နာကျင်ကောင် လို့ပဲ ဆိုကြပါစို့

နာကျင်ကောင် လို့ပဲ ဆိုကြပါစို့

ဟမ်းဖုန်းကို ဘေးမှာပစ်ချလိုက်တယ်။ဖောက်ခွဲပစ်လိုက်ရင်ကောင်းမလားလို့တောင် သူတွေးခဲ့သေးတယ်။ အယောင်ယောင်အမှားမှားနဲ့ ဘေးနားမှာရှိတဲ့ စာအုပ်တစ်အုပ်ကို ကောက်ကိုင်ပြီးဖတ်တယ်။ စာထဲမှာ စိတ်ရှိမနေဘူး။ ဒီလိုမျိုးဖြစ်နေတာ တစ်ကြိမ်လည်း မဟုတ်တော့ဘူး ။နှစ်ကြိမ်လည်း မဟုတ်တော့ဘူး ။ အကြိမ်ကြိမ်ရှိနေပြီ။ သူဘာလုပ်မလဲစဉ်းစားတယ် ။ ဖုန်းသုံးတာကို လျှော့ရမယ် ။ဟုတ်ပြီ ဖုန်းမသုံးရင် ဘာသုံးမလဲ ။ဘာမှလည်း သုံးစရာမရှိဘူး 
ရေခဲသေတ္တာထဲက ဘီယာဘူးကို ဖောက်ပြီး တကျိုက်မော့ချလိုက်တယ်။ ရင်ထဲကို အေးပြီး နေလို့ထိုင်လို့ကောင်းသွားတယ်။ ကွန်ပြူတာကို ဖွင့်တယ် ရောက်တတ်ရာရာ စာတွေ ထိုင်ရေးနေတယ်။ သူရေးသမျှကလည်း ဖတ်မည့်သူမရှိဘူး ။ တစ်ယောက်စ နှစ်ယောက်စ ဖတ်ကြပေမယ့် ဒီထက်ပိုပြီး အသိအမှတ်ပြုမှုမျိုးရရင် သူ ဒီထက်ပိုပြီး ကြိုးစားဖြစ်မှာပဲလို့ သူထင်တယ်။ စာအုပ်ကလေး တစ်အုပ်လုပ်ဖို့ သူကြိုးစားသေးတယ်။ လုံလောက်တဲ့ပိုက်ဆံပမာဏရှိပေမယ့် သူပျင်းရိနေပြီ။ ကွန်ပြူတာထဲက အပြာဇာတ်လမ်းတွေကိုကြည့် ၊ အပြာစာအုပ်တွေဖတ် ၊ တစ်ကိုယ်ရည်အာသာဖြေ ၊ တစ်ခုခုစား ပြီးတော့ အိပ် ။ သူသိပ်ပျင်းရိသွားပြီ ။ သူရေးခဲ့သေးတယ် ပြေးစက်ပေါ်က ဘ၀တွေ ဆိုလားပဲ ။ ဘယ်လောက်ပဲ အားစိုက်ပြေးပြေး ဘယ်ကိုမှမရောက်တဲ့နေ့ရက်တွေ ။

ညနေခင်းတစ်ခုရောက်လာတော့ သူလမ်းထလျှောက်တယ်။ သူရောက်သွားတာက ဘီယာဆိုင် ။ အတူထိုင်နေကြ သူငယ်ချင်းတွေကလည်း သူနေထိုင်ရာဒေသမှာ မနေတော့ဘူး။ တစ်ယောက်စ နှစ်ယောက်စရှိတဲ့ သူငယ်ချင်းတွေကိုလည်း နေ့စဉ်ရက်ဆက် ခေါ်ပြီး ဆိုင်ထိုင်လို့ကောင်းတာလည်း မဟုတ်။ သူ့ဘ၀ကြီးကိုက အဓိပ္ဗာယ်မဲ့လွန်းလှတယ်လို့ သူထင်တယ်။ ဘာအတွက်ရှင်သန်နေတာလဲ ။

ပိုက်ဆံရှာဖို့လား ။ အဲ့ဒီမေးခွန်းကို သူဖြေတယ်။ ပိုက်ဆံကတော့ အတိုင်းအတာတစ်ခုထိရှာနေတယ်။ ရတဲ့ပိုက်ဆံလေးနဲ့ အဆင်ပြေအောင် နေတယ်။ သောက်နိုင်စားနိုင် သွားနိုင်လာနိုင်တဲ့ ဘ၀ တစ်ခုရောက်နေပြီ သူလိုချင်တာ အလွန်တရာချမ်းသာတဲ့ ဘ၀မျိုးမဟုတ်ဘူး။ အဲ့ဒါတော့ သေချာနေပြီ။ အရင်တုန်းက အလုပ်တစ်ခုရဖို့ အသည်းအသန် ကြိုးစားရတယ်။ နယ်မြို့ လေးတစ်မြို့ 
မှာ ခြင်္သေ့တစ်ကောင်လို့ သူ့ကိုယ်သူထင်ထားတဲ့သူဟာ မြို့ ကြီးပြကြီးမှာ ဘယ်လမ်းသွားလမ်းလာကမှ ဂရုမစိုက်တဲ့ လမ်းဘေးခွေးသာသာပဲဆိုတာ သူသိခဲ့တယ်။ ဒီလိုနဲ့ သူ အလုပ်တွေပြောင်းတယ်။ ကျွမ်းကျင်မှု တစ်ခုရှိလာတယ်။ ဒီထက်ပိုပြီး သူဘာလုပ်ရမှန်းတော့ မသိသေးဘူး။ လစာလေးတော့ အရင်ကထက်စာရင် ပိုကောင်းလာတယ်။ ဒီထက်ပိုကောင်းတဲ့ လစာနဲ့ အလုပ်တွေ ရှိသေးတယ် ။ ဒါပေမယ့် သူ အလုပ်ပြောင်းဖို့ စိတ်မ၀င်စားဘူး။ ငွေရှာဖို့ သက်သက်နဲ့တော့ ငါရန်ကုန်ကို မလာဘူးလို့ သူ့ကိုယ်သူ ရွတ်တယ်။
ဒါဆိုဘာလဲ သူ့ဘ၀ အဓိပ္ဗာယ်က ဘာလဲ ။ ခရီးထွက်မယ် ။ သူခရီးထွက်ဖို့ ပြင်တယ်။ အလုပ်ကိစ္စနဲ့ နိုင်ငံရပ်ခြား ဒေသ တစ်ခုကို သူသွားရတယ်။  ခွင့်ရက် အပိုတွေယူပြီး တစ်ကိုယ်တော်ခြေဆန့်ဖို့ ကြံတယ်။ သွားရေးလာရေးအတွက် သူ့သူငယ်ချင်းတွေက ကူညီပေးကြတယ်။ တိုးတက်လှပါပေ့ ဆိုတဲ့ မြို့ ကြီးမှာ လည်ဖို့ စဉ်းစားရင်း သူအိပ်နေတာ နေ့တစ်ပိုင်းကုန်သွားတယ်။ အထင်ကရ နေရာတွေကို သွားဖို့သူကြံတယ်။ ရောက်သွားတော့လည်း အော်  ဒီနေရာကို ငါရောက်သွားပြီ ပေါ့လို့သူတွေးတယ်။ ပြီးတော့ သူလှည့်ပြန်လာခဲ့တယ်။ အမှတ်တရ ဓာတ်ပုံအချို့ ကို စိတ်တိုင်းကျ အချိန်ဆွဲ သူရိုက်ခဲ့သေးတယ်။ သူ့မှာ တခြားလုပ်စရာမှ မရှိပဲ ။ နေ့လည်စာကို အဆင်ပြေသလိုစားတယ်။ ဘယ်နိုင်ငံပဲ ရောက်ရောက် သူ့အတွက်တော့ စားသောက်ဆိုင်မှာပဲ မှာစားဖြစ်ခဲ့တာပါပဲ ။

အထူးအဆန်းများဖြစ်မလားလို့ အဖော်အချွတ်ကလပ်တွေဆီ သူရောက်ခဲ့သေးတယ်။ ၀င်ကြေးပေးပြီး ဘီယာတစ်ခွက် မှာတယ်။ တစ်ကိုယ်တော် ဖျော်ဖြေရေးလိုချင်ရင်လည်း ရတယ်လို့ စာပွဲထိုးလေးက အနားနားကပ်ပြောတယ်။ တစ်ကိုယ်တော် ဖျော်ဖြေရေးဆိုတာ ဘာလဲလို့ သူပြန်မေးတယ်။ တစ်ယောက်တည်းကို က ပြတာပါတဲ့ ။ တော်ပါပြီလေလို့ သူငြင်းလွှတ်လိုက်တယ်။ အခုလို ကလပ်တွေမှာ သူလိုချင်တဲ့ လိင်ပို်င်းဆိုင်ရာ ကျေနပ်မှုမျိုး ရမှာမဟုတ်ဘူးဆိုတာကိုလည်း သူသိခဲ့တယ်။ ဘီယာ နောက်တစ်ခွက်မှာလိုက်တယ်။  ဂီတသံစဉ်ကြားမှာ ကောင်မလေးတစ်ယောက်ပြီးတစ်ယောက်ရဲ့  အ၀တ်အစားတွေဟာ ခန္ဓာကိုယ်နဲ့ အဝေးဆုံးကို ရောက်ရှိသွားကြတယ်။ သိပ်လှတဲ့မိန်းမတွေ ။ ဒီလိုနဲ့တည်းခိုတဲ့နေရာဆီ သူပြန်ရောက်လာတယ်။ တစ်ကိုယ်ရည် အာသာဖြေတယ်။

သူက စာကြည့်တိုက်တွေကို စိတ်ဝင်စားတယ်။ စာကြည့်တိုက်ထဲရောက်သွားရင်ကိုပဲ သူ့မှာပျော်လို့ မဆုံးနိုင်ဘူး။ စာအုပ်တွေထိုင်ဖတ်ဖို့ထက် တန်ဖိုးကြီးစာအုပ်တွေကို ဟိုလှန်ဒီလှန်လုပ်ပြီး ပြန်လာရတာမျိုးလောက်ပါပဲ ။ ပြီးရင် ဓာတ်ပုံရို်က်မယ် ။ တစ်ခါတစ်လေမှာ လူတွေရဲ့ အသိအမှတ်ပြုမှုကို ရရှိဖို့ သူကြိုးစားတဲ့အခါ ဓာတ်ပုံတွေက အထောက်အပံ့ပေးတယ်။ အဲ့ဒီအကြောင်းကိုလည်း သူသိခဲ့တာကြာပြီ ။ လူမှုကွန်ယက်တွေပေါ်မှာ သူက ဘာကောင်မှ မဟုတ်ဘူး။ ဘာကောင်မှ မဟုတ်တဲ့သူအတွက် အကောင်တစ်ကောင်ကောင်ဖြစ်လာရင်လည်း ဘ၀ရဲ့  အဓိပ္ဗာယ်တစ်ခု ဖြစ်လာနိုင်တယ်လို့ သူထင်နေတယ်။

နာမည်ကြီး တံဆိပ်တွေကို သူလှည့်မကြည့်ဘူး။ လှည့်မကြည့်ရတဲ့အကြောင်းရင်းက သူ မ၀ယ်နိုင်ခဲ့လို့ပဲ ။ သူဝတ်နေတဲ့ အင်္ကျီ တံဆိပ်ကို သူ မသိခဲ့ဘူး။ ကြေငြာတွေကို ကြည့်ပြီးနောက်ပိုင်ုးုနာမည်ကြီးတံဆိပ်တွေကို သူသိလာတယ်။ လစာလေးပိုကောင်းလာတေ့ နာမည်ကြီးတံဆိပ် သုံးစွဲသူတွေနဲ့ ပေါင်းမိလာတယ်။ တံဆိပ်တွေနောက်ကို သူလိုက်ခဲ့တယ်။ ရှာသမျှကို ပိုက်ဆံတော်တော်များကို တံဆိပ်တွေနောက်လိုက်ရင်း ကုန်ဆုံးစေခဲ့တယ်။ သူပျော်လားဆိုတော့လည်း မပျော်ဘူး။ အဲ့ဒါ အဓိပ္ဗာယ်မှ မဟုတ်ပဲလို့ သူရေရွတ်တယ်။


ဘာသာရေးလိုက်စားရင်ကော အဖြေတစ်ခုဖြစ်မလားပေါ့ လို့ မေးခွန်းထုတ်ဖူးတယ် ။ ဘာသာရေးအလေ့အကျင့် အနည်းငယ်ကို လိုက်လုပ်ကြည့်တယ်။  စွဲစွဲမြဲမြဲ မလုပ်ဖြစ်ဘူး ။ ဘာသာတစ်ခုကို လက်ခံခြင်းလက်မခံခြင်းထက် သူ မကြိုက်တာတော့ သေချာတယ်။ တရားထိုင်တယ်။ ဘုရားကျောင်းတက်တယ်။ ဘုန်းကြီးဝတ်တယ်။ အဓိပ္ဗာယ်တစ်ခုခု တွေ့မလားဟု သူရှာဖွေတယ်။ တဖြည်းဖြည်းနဲ့ ဘုရားကျောင်း ၊ ဘုန်းကြီးကျောင်းတွေနဲ့ နီးစပ်သူတွေဟာ သူနဲ့ အဝေးကို ရောက်ရောက်သွားပြန်တယ်။ သူ့အတွက်တော့ အဲ့ဒီနေရာတွေကို ကျောခိုင်းခဲ့ရုံပေါ့ ။

သူမိန်းမယူလိုက်တယ်။ သူက ရွေးချယ်လိုက်ခြင်းထက် သူ့ကို နှစ်သက်တဲ့ မိန်းမတစ်ယောက်ရဲ့  ရွေးချယ်ခြင်းကို သူခံယူလိုက်တယ်။ အတူအိပ် ၊ အတူစား ၊ အတူသွား ဖော် တစ်ယောက်ရလာတာက လွဲရင် သူရှာဖွေနေတဲ့ အဖြေကို မတွေ့ဘူး ။ ကြည်နူးမှုတွေ ကတဆင့် ပျော်ရွှင်တာတွေရှိသလို ၊ အိမ်ထောင်မှု ထိန်းသိမ်းခြင်း အတတ်ပညာမှာ အောင်မှတ်မရခဲ့တာကြောင့် သူစိတ်ညစ်ရပြန်တယ်။ စကားတွေ များကြတယ်။ စိတ်ကောက်ကြတယ်။ ပြန်ချော့ကြတယ်။ ပြန်ပေါင်းထုပ်ကြတယ်။ ကလေးတစ်ယောက်များ ရလာခဲ့ရင် သူတို့ အိမ်ထောင်ရေးများ ပိုပြီး စိုပြေလားမလားလို့ မရဲတရဲ မျှော်လင့်တယ်။ ကလေးတစ်ယောက်ကို ပြုစုဖို့ မလွယ်ဘူးဆိုတာလည်း သူသိထားတယ်။ မလိုလားအပ်ပဲ ကလေးတစ်ယောက်ကို ဒုက္ခတောထဲ ခေါ်ဆောင်ဖို့ သူ မရဲလှဘူး။ အိမ်ထောင်ကျသွားတော့ ဘာထူးခြားသွားလဲလို့ သူ့ သူငယ်ချင်းတွေက မေးတယ်။ အေးပေါ့ မင်းတို့နဲ့ သိပ်မတွေ့ ရတော့ဘူးပေါ့လို့ပဲ သူဖြေခဲ့တယ်။ သိပ်လည်းထူးခြားလှတာမှ မဟုတ်ပဲကိုး။

သူ့ကို လူတွေက စိတ်ဝင်စားကြတယ်။ သူ့ဘ၀ကြီးက အောင်မြင်နေတယ်လို့ ထင်ကြတယ်။ တကယ်တမ်းတော့ သူ့ဘ၀ကို သူလည်း သေချာမသိဘူး ။ သူဘာဖြစ်ချင်နေမှန်းသူမသိဘူး။ ဘာမဖြစ်ချင်မှန်းတော့ သူသိတယ်။ ဆူဆူပူပူ နေရတာသူမကြိုက်ဘူး။ သူစိတ်မ၀င်စားတဲ့ ခေါင်းစဉ်တွေကို အချိန်ပေးနားထောင်ရမှာ သူမကြိုက်ဘူး။ သူ့ကို ကြိုမပြောထားပဲ သူ့ကိုယ်စား ဆုံးဖြတ်ချက်ချတာမျိုးကို သူမကြိုက်ဘူး။ အကြောင်းမဲ့စိတ်ကောက်တာမျိုးသူမကြိုက်ဘူး။ စိတ်ကောက်နေတဲ့အချိန် ဖုန်းမကိုင်တာမျိုးကို သူမကြိုက်ဘူး။ အစားအသောက် တစ်ခုစားချင်တာနဲ့ ဝေးဝေးလံလံသွားပြီး အချိန်ကုန်ခံစားသောက်ရတာမျိုးသူ မကြိုက်ဘူး.။ မကြိုက်တဲ့အကြောင်းတွေကို ချရးကြည့်ရင် ကြိုက်တဲ့အရာများပုံပေါ်လာမလား လို့ သူတွေးကြည့်မိတယ်။ သူမကြိုက်တာတွေ ချရေးလိုက်တဲ့အခါ စာမျက်နှာတစ်မျက်နှာကျော်သွားတယ်။ မလိုအပ်တာတွေကို ဖယ်ထုတ်လိုက်တဲ့အခါ လှပတဲ့ ပန်းပုရုပ် ထွက်လာသလို့ပေါ့ ဆိုတဲ့ စကားကို သူအရမ်းကြိုက်တယ်။ စာအုပ်ထဲမှာ ဖတ်ခဲ့ရတာလား ၊ သူငယ်ချင်းတစ်ယောက်ယောက် က ပြောခဲ့တာလားတော့ သူ မမှတ်မိဘူး။

ဘ၀ထဲက မလိုအပ်တာတွေကို ဖယ်ထုတ်ပစ်ရမယ်လို့ အချိန်ရတိုင်းကြွေးကြော်တယ်။ ဒါပေမယ့် တချို့ အရာတွေကို ကိုယ့်အသားကိုယ်လှီးထုတ်ရသလိုမျိုး နာကျင်စရာကောင်းလှတယ်ဆိုတာ သူသိခဲ့တယ်။ ဖယ်ထုတ်ချင်တိုင်းဖယ်ထုတ်လို့ မရတဲ့အခြေအနေကြီးနဲ့ သူဟာ ဖယ်ထုတ်ဖို့ ကြိုးစားလိုက် နာကျင်လိုက် ၊ ထပ်ကြိုးစားလိုက် နာကျင်လိုက်နဲ့ နာကျင်ကောင် လုံးလုံးဖြစ်လာနေတော့တာပါပဲ ။


လွမ်းတေးချို

November 24, 2017

Comments

Popular posts from this blog

စာဟောဆရာ

ပညာရှိအယောင်ဆောင်တုန်းက ကိုယ့်သီဝရီ က ကဗျာကိုဖျက်ဆီး

ပန်းကလေးနဲ့ ကျနော်