အနမ်းဖြင့်ရေးသော

အနမ်းဖြင့်ရေးသော
အနမ်းနှင့်ပတ်သက်ပြီး ကျနော်ရေးဖူးပြီး မှတ်မိနေသည့် စာတစ်ကြောင်းမှာ နှုတ်ခမ်းတွေကို အကြောလျော့ပေးခြင်း ပင်ဖြစ်သည်။ ကိုယ့် နှုတ်ခမ်းတွေက နမ်းလို့ကောင်းတယ်လို့ ကောင်မလေးတစ်ယောက်ယောက်က ပြောဖူးတာမျိုး မိတ်ဆွေကြုံဖူးပါသလား ။ အနမ်းနဲ့ပတ်သက်လျှင် ကျနော် သွေးကြီးချင်မိသည် ။ အနမ်းလောကတွင် ငါသည်လည်း ခေသူမဟုတ် ပါတကားဟု ကြွေးကြော်ချင်သည်။ နမ်းဟူသော စကားလုံးကို ရှိုက်ဟူသော ကြိယာတစ်လုံးနှင့် တွဲသုံးသောအခါ နမ်းရှိုက်သည် ဟူသော စကားလုံးတစ်လုံးဖြစ်တည်လာသည်။ လေးဖြူ၏ သီချင်းထဲတွင်
“ မင်းရဲ့ အနမ်းတစ်ရှိုက်နဲ့ ငါ့ရဲ့  အနမ်းတစ်ရှိုက်နဲ့ ခံစားချက်တူညီ ရှိခဲ့တဲ့နောက် ……….”
သီချင်းစာသားအတိုင်းဆိုလျှင် သူတစ်ရှိုက်ကိုယ်တစ်ရှိုက်များ နမ်းခဲ့ကြလေသလားမသိ ။ ထိုစာသားတွေထဲက ဇာတ်ဝင်ခန်းမျိုးကို သရုပ်ဆောင်နိုင်အောင် ကြိုးစားရမည်ဟု မည်သူမျှ မပို့ချခဲ့သော်လည်း ဂုဏ်ထူးမှတ်ရအောင်ကျနော်တို့ စွမ်းဆောင်ခဲ့ကြသည်။ အနမ်းသည် အပြန်အလှန်သဘောဆောင်ပြီး နှုတ်ခမ်းသား နှစ်ခုကြား သိမ်မွေ့သော ဆက်သွယ်မှုဖြင့် ပျော်ရွှင်မှုဆီသို့ အလည်သွားနိုင်သည်။
ရှင်မနမ်းတတ်သေးပါဘူး ဟုကောင်မလေးတစ်ယောက်၏ ပြောဆိုသံကို မိတ်ဆွေကြားဖူးပါသလား ။ မဟာဖိုဝါဒကြီးစိုးသော မိသားစုတွင်ပေါက်ဖွားခဲ့ရသော ယောက်ျားတစ်ယောက်အတွက် အဲ့ဒီစကားဟာ တလွဲမာနကို ဗုံးတစ်လုံးထောင်ပေးလိုက်ခြင်းပင်ဖြစ်သည်။ ယောက်ျားတစ်ယောက်သည် မိန်းမတစ်ယောက်ထက် ချစ်မှုရေးရာတွင် သာလွန်ရမည်ဟု တိတိကျကျ မပြဌာန်းထားသော်လည်း မဟာဖိုဝါဒကြီးစိုးသော အ၀င်းအ၀ိုင်းတွင် ရှင်သန်ခဲ့ရသော ကျနော့်အတွက် ထိုစကားလုံးများသည် ကသိကအောက် နိုင်လှတာတော့ ၀န်ခံရမည်ဖြစ်သည်။ ငါတော့ ခံလိုက်ရပြီဟ ဟု ကျနော် မခံချိမခံသာ ဖြစ်ခဲ့ဖူးသည်။
ပြာလွင်လွင်ကောင်းကင်ကြီးကို ငေးကြည့်ရင်း တိမ်တွေရဲ့  ပုံသဏ္ဍာန်ဟာ အနမ်းပဲ ဟု အံ့သြတကြီး ကောင်မလေးတစ်ယောက်ကို ဖုန်းဆက်ပြောဖူးတယ်။ သူနေထိုင်ရာ ပတ်ဝန်းကျင်မှာတော့ တိမ်သားကင်စင်လို့နေပါတယ်ဟု သိရသည်။ သစ်ပင်နှစ်ပင်ဟာ တစ်ယောက်ကိုယ်တစ်ယောက်မှီခိုရင်းနမ်းနေတာဟု တောကြီးမျက်မည်းထဲတွင် ကျနော်တွေးဖူးသည်။ အနမ်းအကြောင်းမပါလျှင် မပြီးသော စကားပြောဝိုင်းများကို ကျနော်ဖြတ်သန်း ဖူးသည်။ ငါ့အနမ်းဟာ မင်းကို သိမ်းပိုက်အောင်မြင်ရမယ် ဆိုတဲ့အထင်ကြီးမှုနဲ့အတူ အချစ်ပွဲတွေမှာ ကျနော် ရှုံးနိမ့်ခဲ့ဖူးသည်။ ရှုံးနိမ့်ခြင်းများသည် အောင်မြင်ခြင်းအတွက် မှတ်တိုင်များဖြစ်သည့်အလျောက် နှုတ်ခမ်းတစ်စုံကိုအကြောလျော့ပေးသည့် လေ့ကျင့်ခန်းကို ထိုက်သင့်သလောက် ကျနော် တတ်မြောက်အောင်မြင်ခဲ့ပါပြီ။
မိတ်ဆွေနမ်းခဲ့ဖူးသလား ။ ဘယ်လောက်ရှည်ကြာအောင် နမ်းခဲ့ဖူးသလဲ ။ ကမ္ဘာ့ အနမ်းပြိုင်ပွဲများ အကြောင်း ဖတ်ဖူးသလား ။ သင့်လက်တွဲဖော်နဲ့အတူ ပြိုင်ပွဲဝင်ဖို့အထိ တွေးဖူးသလား ။ အနမ်းနဲ့ပတ်သက်ပြီး ကျနော်တို့ ဘယ်လောက်ထိ ပွင့်လင်းသလဲ ။ လူကြားသူကြားမှာ နမ်းခြင်းဟာ မြန်မာ့ယဉ်ကျေးမှုကို ဖျက်ဆီးတယ်လို့ မိတ်ဆွေတွေးထင်ပါသလား ။ ချစ်ခြင်းမေတ္တာကို ဖော်ကျုးပြသဖို့ သင်္ကေတ တစ်ခု ဟာ အနမ်းပဲ ၊ လိင်ဆန္ဒရဲ့  ရှေ့ ပြေးတမန်တော်ဟာ အနမ်းပဲ ။ အနမ်းဟာ ကျနော်တို့ ဘ၀တွေထဲကို လွယ်လင့်တကူ ၀င်ရောက်လာနိုင်ခဲ့ပြီလား ။ အနမ်းနဲ့စပ်လျဉ်းပြီး မေးခွန်းပေါင်းမြောက်များစွာ ကျနော်ထုတ်ခဲ့သည်။ အသက်သုံးဆယ်မှာ အနမ်းအကြောင်းကျနော် စပြောပါသည်။ လူ့သက်တမ်းသည် ခြောက်ဆယ်ဟု ပဲ အကြမ်းဖျင်းဆိုကြပါစို့  ။ လူ့သက်တမ်းတစ်ဝက် ရောက်မှ အနမ်းအကြောင်း စာအရှည်ကြီးရေး၍ ကျနော်စပြောရခြင်းသည် အနမ်းအကြောင်း တကယ်မသိသော လူတစ်ယောက်အဖြစ် ၀န်ခံခြင်း ဖြစ်နိုင်သလို ၊ အနမ်းအကြောင်းကို ငါးဆယ်ရာခိုင်နှုန်းလောက်တော့ ပြောခွင့်ရှိပြီဟု ယူဆသောကြောင့်လည်း ဖြစ်နိုင်ပါသည်။
တစ်ခါက စပိန်နိုင်ငံသူတစ်ယောက်က ပထမဆုံးတွေ့ဆုံမှုတွင် ကျနော့်ပါးကို ရွှတ်ခနဲနမ်း၍ နှုတ်ဆတ်ဖူးသည်။ ရုတ်တရတ် မမျှော်လင့်ထားသော အနမ်းကို ကျနော် အလိုအလျောက် နောက်ဆုတ် ရှောင်ဖို့ ကြိုးစားလိုက်မိသည်။ ပြီးမှ ကျနော်အားနာသွားသည်။ ယင်းအနမ်းသည် ကြီးကြီးကျယ်ကျယ် မဟုတ်သော်လည်း ကျနော့်အတွက် တွေးစရာတစ်ခုပေးလိုက်သည်။ အနမ်းဒဏ်ခံနိုင်အောင် ကြိုးစားရမည် ဟူ၍ ။ မိတ်ဆွေအနေဖြင့် ခွက်ထိုးခွက်လန် ရယ်ကောင်းရယ်နေမည် ။ အနမ်းဒဏ်ခံနိုင်အောင် ကြိုးစားရခြင်း သည် လွယ်ကူသော အရာတော့မဟုတ်ပါ ။ လေဒဏ်မိုးဒဏ်ခံနိုင်အောင် အဆောက်အဦးများဆောက်လုပ်သကဲ့သို့ အနမ်းဒဏ်ခံနိုင်အောင် ကိုယ့်ကိုယ်ကိုယ်ပြင်ဆင်ရသည်။ အကာအကွယ်တပ်သော နည်းလမ်းဖြင့်တော့ မဟုတ် ။ အနမ်းယဉ်ကျေးမှုထဲ စီးမျှောပါဝင်နိုင်အောင် ကြိုးပမ်းလိုက်ခြင်းသာဖြစ်သည်။
အနမ်းဒဏ်ခံခြင်းအကြောင်းနှင့် ဆက်စပ်ပြီး ယောက်ျားလေးမိတ်ဆွေ တချို့ ကို အမှတ်ရမိသည်။ ယင်းမိတ်ဆွေတို့မှာ ပုံမှန်အခြေအနေတွင် အရှက်အကြောက်လွန်စွာကြီးပြီး ယမကာရေချိန်ကိုက်သောအခါ သူတို့၏နှုတ်ခမ်းကို လေ့ကျင့်ခန်းလုပ်ရင်း စားဝိုင်းထဲရှိတွေ့ သမျှလူများကို လိုက်နမ်းခြင်းပင်ဖြစ်သည်။ ထိုအနမ်းဒဏ်ကိုတော့ စီးမျှောဖို့ ကြိုးစားနိုင်သလို ရှောင်ပြေးဖို့လည်း ဆုံးဖြတ်နိုင်ပါသည်။ ရွေးချယ်ခွင့်များများစားစား မရှိလှသည့် လောကတွင် ကျနော့်အတွက် အနမ်းများကို တခုတ်တရ သိမ်းဆည်းထားလေ့ရှိသည်။
အနမ်း၏ အကျိုးကျေးဇူးများကို ကျနော်ဖတ်ဖူးသည်။ ကျန်းမာရေးအတွက် ဘယ်လောက် အထောက်အကူပြသည် ။ တစ်ရက်လျှင် ဘယ်နှစ်ကြိမ် တစ်ပတ်လျှင်ဘယ်နှစ်ကြိမ် စသည်ဖြင့် လမ်းညွှန်ချက်များကို မိတ်ဆွေလိုက်နာဖူးသလား ။ အိမ်ထောင်ရေးတွင်လည်း အနမ်းသည် အရေးပါသော နေရာတွင် ပါဝင်နေသည်ဟု ကျနော်ထင်သည်။ ဇနီးမောင်နှံများအကြား အနမ်းကိုတိုးပွားအောင်လုပ်ခြင်းဖြင့် အိမ်ထောင်ရေးသာယာလာနိုင်သလို အနမ်း၏နယ်နိမိတ်ကို ချဲ့ ထွင်ခြင်းဖြင့် အသိုက်အမြုံလေးလည်း ပြိုကွဲနိုင်ပါသေးသည်။ ဘာပဲဖြစ်ဖြစ်အနမ်းသည် ပလ္လင်ထက် တက်ကာ အောင်ပွဲခံပြီးရင်း ခံနေတာတော့ အသေအချာပင်ဖြစ်သည်။
နိဂုံးချုပ်အားဖြင့် ဆိုရသော် " အနမ်းတွေ ဆာတယ် " ဟု ရေးထားသော မက်ဆေ့ခ်ျ တစ်စောင်ကို မိတ်ဆွေဖတ်ဖူးသလား ။ မဖတ်ဖူးလျှင်လည်း ကျနော့်အနေဖြင့် ကြွားစရာမရှိ ကြံဖန်ကြွားတယ်လို့မှတ်ယူလိုက်ပါလေ။

လွမ်းတေးချို
12:23 PM
26 November 2017

Comments

Popular posts from this blog

စာဟောဆရာ

ပညာရှိအယောင်ဆောင်တုန်းက ကိုယ့်သီဝရီ က ကဗျာကိုဖျက်ဆီး

ပန်းကလေးနဲ့ ကျနော်