တောင်ခက်သွားတယ်။  ငါ့မှာမရှိတဲ့ ပါဝါနဲ့ အစွမ်းတွေထက်လာမယ်လို့ ထင်နေခဲ့တဲ့ငါဟာ တစတစပြိုလဲမှုကို စသိခဲ့တယ်။ ပြီးတော့ ပါဝါဆိုရာ အရာရာပဲလို့ ငါသိလာတယ်။ ပါဝါပြောင်းရင် ငါတို့ဘ၀တွေပါ ပြောင်းလဲနိုင်တယ်ပေါ့။ ငါ့မှာဘာပါဝါရှိလဲ ငါ့မုန့်ဖိုးဟာ ပါဝါပဲ သူငယ်ချင်းတွေများများရှိတာပါဝါပဲ ငါကြည့်ခဲ့တဲ့ ပါဝါရိန်းဂျားဟာ ပါဝါတကယ်မရှိဘူး။ ဒီလိုနဲ့ ငါဟာ ပါဝါ ဆိုတာ ရူးလို့ကောင်းမှန်းသိလာတယ်။ ငါ့ပတ်ဝန်းကျင်မှာလည်း ပါဝါရူးတွေတွေ့ပါ့ စစ်တိုက်တိုင်း ကစားတာတောင် ဗိုလ်လုပ်မယ့်သူတွေချည်းပဲ ဘယ်သူမှ တပ်သားမဖြစ်ချင်ကြဘူး။ တစ် နှစ် အဆင်သင့် သုံးလေး ………….ငါတို့ဝေး  


၅၈
ကားကိုလည်း မြန်မြန်မမောင်း လမ်းကြောင်းကလည်း မယူတတ် ငါတို့ဟာ ခပ်ညံ့ညံ့ အရက်သာ မသောက်ဖူးရင်နေမယ် ခပ်ညံ့ညံ့ကားသမားကိုတော့ ကြုံခဲ့ရတာချည်းပဲ အရက်ဆိုတာ ရွေးချယ်ခြင်းဖြစ်ပြီး ခပ်ညံ့ညံ့ကားသမားဆိုတာတော့ ခပ်ညံ့ညံ့မျက်လှည့်ဆရာရဲ ပြကွက်တွေထဲက တစ်ကွက်ပေါ့ကွာ အရက်မူးမူးနဲ့ တက်စီသမား ကို နာရင်းအုပ်ဖို့ ကြိုးစားတဲ့ ငါ့ဘော်ဒါတစ်ယောက်ကို ငါသတိရမိတယ်။  လူကြုံတင်ချင်သလိုတင်ခံရတဲ့ကားလို ငါတို့ဟာ လိုရာခရီးကို ရောက်ဖို့ ကိုယ့်ပိုက်ဆံနဲ့ကိုယ် လိုင်းကားစီးသလို စီးခဲ့ရတဲ့နေ့ရက်တွေလည်း ကြုံခဲ့ဖူးတယ်။ သွားလိုတဲ့ခရီးကို ညှိုနှိုင်းဈေးနဲ့လက်ခံပြီးမှ လူထပ်တင်တဲ့ကိစ္စဟာ ငါ့ဆီက ခွင့်ပြုချက်တောင်းသင့်တယ်လို့ထင်တယ်လို့ပြောတော့ ငါ့သူငယ်ချင်းက ဟက်ဟက်ပက်ပက်ရယ်တယ်။ ဒါမြန်မာပြည်ကွ မင်းဘာတွေစိတ်ကူးယဉ်နေတာလဲ ဆိုတဲ့ ခနဲ့သံ အဆုံးမှာ ငါရဲ ဒေါသသံဟာ အသံအကျယ်ကြီးမြည်ပြီး လူမသိ သူမသိပျောက်ဆုံးသွားခဲ့ရပြန်တယ်။ ငါတို့ကို ဘယ်သူရွေးချယ်ပြန်ပြီလဲကွာ  


၅၉ 
တချို့မိန်းမတွေက သူတို့ကိုယ်သူတို့ သိပ်လှတယ်လို့ ထင်ကြတယ် ။ငါက အလှဟာ ကြည့်ရှုသူနဲ့သာ ဆိုင်တာ လို့ပြောပြီး မိန်းမလှလေးတွေကို ငေးမိလေရဲ့  တစ်ခါလည်းမက နှစ်ခါလည်းမက ငါရောက်နေခဲ့တာ
စကားလုံးတွေနဲ့ ထုံမွှမ်းခြယ်သထားတဲ့  ဂုဏ်လောကကြီး ငါလိုချင်တာ ဒါမဟုတ်ဘူး ဒါရရင်တော့ ငါဂုဏ်တက်မယ်လို့ ထင်နေတဲ့ ခပ်ညံ့ညံ့ စောက်ရူးတစ်ကောင်ဟာငါပဲ ဆံသဆိုင်ရောက်သွားတဲ့အထိ ကိုယ်လိုချင်တဲ့ ဆံပင်ကေ ကို ငါမသိခဲ့ဘူး။ ဘယ်နှစ်ကြိမ်မှန်းမသိ ဆံပင်ညှပ်ခဲ့ပေမယ့် ငါလိုချင်တာကို ငါမသိသေးဘူး။ အဲ့ဒီအကြောင်းကိုပြောတော့ ယုံကြည်ချက်ပြင်းထန်လွန်းတဲ့ တက်ကျမ်းဖတ်သူကြီးတွေနဲ့ ငါ့မှာထိပ်တိုက်တွေ့ရပြန်တယ်။ တစ်ယောက်အကြောင်းတစ်ယောက် မပြောကြေး တစ်ယောက်အကြောင်းတစ်ယောက် နောက်ကွယ်မှာသာပြောကြေး ငါတို့အ၀င်းအ၀ိုင်းက နံတယ် ဂုဏ်စော်နံတယ် တက်ကျမ်းစော်နံတယ် ဟုတ်တယ် ငါ့အကြောင်းကို ပြန်ကြည့်တော့ အသိနဲ့အကျင့်ဟာ  ရှည်လျားလွန်းတဲ့ ခရီးတစ်ခုစာ  


၆၀
အရိပ်ဟာ ငါတို့နောက်ကို လိုက်ပြီးရင်းလိုက်နေခဲ့တာပါပဲ အပူပြင်းဆုံးမီးခဲကြီးဟာ သန်းခေါင်ကျော်တဲ့အထိ တောက်လောင်နေခဲ့ပေမယ့် ငါတို့နေထိုင်ရတဲ့ကမ္ဘာကြီးက ရပ်တန့်နေခဲ့တာမှမဟုတ်ပဲ။  ငါရခဲ့တဲ့သီချင်းတွေဟာ ကာရာအိုကေဘယ်လောက်ပြောင်းပြောင်း မပြောင်းသွားခဲ့ဘူး။ ငါတို့ဟာ အသစ်ကို ခုံမင်တယ်ပြောပြီး အဟောင်းထဲမှာ တဝဲလည်လည်  ဆော်အလန်းတွေကြိုက်တယ်ဆိုပြီး လက်ရှိဆော်ကမှ လျှော်လို့လည်းမ၀ ဖွပ်လို့လည်းမ၀ ပြီးတော့ ဈေးကြီးပစ္စည်းတွေရဲ ကြော်ငြာသာကြည့်ပြီး မဝယ်နိုင်တဲ့ဘဝ အိမ်သာခွက်ထဲကို ဘယ်သူက မိုက်ခွက်ထည့်ခဲ့တာလဲ အသံဝင်တဲ့အထိအော်ခဲ့ကြပြီး ငါတို့ လိုချင်တာ မင်းတသ်ယောက်တည်းမဟုတ်ဘူးလို့သာ အမည်ခံအော်ခဲ့ရတာပါပဲ။ ဖုန်းအပြားကြီးဟာ ငါတို့ဆီရောက်လာမယ်လို့ ငါဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူး။ စခရင်ကို လျှာနဲ့ယက်ပြီး ငါတို့ဘ၀ဆီမှာ အရသာကို ရှာရမယ်ဆိုတဲ့ အသိနဲ့ မကြီးပြင်းခဲ့ရတာလည်း ပျော်စရာပဲ မဟုတ်လား။ အခုတော့ ငါတို့ဟာ လူမှုကွန်ယက်ထဲမှာ လှောင်ပိတ်မိနေကြ ဖုန်းအပြားကြီးဆီက ပွန်းကားတွေ အလကားနီးပါးရ  


၆၁
ဆက်ရှင်ပြည့်ပြီးပြန်ထွက်လာတော့ ငါ့ဆိုင်ကယ်ထိုင်ခုံပေါ်က နှင်းစက်တွေကို အ၀တ်စ တစ်ခုနဲ့ ပြောင်နေအောင်သုတ်ရတယ်။  မြေစမ်းခရမ်းပျိုးမှုတွေကတဆင့် ငါတို့ရောက်ခဲ့တာ အမှောင်ခန်းတွေ မီးရောင်မလင်းမလက်တွေ ပါးစပ်ပေါက်ဆိုးပြီး ချစ်ရေးချစ်ရာကျွမ်းတဲ့ အိန်ဂျယ်တွေ စီးတော်ယာဉ်ကို ပေါင်နှံပြီး သုံးဖြုန်းခဲ့တဲ့ အရက်ဝိုင်းတွေ ခရီးဝေးသွားတာနဲ့အမျှ စီးရတဲ့ မှတ်တိုင်တွေ ပိုများလာခဲ့တယ် ငါဟာ လန်းဆန်းနေတဲ့ အင်ဂျင် လီဗာဆွဲရင် ဆွဲသလောက် ပြေးလေရဲ ကျားကြီးတော့ ခြေရာတွေ အလိုအလျောက်ကြီးခဲ့ပြီး ငါတို့နယ်မှာတော့ ဘွတ်ဖိနပ်ကြီးကြီးစီးဖို့လိုအပ်ခဲ့တယ်။ ဖိနပ်သစ်တွေနဲ့အတူ  နယ်မြေသစ်တွေကို ငါချဲ့ ထွင်တတ်လာတယ် ပြီးတော့ လမ်းတွေကို ငါမေးတယ် ငါ့ကို ငြင်းမှာလား ဆိုပဲ   အဖြေကဘာလဲသိလား ငါ သတိရလာတော့ ငါဆိုင်ကယ်ဟာ လမ်းဘေးကို ထိုးဆင်းသွားပြီ   ဆိုင်ကယ်ထိုင်ခုံပေါ်က နှင်းစက်တွေကို သုတ်လိုက်တယ်ဆိုတာ သိပ်လှတဲ့ နိမိတ်ပုံ တစ်ခု ဖြစ်ခဲ့တာ ငါမသိခဲ့ဘူး  


၆၂
 စိတ်ထဲကို ကုတ်ကပ်ဝင်ရောက်လာတဲ့ ဓာတ်ပုံတွေကို ထိုင်ကြည့်ပြီး ဓာတ်ပုံတွေဟာ စွမ်းအားသိပ်ကြီးတာပဲလို့ ငါရေရွတ်လိုက်တယ် ပြီးတော့ တံတားအောက်ကို ငါရောက်လာတယ်။ ထုံးစံ မဟုတ်ခဲ့တဲ့အရာတွေဟာ အခုတော့ ထုံးစံအတိုင်းလို့ရေးလို့ရသွားပြီ အကအဖွဲ့တစ်ဖွဲ့ကို တွေ့ရတယ်။ သူ့တို့ ၀ါသနာပါရာ ကို တစိုက်မတ်မတ် လုပ်နေကြတယ်။ လက်ကလေးထောက်ပြီး ကိုယ်ကို ဇောက်ထိုးလှည့်လိုက်တဲ့ကကွက် ငါလည်းတစ်နေ့တော့ စမ်းကြည့်ဦးမှပဲလို့ တေးထားကို ပြန်သတိရသွားတယ်။ ကိုယ့်ခန္ဓာကိုယ်လည်း ကိုယ်ပြန်အားနာရသေးတယ်မဟုတ်လား ငါမလုပ်ခဲ့ဖူးပဲ နဲ့ ဒါကို ငါလုပ်ချင်လိုက်တာလို့ တမ်းတရတဲ့ အထဲမှာ ကတာရယ် ဂစ်တာတီး သီချင်းဆိုတာရယ်က ထိပ်ဆုံးက ပါခဲ့တယ်။ ပြီးတော့ ငါမှတ်မိသေးတယ် ငါဟာ ပန်းချီလည်း ဆွဲချင်ခဲ့သေးတယ်။ ငါ့အားစိုက်ထုတ်မှုကို ငါအံ့သြရတယ်။ပျင်းရိခြင်းဟာ အသံသာခဲ့ပြီး အရောင်ဟာ အစိမ်းရောင်ပဲ ဆိုလိုက်ကြပါစို့ ဟိုမှာတွေ့လား သစ်တောကြီးက စိမ်းလို့  


၆၃
မျက်လုံးတွေကို အ၀တ်စတွေအထပ်ထပ်စည်းပြီး ကြီးခဲ့ရတော့ ငါတို့နေထိုင်ကြီးပြင်းရာ ဒေသကလူတွေက မှောင်လို့မှောင်မှန်းတောင် မသိတော့ဘူး ။ အမှောင်ထက် ပိုမှောင်တာ ဘာရှိဦးမှာမို့လို့လဲ ။ ရေဒီယိုက သတင်းစကားတွေက ငါတို့ရဲ့  အ၀တ်စတွေကို ပါးသထက်ပါးအောင် လုပ်ပေးလိုက်တယ်။ ငါ့အဖေကတော့ ခွေးတွေ အုပ်ချုပ်တဲ့ တိုင်းပြည်ဆိုပြီး အားအားရှိ ဆဲတယ်။ ငါလည်း ပါးစပ်ကလေး လှုပ်ရုံ လိုက်ပြောကြည့်တယ်။ ဒီလိုနဲ့ ငါတို့ဟာ နိုင်ငံခြားပြန်ဆို သိပ်အထင်ကြီးတယ် ။ တိုင်းပြည်က စွန့်ခွာပြီး လေလှိုင်းပေါ်မှာ သူရဲကောင်းလုပ်သူတွေကို အံ့သြလေးစား အားကျခဲ့တယ်။ ငါတို့အတွက် စံပြလူသားဆိုတာ စွန့်လွှတ်အနစ်နာခံခြင်း ရှိရမယ်လို့ ငါတို့ထင်တယ်။ မဟာလူသားတွေ ကို ငါတို့မျှော်တယ်။ ငါဘာလုပ်လဲဆိုတော့ အားအားရှိဆဲဆိုဖို့ အားတင်းထားတယ်။ လူကြားသူကြားမှာ စစ်အစိုးရအကြောင်း မကောင်းပြောနိုင်ရင် ငါ့ကိုယ်ငါ သူရဲကောင်းထင်မိတော့တာပါပဲ ။ ဒါဟာ ဘ၀ လားလို့ မမေးနဲ့ ။ မေးလာခဲ့ရင်လည်း အဲ့ဒါ ဘ၀ စစ်စစ်ကြီးပေါ့ကွာလို့ လက်မထောင်ပြီး ဖြေပစ်ခဲ့မယ့် အကျိုးအကြေနေ့ရက်တွေ ။





လွမ်းတေးချို 



Comments

Popular posts from this blog

စာဟောဆရာ

ပညာရှိအယောင်ဆောင်တုန်းက ကိုယ့်သီဝရီ က ကဗျာကိုဖျက်ဆီး

ပန်းကလေးနဲ့ ကျနော်