ဒိုင်ယာရီထဲမှာ မရေးမိတဲ့ ခိုးဝှက် အရေးအသားများ
ရုတ်တရတ် ဆောင့်တွန်းလိုက်တော့ နောက်ကို အရှိန်နဲ့လဲကျတယ်
ဓာတ်လိုက်တဲ့ ကစားနည်းလို့ခေါ်တယ်
မျက်လုံးချင်းဆုံကြည့်တော့ ပျောက်နေတဲ့ငါ ကို သူ့ဆီမှာတွေ့ရတယ်
မိုးလည်း မရွာပဲနဲ့ ငါလည်း ထီးကြီးကိုင်ထားတယ်
အဲ့ဒီနေ့က နေလည်းပူသင့်သလောက်မပူဘူး
မိုးသီးတွေကြွေတဲ့အကြောင်းဖတ်ရတော့ ငယ်ငယ်တုန်းက ကောက်စားမိတဲ့အကြောင်းပြောဖြစ်ကြတယ်။
စကားဟာ တကယ်မရှိခဲ့ဘူး
စကားဟာ ရှာမတွေ့ခဲ့ဘူး ။
မျက်မှန်ကိုင်းကို ကြည်သွားအောင် အ၀တ်စနဲ့သုတ် တယ်
မျက်မှန်မှာ Wiper တပ်ထားရင် ကောင်းမှာပဲလို့ စိတ်လွတ်လက်လွတ်ရူးရင်း
ငါ ပြုံးတယ် ၊
အမှတ်တရ စကားတွေကို ဖျက်ပြစ်ပြီးတဲ့နောက်မှာ
မှတ်ဥာဏ်သိုလှောင်တဲ့ အခန်းထဲမှာ နေရာတွေပိုလိုအပ်လာတယ်
လက်မကလေးကို ထောင်လိုက်တော့
အချက်ပြ အချစ်ခေါ်သံဟာ မီးကလေး စိမ်းသွားတယ်။
ကြိုဆိုပါ၏ နဲ့ နှုတ်ခွန်းဆက်သ ပါ၏ ဟာ
နံရံလေး တစ်ခုသာခြားတယ် ။
နယ်ကျွံမိကြတယ် ကိုယ့်စည်းသူ့စည်းနဲ့
လူ့စည်းဝိုင်းထဲ ပြန်ရောက်လာကြတယ် ။
ဇာတ်လမ်းကို မမေးနဲ့ ပြီးရင် မျက်ရည်ကျရတာ မင်းကြောင့်လို့
အပြောမခံ နိုင်ဘူး။
ကြီးကြီးကျယ်ကျယ်တွေပြောပြီး ငါပဲ ငိုခဲ့ရတယ်။

လွမ်းတေးချို
၂၇.၄.၂၀၁၆
၂၇.၄.၂၀၁၆
Comments
Post a Comment