သက္ကရာဇ်တွေ သေကုန်ပြီ
အ၀င်းရေ……
ကိုယ်က လည်းကျားပဲ
တခြားသူလည်းကျားပဲ
ကျားအကြောင်းကို ကျားတစ်ကောင် အနားလာပြောပြနေတဲ့အခါ
ကိုယ့်မှာ အူကြောင်ကျားဖြစ်သွားတယ် အ၀င်း……..
ဒီနေ့မှ ကိုယ်မရူးရင်နောက်နေ့တွေက နေသာ သွားပြီလို့ အကြမ်းဖျင်းပြောလို့ရတယ်
လူတွေက ဘာလို့ဒီလိုမြင်တာလဲ ကို….ဆိုတော့
ကိုယ်လည်း တတ်သလောက်မှတ်သလောက် ဖြေခဲ့တာပေါ့
ဒီနေ့ကော ဧည့်သည်ပါးတုန်းလား
အ၀င်း………….
ဒုက္ခကိုယ်စီနဲ့လူသားများ
အ၀င်းဖြစ်ချင်တဲ့စံပယ်ပန်းလေးကို အ၀င်းဆုံးရှုံးလိုက်ရ
ဘာတဲ့
အချို ရည်တစ်ဘူးသောက်လိုက်မိတာ
ငွေတစ်သောင်းနဲ့ စံပယ်ဆန်တဲ့အ၀င်းကို အ၀င်း ပြန်ရှာလို့မရတော့ဘူး တဲ့လား
ကိုယ်ရေသန့်ဘူးပဲမှာသောက်ဖြစ်တယ်
ဆန္ဒတော့မပါဘူး
ငွေလိုချင်တယ်တဲ့လား အ၀င်းရယ်
ခန္ဓာကိုယ်မှာ ငွေပင်ပေါက်တယ်ဆိုတာ ဒီရောက်မှ အ၀င်းသိခဲ့ရ
ပြည်သူပြည်သားအချင်းချင်း
မြေနိမ့်ရာ လှန်ပြီးစိုက်သွားတဲ့သူ တွေကို
ကိုယ်ကျိန်ဆဲပစ်လိုက်တယ်
အ၀င်းကို သနားတယ်
အ၀င်းကို စာနာတယ်
ကိုယ့်မှာ အ၀င်းကိုတွဲခေါ်ဖို့သာသာ ချိုင်းထောက်ကြီးနဲ့လမ်းမှန်အောင် မလျှောက်နိုင်တဲ့ဘဝ
အ၀င်းနှုတ်ခမ်းလေး တွန့်ကွေးသွားတယ်
အ၀င်းနဲ့အတူနေပါလားကို တဲ့
ကိုယ်ဘာဖြေရမှာလဲ
ငြိမ်သက်ခြင်းမှာ အ၀င်းကိုယ့်ဘာသာ ရှက်ရွံ့ 
မျက်ဝန်းကလေး မှိန်ဖျော့ဖျော့အလင်းရောင်အောက်မှာ လင်းခနဲလက်လာ
ပိုက်ဆံကို အလကားမလိုချင်ဘူး
တစ်ခုယူရင် တစ်ခုပြန်ပေးရမယ်တဲ့
အ၀င်းရဲ့  စိတ်ထဲက သံမှိုရိုက်စကားလုံးများ
ဧည့်သည်နဲ့အဆင်ပြေဖို့လိုတယ်
အမြတ်ကြီးစားကယ်တင်ရှင်နဲ့ သင့်တင့်ဖို့လိုအပ်တယ်
ဘယ်တော့မဆိုမြေဇာပင်ဖြစ်နေတော့မှာပဲနော်……..
မသန့်ရှင်းတဲ့ကိုယ်ခန္ဓာကို မိဘကျေးဇူးဆပ်ခြင်းဆိုတဲ့ရေနဲ့
လျှော်ဖွပ်ပစ်လိုက်ရ
မပျော်ပါဘူး ကို ရယ် တော်ရာမှာပဲနေရတာပေါ့တဲ့
အ၀င်းရယ်………….
၁၇နှစ် အရွယ်မှာ အ၀င်းထမ်းထားတဲ့ဝန်က
အ၀င်းအသက်ထက်ကြီးသွားပြီပေါ့
အိမ်ကို အလုပ်လုပ်တဲ့နေရာ ခေါ်မလာရဲဘူး
အဲဒီတော့ ကိုယ်တို့ဘယ်လို အဖြေမျိုးထုတ်ကြမလဲ….
ရေကာတာတွေကျိုးပျက်ကုန်ကြပြီ
လက်ထဲမှာကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့
ခြင်္သေ့တစ်ချို့ 
ဒီတစ်နှစ်ဓနိမိုးလေးအတွက် လုံလောက်သွားပြီပေါ့နော်
အ၀င်းညီမလေးက ၁၄ နှစ်
သူ့ကို ဒီလိုမဖြစ်စေချင်ဘူး
ဒီခရီးက မနီးဘူးနော်ကို
ဖုန်းမှန်မှန်ဆက်ရမယ်နော်ကို
ကိုယ် ဘာလုပ်ရမလဲ အ၀င်းရာ………
ဓမ္မာ၊ သောက၊ အင်းဝ၊ရာဇာ
အ၀င်းရဲ့  အိမ်ထောင်ဖက်အဘိဓာန်ဘယ်တော့မှ မမှန်တော့ဘူးတဲ့လား……
အ၀င်းကို ဘယ်သူကယူမှာလဲ တဲ့
အ၀င်းစာမတတ်ဘူး
အ၀င်းအင်္ဂလိပ်လိုနားမလည်ဘူး
အ၀င်းအတွက်ထွက်ပေါက်က ဒီနေရာကလွဲရင်
ဘယ်နေရာမှ သိဒ္ဒိမမြောက်ဘူး အကိုရယ်တဲ့……..
အဲဒီဖိနပ်သားနဲ့ အ၀င်းရင် ကို
တစ်နပ်စားကြံသွားတာကို အ၀င်းရဲ့  အဖြေ တွက်ချက်မှုနိဂုံးက
ကံတရားတဲ့လားကွယ်
သမို်င်းရေစီးမှာ ရေတိမ်နစ်ခဲ့သူများ
ဘာကြောင့်ဒီလိုဖြစ်တာလဲဆိုတော့
ကိုယ့်မှာ ဘယ်သူ့လက်ညှိုးထိုးရမလဲကွယ်
ဘယ်သူ့တာဝန်လဲဆိုတော့
တာဝန်ယူတတ်သူတွေသာတာဝန်ရှိကြမှာပေါ့ကွယ်..
အ၀င်းရေ……
မင်းကခေတ်ရဲ့ သားကောင်
စနစ်ရဲ့ သားကောင်
တဏှာရမ္မက်အပေါင်းရဲ့ သားကောင်ဖြစ်ခဲ့ရပြီ…….
ပုဆိုးခြုံထဲက လက်သီးကြောတွေတင်းလာနေကြပေါ့အ၀င်းရယ်
ဒီကဗျာဟာ
အ၀င်းရဲ့  သမိုင်းလား
ဗမာ ကရင်ကပြားမလေးရဲ့  ရိုင်းသွားတဲ့ဘ၀လား
မြန်မာပြည်ရဲ့  မှန်တစ်ချပ်လား
မြေနိမ့်ရာလှံစိုက်သူတွေအကြောင်းလား……
ကိုယ်လဲမသိတော့ပါဘူးအ၀င်းရယ်
လွမ်းတေးချို

Comments
Post a Comment