နိမိတ်ဟော အက်ဆေး
နိမိတ်ဟော အက်ဆေး
ပန်းကလေးနဲ့ တွေ့ဆုံခြင်းကင်းမဲ့သွားတဲ့အခါ ချက်ဘောက်စ်ထဲမှာ ကိုယ်ငေးကြည့်နေမိတဲ့ စာကြောင်းလေးတစ်ကြောင်းပေါ့။ အချစ်ကိုယ်စားကျေးဇူးတွေတောင်တင်လိုက်သေးတယ်။ လွယ်လင့်တကူပြောထွက်ခဲ့တာ မဟုတ်ပေမယ့် ပြောခဲ့သမျှကို မမှတ်မိနေတာက ကျနော့်အားနည်းချက်ပဲ ။ ရှင်ကျမကို ဒီစကားတွေ ပြောခဲ့တာလေလို့ လာပြန်ပြန်ပြောတဲ့အခါ ကျနော် မပြောခဲ့သယောင်ဟန်ဆောင်နေထိုင်တာ မဟုတ်ပေမယ့် သူကတော့ ကျနော့်ကို ဟန်ဆောင်နေတယ်လို့ထင်ခဲ့ဖူးတယ်။ ပန်းကလေးနဲ့ ပြန်တွေ့ ရင် အခုချိန်မှာ ကျနော် တစ်ခုပဲ မေးချင်တယ်။ တိတ်တိတ်လေးဝေးခဲ့ရတဲ့အတွက် ဘယ်လိုမှ မခံစားရဘူးလား ။ တကယ်တမ်းတော့ သူသာဖြေခဲ့မယ်ဆိုရင် ဆက်ပြီးမေးစရာမေးခွန်းတွေလည်း ရှိနေဦးမှာပါပဲ ။ ဘာကြောင့် ဝေးဖို့ဆုံးဖြတ်လိုက်တာလဲ ။ ဝေးဝေးခြင်းနေ့ရက်များကို ဘယ်လိုကျော်ဖြတ်ခဲ့သလဲ ။ ဝေးဝေးကို မသွားပဲ ဝေးသွားရခြင်းအပေါ် ကျနော်ဘယ်လောက်ခံစားရသလဲဆိုတာလည်း ပြောပြဖြစ်မယ်နဲ့ တူတယ်။
ဘယ်သူမှ မရှိတော့ရင်တောင် ကျမနဲ့ အတူရှိမှာလား
အတူရှိခြင်းကို ဘယ်လိုအနက်ဖွင့်လိုက်တာလဲ ပန်းကလေး ။ အဲ့ဒီစကားဟာ အပြစ်တင်တယ်ဆိုတဲ့ ခံစားမှုမျိုးရသွားမှာ ကျနော်သိပ်စိုးရိမ်မိတယ်။ ပန်းကလေးဆီမှာ တစ်စုံတစ်ယောက်ရှိနေခြင်းဟာ ကျနော့်အတွက် ပျော်ရွှင်ရပါတယ်လို့ ပြောခဲ့ဖူးတာ အမှတ်ရမိတယ်။ ပန်းကလေးဟာ ပျော်ရွှင်ခြင်းကို ဦးတည်ရွေးချယ်မယ့်သူတစ်ယောက်ဆိုတာ ကျနော် သိထားတယ်လေ။ ကျနော်ဟာ သူ့ပျော်ရွှင်ခြင်းအတွက် အရံလူပဲ ။ back up ပဲ ။ ပျော်ရွှင်ခြင်းနဲ့ဝေးတဲ့အခါ ကျနော့်ကို ပန်းကလေးဖုန်းခေါ်မှာလို့ တစ်ထစ်ချ ယုံကြည်ခဲ့ဖူးတယ်။ အခုတော့ ပန်းကလေးက အပျော်တွေထပ်ပြီးရင်းထပ်လို့ မြင့်မြတ်နေခဲ့ပါပြီလေ။
ကြည့်ပါဦး ကျမတို့ အိပ်ကြမယ်လို့ပြောပြီး တစ်ယောက်နဲ့တစ်ယောက် စာရိုက်လို့ မဆုံးနိုင်ဘူး
တစ်ယောက်နဲ့တစ်ယောက် အိပ်ရမှာတောင်မေ့နေတဲ့ညတွေရှိတယ်။ အချိန်ဆိုတာ သူ့ဟာသူလည်ပတ်နေရတာပါပဲ။ လည်ပတ်ခြင်းကို ကျနော်တို့မေ့တယ်။ ဘေးနားပတ်ဝန်းကျင်ကိုမေ့တယ်။ ရုတ်တရတ် နာရီကို ကြည့်လိုက်တော့ မနက်နှစ်နာရီထိုးနေပြီ။ အဲ့ဒီလိုနေ့ရက်မျိုးကိုကမှ ပျော်စရာမကောင်းရင် ဘယ်အရာက ပျော်စရာကောင်းဦးမှာလဲ ။
ရှင်ကျမကို ချောင်ထိုးထားတယ်
စိတ်ကောက်မှု ဒီဂရီ မမြင့်တက်သေးတဲ့အချိန်မှာ သုံးတတ်တဲ့ ပန်းကလေးရဲ့  လက်သုံးစကားပေါ့ ။ အဲ့ဒီနှုတ်ခမ်းပါးတွေကို စိန်စီထားပေးမယ်လို့ ကျနော်ပြန်စ နောက်ခဲ့ပါသေးတယ်။ တစ်ခါတစ်လေ ကိုယ့်ကိုယ်ကိုယ် လူသုံးမများတဲ့ စွယ်စုံကျမ်းလိုမြင်မိတယ်။ သိပ်တော်သိပ်တတ်နေတာမျိုးကို ဥပမာပြုတာမျိုးမဟုတ်ပါဘူး။ ဝေးဝေးတစ်ခါမှ လှန်ဖတ်ခံရတဲ့ ဖုန်တက်နေတတ်တဲ့ စာအုပ်ကြီးလိုဖြစ်ဖြစ်နေတတ်လို့ ဆိုပြီး ပန်းကလေးကိုပြောခဲ့တုန်းက ရှင့်ကိုတော့ မကြာခဏလှန်ဖတ်မှာပါ စိတ်မကောင်းမဖြစ်ပါနဲ့ဆိုပြီး ပြုံးစိစိနဲ့ ပြန်ပြောခဲ့တာကို အမှတ်ရတယ်။ စိတ်ကောက်မှု မပြင်းထန်သေးဘူးဆိုရင် ပန်းကလေးက အေးအေးဆေးဆေး စကားပြောတတ်တယ်။
စိတ်ချ ကျမရှင့်အတွက် အနှောက်အယှက် မဖြစ်စေရဘူး
ဟုတ်ပါတယ် ကျမပဲမှားတာပါ
ပြီးရောလေ ကြိုက်သလိုလုပ် လုပ်ချင်သလိုသာလုပ်
ကူညီပေးခဲ့တာတွေအတွက် ကျေးဇူးပါ
အခုလို ဆက်တိုက် စကားလုံးတွေနဲ့ တိုက်စစ်ဆင်လာပြီဆိုရင်တော့ နှုတ်ဆိတ်ပြီး နားထောင်လိုက်ခြင်းဟာ အန္တရာယ်ကင်း ပရိတ်ရွတ်တာထက်အများကြီးသာတယ်ဆိုတာ ကျနော်သိခဲ့တယ်။ မဟုတ်ပါဘူးလို့ ငြင်းရင်လည်း ပြဿနာ ဟုတ်ပါတယ်လို့ ၀န်ခံရင်လည်း ပြဿနာ ။ ပြဿနာဟာ ထောင့်ပေါင်းစုံနေရာပေါင်းစုံကနေ တိုးဝင်လာခဲ့မှာပါပဲ ။ မုန်တိုင်းတွေစဲသွားတဲ့အခါ ကျနော်တို့ ပင်ပန်းသွားကြတယ်။ ပြီးတော့ ပင်ပန်းမှုရလဒ်အဖြစ် အိပ်ယာခင်းလေးတွေ တွန့်ကြေသွားခဲ့ရတာပါပဲ ။ ပန်းကလေးဆီက ခိုးခိုးခစ်ခစ် ရယ်သံလေးရယ် ၊ တိုးလျတဲ့အသက်ရှုသံလေးရယ် ၊ ချွေးရနံ့သင်းတဲ့ ညနေခင်းတစ်ခုရယ် အရာရာဟာ စိတ်ဒဏ်ရာမဟုတ်ဘူး ။ ပျော်စရာအတိလို့ တံဆိပ်ကပ်လို့ရတဲ့ အချိန်အပိုင်းအခြားပေါ့။
ချော့တိုင်း အိုခေ သွားတဲ့ အထဲမှာ ကျမ မပါဘူး
ချော့မော့ခြင်းဟာ တောင်တက်ခရီးရှည်တစ်ခုကို သက်လုံကောင်းကောင်းနဲ့သွားရတာမျိုးပဲ ။ စိတ်ရှည်ရတယ်။ လှည့်ပြန်ချင်လောက်အောင် ပင်ပန်းတာမျိုးလည်းကြုံမယ်။ အဲ့ဒီခရီးဟာ မနီးဘူး။ မနီးတဲ့ခရီးကို ကျနော်က မမောမပန်းတက်ခဲ့တယ်။ အချိန်တန်တော့လည်း ကျနော်တို့တွေဟာ တစ်ယောက်အမုန်းနဲ့ တစ်ယောက် ရှင်သန်နိုင်တဲ့သူတွေမှ မဟုတ်ပဲ။ အထူးသဖြင့် ကျနော်ဟာ စိတ်ချင်းဝေးတာလောက် ပိုဝေးတာမျိုးမရှိဘူးလို့သိထားတဲ့ကောင်လေ ။ ကျနော် မချော့ပဲ မနေနိုင်ခဲ့ဘူး။
ရှင်ကျမ ကို ကစားနေတာလား
မကစားပါဘူး လို့ ပက်ခနဲပြန်ဖြေလိုက်တဲ့အခါ ပန်းကလေးက အဲ့ဒါဆို စာရင်းထဲကို မထည့်တာ မလားလို့ ပြန်ပြောတယ်။ တစ်ခါတစ်လေ ကျနော့်အတွက် ပန်းကလေးနဲ့ စကားပြောရတာဟာ ကျနော့်အတွက် စစ်တုရင် တစ်ပွဲ ကစားရသလိုပဲ ။ နည်းနည်းမှ အမှားခံလို့မဖြစ်ဘူး။ တစ်ချက်ကလေးမှာတဲ့ သေရာပါကိုဖြစ်ရော ။ ပန်းကလေးက မှတ်ဥာဏ်ကောင်းတယ်။ ဖြစ်ရပ်တော်တော်များများကို မှတ်ထားတယ်။ အခွင့်သာရင် စကားနာထိုးလေ့ရှိတယ်။ ကျနော်ပေါက်ကွဲလာတဲ့အခါ မင်းဟာ ဗမာပေါကားဆန်လိုက်တာလို့ ပြန်ပြန်ပြောလေ့ရှိတယ်။
သေချာပါတယ် ရှင်ကျမပို့လိုက်တဲ့ မက်ဆေ့ခ်ျ ဖတ်ပြီး ပြုံးနေတယ်မဟုတ်လား
စိတ်လက်ကြည်သာစွာနဲ့ ဟာသပုံတွေပိုပြီး ပန်းကလေးဟာ ဗေဒင်ဆရာမလေးဖြစ်သွားတယ်။ ရှေ့ ဖြစ်တွေဟောလို့ ။ သူ မဟောခဲ့တာတာက ကျနော်တို့ တိတ်တိတ်လေးဝေးသွားရမယ်ဆိုတာပါပဲ။
မိတ်ဆွေဒီစာကို ဖတ်ပြီး ပြုံးမနေဘူးမလား ။ ကျနော်လည်း ရှေ့ ဖြစ်တွေ ဟောတတ်နေပါပြီ ။
လွမ်းတေးချို
၂၆ ဒီဇင်ဘာ ၂၀၁၇
Comments
Popular posts from this blog
စာဟောဆရာ
ပညာရှိအယောင်ဆောင်တုန်းက ကိုယ့်သီဝရီ က ကဗျာကိုဖျက်ဆီး
ပန်းကလေးနဲ့ ကျနော်