အလွမ်းဖြင့် ရေးသော
အလွမ်းဖြင့် ရေးသော
လွမ်းစိတ်ဖြင့် ရှင်သန်ရသော ကာလများကို ဖြတ်သန်းဖူးပါသလား ။ ကျနော့်အတွက် ရှင်သန်ခြင်းသည် အလွမ်းဖြစ်ပြီး လွမ်းဆွတ်ခြင်းဖြင့်သာ အသက်ရှင်နိုင်သည် ဟု မိုက်မိုက်မဲမဲ ဆိုမည်ဖြစ်သည်။ ချစ်လှစွာသော မိတ်ဆွေ သင်ရဲ့  နှုတ်ခမ်းကို လျှာနဲ့သပ်ကြည့်လိုက်။ သင့်အတွက်ဘာမှ မထူးခြားလှပေမယ့် ကျနော့်အတွက်တော့ တစ်ခုခုကို လွမ်းမိရက်သား။ အနီရောင်ဆိုးလေ့မရှိသော နှုတ်ခမ်းကိုလွမ်းဖို့ ကိုယ့်နှုတ်ခမ်းကို လျှာဖြင့် တစ်ချက်သပ်ရုံဖြင့် ကျနော့်အတွက် လုံလောက်ပါသည်။
တစ်ရံရောအခါက နာမည်ခေါ်ရန် မ၀ံ့ရဲသော တိုင်းပြည်တစ်ခုတွင် ဖြစ်ရပ်တစ်ခုရှိခဲ့သည်ဟု အကြမ်းဖျင်းဆိုကြပါစို့ ။ ထိုဖြစ်ရပ်ကို အသေးစိတ်ပြောပြလျှင် ထိုသူကား ဘယ်သူဘယ်ဝါဖြစ်သည်ဟု ခန့်မှန်းမိနိုင်သောကြောင့် ကျနော့်အတွက် အလွန်အခက်တွေ့ရပါသည်။ ထို့ကြောင့် ဤအကြောင်းအရာ ကို ရေးရန်မသင့်ဟုလည်း အကြိမ်ကြိမ် တွေးတောခဲ့မိပါသည်။ တွေးနေရခြင်းဖြင့်သာ ကျေနပ်နှစ်သိမ့်နေရသောဖြစ်စဉ်ကို အလွမ်းဟုထပ်မံ ခေါ်ဆိုချင်ပါသည်။
အိမ်မှာထိုင်နေရင်း စာအုပ်စင်ကို ရုတ်တရတ်ကြည့်လိုက်မိသည်။ Far within us ဆိုတဲ့ ကဗျာစာအုပ်ကလေးကို တွေ့လိုက်မိသည်။ မောင်သစ်မင်း ဘာသာပြန်ထားတာ ကွာဝေး တဲ့။ စာသားတွေကို လှပ်ကြည့်ဖို့ ပျင်းရိနေသောသူဖို့ ကွာဝေးဟူသော စကားလုံးက လုံလောက်ပါသည်။ တစ်စုံတစ်ယောက်နှင့် ကင်းကွာ ၊ ဝေးကွာနေသော အခါ ကျနော်တို့ဆီမှာ ထိုသူနှင့်ပတ်သက်သော အမှတ်တရ များစွာကို လိုလိုလားလားဖြစ်စေ မလိုလားသည်ဖြစ်စေလက်သင့်ခံလိုက်ရသည်သာ ဖြစ်သည်။ အလွမ်းပင် မဟုတ်ပါလော ။
ဆေးထုပ်များကို ကြည့်လိုက်သည်။ ဒီဆေးတွေကို ငါမသောက်ခဲ့ရင် ကျန်းမာခြင်းရဲ့ တန်ဖိုး ကိုသိမှာမဟုတ်ဘူးလို့ ပြောသော သူငယ်ချင်းတစ်ယောက်ရှိဖူးသည်။ ရောဂါဆိုတာ မရှိခဲ့ရင် ဆေးဆိုတာ ရှိမှာတောင်မဟုတ်ဘူးဟု ကျနော်ပြန်ပြောဖူးသည်။ အနာရှိ၍ ဆေးရှိရသည် မဟုတ်လား ။ အလွမ်းကို ပျောက်ဖို့ ဆေးရှိပါသလား ။ အလွမ်းဟာ အနာဟုတ်လို့လားလို့ ကျနော်ပြန်တွေးနေမိ သည်။ အနာမဟုတ်ရင် ဆေးလားလို့ ပြောင်းပြန်ပြန်တွေးမိခါမှ အလွမ်းသည် အနာတစ်ပိုင်း ဆေးတစ်ပိုင်း ဇာတ်ကောင်ဖြစ်သည်။ အလွမ်းကြောင့် တဆစ်ဆစ် နာကျင်ရပြီး အလွမ်းကြောင့် ဆွေးဆွေးမြည့်မြည့် ပျော်ရွှင်ရပြန်သည်။
ပင်လယ်ကြီးကိုဖြစ်ဖြစ် ၊ စီးဆင်းနေတဲ့ မြစ်တစ်စင်းကိုဖြစ်ဖြစ် ငေးကြည့်ပြီး လွမ်းနေရရင်ကောင်းမှာ ဟု ကျနော်တွေးခဲ့ဖူးသည်။ ပင်လယ်ကို အပြင်မှာ တကယ်မြင်ဖူးသောအခါ ကျနော့်အလွမ်းသည် ဘယ်ရောက်လို့ ဘယ်ပေါက်ကုန်မှန်းမသိ ။ ထိုနည်းတူစွာ မြစ်ပြင်ကျယ်ကြီးကို တွေ့သောအခါတွင်လည်း အလွမ်းက ကျနော့်ဆီ ရောက်ရှိမလာခဲ့ ။ သေချာတာတော့ အလွမ်းသည် လုပ်ယူ၍မရ ။ အလွမ်းကို ဘီယာဗူးဖောက်ပြီးသောက်သလို လွယ်လင့်တကူ ဖိတ်ခေါ်လို့ မရ ။ တစ်ခါတစ်ရံ အလွမ်းသည် ဈေးပေါပေါနှင့် ရနေလေ့ ရှိပြီး တစ်ခါတစ်ရံ အလွမ်းသည် ကြေးကြီးလှ သည်။
လွမ်းတော်မူ၍ စာကို စီသည် ဟု ဖတ်ဖူးသည်။ အလွမ်းသီချင်းတွေ နားထောင်ဖူးသည်။ ဗမာရုပ်ရှင်တွေထဲမှာတော့ အလွမ်းကို သီချင်းသံ ငြိမ့်ငြိမ့်ညောင်းညောင်းထည့်၍လည်းကောင်း ၊ အတိတ်ဖြစ်ရပ်များကို နောက်ကြောင်းပြန်ပြ၍ လည်းကောင်း ဖွဲ့ ဆိုတင်ပြခဲ့ကြသည်။ မင်းက လွမ်းလို့ မဆုံးနိုင်ဘူးနော်ဟု သူငယ်ချင်းတစ်ယောက်က ပြောဖူးတာ သတိရမိသွားသည်။ ဒါလည်း အလွမ်းပင်မဟုတ်ပါလား ။ မထင်မှတ်ထားသော အခိုက်အတန့်မှာ ရုတ်တရတ် ပေါ်ထွက်လာတတ်သော ကြောက်လန့်ဖွယ်ရာရုပ်ရှင်ကားထဲက ဇာတ်ကောင်လို အလွမ်း ရဲ့  ၀င်ရောက်လာပုံမှာ ကြောက်စရာကောင်းချင်လည်း ကောင်းနေပါလိမ့်မည်။
အလွမ်းသည် စွမ်းအင်တစ်ခုဖြစ်လျှင်လည်း ဘယ်လောက်ထိကောင်းမလဲဟု တွေးမိသည် ။ အလွမ်းဖြင့်လည်ပတ်သော အင်ဂျင် ၊ အလွမ်းဖြင့်လည်ပတ်သော စက်ရထား ၊ အလွမ်းဖြင့် လည်ပတ်သော မြို့ တော် ၊ အလွမ်းဖြင့်သာ အရာရာ ဖြစ်လာဦးမည် မဟုတ်လား ။ ထိုအခြေအနေရောက်ပါက အလွမ်းကို အရောင်းအ၀ယ်လုပ်ကြဦးမည်။ အလွမ်းကို တန်ဖိုးသတ်မှတ်ကြတော့မည် ။ အရည်အသွေး အနိမ့်အမြင့်တွေ ခွဲခြားကြဦးမည်။ အလွမ်း အချင်းချင်း ခွဲခြား ဆက်ဆံကြတော့မည်။ တွေးနေရင် ကျနော် သိပ်ကြောက်သွားသည်။ ငါ့အလွမ်းတွေကို လူမမြင်စေနဲ့ ။ ငါ့လမ်းမှာ အလွမ်းတွေ ခင်းထားတာ လူသိလို့ မဖြစ်ဘူး ဟု အကြိမ်ကြိမ် အော်ဟစ်ရင်း အလွမ်းတွေ ရဲ့  ပကတိတန်ဖိုး ပျောက်ဆုံးသွားမှာ ကျနော် စိုးရိမ်နေမိသည်။
လွမ်းတေးချို
2:23 PM
November 23, 2017
2:23 PM
November 23, 2017
Comments
Post a Comment