အမျိုးသား ဖိနှိပ်မှု အခုရပ်
အမျိုးသား ဖိနှိပ်မှု အခုရပ်
ကမ္ဘာကြီးမှာ ပြောင်းလဲမှုတွေ အမှန်တကယ်ဖြစ်လာပြီ ။ ကျားမတန်းတူရေးလှုပ်ရှားမှုတွေကတော့ ရှိနေဆဲပဲ။ ဒါပေမယ့် ပြောင်းသွားပြီ ။ အရင်တုန်းက မိန်းမတွေက ကျားမတန်းတူရေးလှုပ်ရှားမှုတွေကို ဦးဆောင်တာ။ အခုတော့ ယောက်ျားတွေက သူတို့ရဲ့  အိမ်တွင်းအကြမ်းဖက်ခံရမှုတွေ ၊ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခံရမှုတွေကို ကျယ်ကျယ်လောင်လောင် ထုတ်ဖော်နေကြတာ။ လူမှုကွန်ယက်တွေပေါ်မှာ ကြည့်လိုက်ရင် သင့်ဇာတ်လမ်းကို မျှဝေပါ။ အမျိုးသားထုကြီးကို ဒီအတိုင်းပစ်မထားကြပါနဲ့ ။ ထမင်းဟင်းချက်ရတဲ့ အလုပ်ကိုလည်း အလုပ်လို့ခေါ်သင့်ပါတယ်လို့ ယောက်ျားထုကြီးရဲ့  ညီးညူးသံတွေကို ကြားနေရတော့တာပဲ ။
သမိုင်းဆိုတာ မေ့လျော့လို့ကောင်းတာမဟုတ်ဘူး။ အရင်တုန်းက ယောက်ျားတွေဟာ အင်အားကြီးသူတွေ၊ လူ့အသိုင်းအ၀ိုင်းက စံနှုန်းတွေကိ ချမှတ်သူတွေ ဖြစ်ခဲ့ကြတယ်။ အခုတော့ ဒဏ္ဍာရီတွေကို အသက်သွင်းကြတာပါကွာ ၊ အရပ်စကားနဲ့ပြောရင် ချီးခြောက်ရေနူးနေကြတာပါ လို့ မိန်းမထုကြီးက လှောင်လို့ ရယ်လို့ပေါ့ ။
ယောက်ျားတွေရဲ့  ပြဿနာက သူတို့ရဲ့  နေ့စဉ်ပြဿနာတွေ ၊ ဖိနှိပ်ခံရမှုတွေကို ပွင့်ပွင့်လင်းလင်း မဖွင့်ဟရဲတာပဲ ။ ဘယ်လည်း ဖွင့်ဟရဲ ပါ့မလဲ ။ သူ့မိန်းမက ဗီဒီယို မှတ်တမ်းတွေ ရှိတယ်။ တင်လိုက်မယ်နော် ။ မိန်းမဆိုတာက ယောက်ျားလေးငါးယောက်နဲ့ တွဲလည်း ဘာမှမဖြစ်ဘူး။ ဘာမှ ပဲ့ပါသွားတာမဟုတ်ဘူး။ နင်တို့ ယောက်ျားတွေက က စွမ်းဆောင်ရည်ကျမသွားအောင် ထိန်းရမှာ ။ သွား အားကစား သွားလုပ် ၊ ကျန်းမာအောင်နေ ဆိုတဲ့ စကားတွေဟာ မကြားချင်မှ အဆုံး။
တစ်ခါတစ်ခါ မထင်ရင် မထင်သလို မိန်းမ ရိုက်တာလည်း ခံရသေးတယ်။ အိမ်မှာ ကလေးထိန်း ၊ အိမ်သိမ်း ၊ ဈေးဝယ်တွေ လုပ်ရတာနဲ့ အားလပ်တယ်ကို မရှိဘူး။ ဒါပေမယ့် အဲ့ဒီလိုတွေလုပ်နေတာကိုလည်း သူတို့ မိန်းမတွေက အသိအမှတ်မပြုကြပြန်ဘူး။ယောက်ျားတွေအတွက် လုပ်ခလစာကလည်း နည်းတော့ မိန်းမတွေကပဲ အိမ်ထောင်ဦးစီးဖြစ်နေတယ်။ သူတို့တွေ ပိုရှာနိုင်တယ်။ လည်လည်ဝယ်ဝယ်လည်း ပိုရှိကြတယ်။ ယောက်ျားတွေက ပျော့ညံ့တယ်။ ချောင်တစ်ချောင်မှာ ထိုင်ပြီး ငိုင်မယ် ငိုမယ်ဆိုတာချည်းပဲ ။ အလုပ်မှာ ခိုင်းဖို့ အဆင်မပြေဘူး။
ယောက်ျားတွေရဲ့  သိမ်ငယ်စိတ်က သူတို့ရဲ့  လိင်အင်္ဂါကို သေးတယ်လို့ အပြောခံရမှာပါပဲ ။ အဲ့ဒါနဲ့ သူတို့တွေဟာ လိမ်စဉ်တွေလုပ်ပြီး အတုတွေတပ်ကြတယ်။ လမ်းလျှောက်ရင် လူအထင်ကြီးအောင် ကော့ကော့ပြီးလျှောက်ကြတယ်။ တချို့ ဆို ကွမ်းထုပ်တို့ ပိုက်ဆံအိတ်တို့ကို ဘောင်းဘီတိုထဲ ထိုးထည့်ပြီး ထင်ယောင်ထင်မှားဖြစ်အောင် ဆွဲဆောင်ကြတယ်။ ဘယ်လိုပဲ ဆွဲဆောင်ဆွဲဆောင် အိပ်ယာပေါ်ရောက်တာနဲ့ မိန်းမက နင့်ဟာက လူစဉ်မမီလိုက်တာ စွမ်းဆောင်ရည် မပြည့်ရင်တော့ နောက်တစ်ခေါက် ထပ်တွဲဖို့ မစဉ်းစားတော့ဘူးလို့များ အပြောခံလိုက်ရရင် တစ်ပတ်လောက် အိမ်အပြင်တောင် မထွက်ရဲကြဘူး။ ခန္ဓာကိုယ် ခွဲစိတ်ပြုပြင်တဲ့ နေရာတွေမှာလည်း ယောက်ျားတွေပေါမှပေါ ၊ ဆီလီကွန်ထည့်ကြရတာနဲ့ အမွှေးအမျှင်ထူအောင် ဆေးသောက်ရတာနဲ့ ယောက်ျားတွေများ အလုပ်တွေကို ရှုပ်နေတာ ။
နောက်တစ်ခုက ရှိသေးတယ်။ အိမ်ထောင်ရေးသုခ ကောင်းကောင်းမဖြည့်နိုင်ရင် မိန်းမတွေက ကလပ်တွေ သွားလိုက်မှာနော်။ ၀ယ်မစားချင်လို့ ယောက်ျားယူထားတာ ၊ အသုံးမကျရင် ကွာပြီး ၀ယ်စားမှာဆိုတဲ့ ချိမ်းခြောက်တဲ့ စကားလုံးတွေကလည်း တောင်ပုံရာပုံ။ ယောကျာ်းတွေ ခဗျာ အိမ်အလုပ်တွေလည်းလုပ်ရ ၊ အိမ်ထောင်ရေးသုခ ပြည့်မီအောင်လည်း ကြိုးပမ်းရနဲ့ နိုင်ငံရေးတွေ ၊ လူမှုရေးတွေလည်း ဘယ်အာရုံစိုက်နိုင်ပါ့မလဲ။
ကလပ်တွေကို သွားကြည့်လိုက်ရင်လည်း စင်ပေါ်မှာ တက်ကပြီး ကိုယ်လုံးတီးချွတ်ကနေတဲ့ ယောက်ျားတွေ ၊ ဖန်ပေါင်းချောင်လို မှန်လုံခန်းထဲက ၀တ်လစ်စလစ် ယောက်ျားတွေ ၊ ပန်းကုံး စွပ်ခံရဖို့ မျှော်လင့်နေတဲ့ ယောက်ျားတွေ ပုံလို့ ပေါ့ ။ ယောက်ျားလေး ပြည့်တန်ဆာတွေကလည်း ဒုနဲ့ဒေး ။ မိန်းမတစ်အုပ်များ ကလပ်ထဲဝင်လာခဲ့ရင် ပုရွတ်ဆိတ်အုံထဲကြတဲ့ ထန်းလျက်ခဲကို ၀ိုင်းလျက်ကြသလိုမျိုးကို ဖောက်သည်ရှာကြရတာ။ မိန်းမတွေက နင်တို့က ဘယ်နှစ်ချီတိုင်အောင် စွမ်းဆောင်နိုင်လို့လဲ ။ အဖွဲ့ လိုက်နေလို့ရလား စတဲ့ နှိုက်နှိုက်ချွတ်ချွတ်မေးခွန်းတွေများ မေးလိုက်ရင် တချို့  ယောက်ျားတွေများ မျက်နှာတောင် မဖော်ရဲဘူး ။ ယောက်ျားတွေကလည်း ဂျင်းတွေများတယ်လေ။ ကြိုက်သလောက် နေပါလို့ ပြောပြီး တည်းခိုခန်းတို့ အိမ်တို့ ရောက်မှ ပင်ပန်းနေလို့ ပန်းတွေ မလန်းတော့ဘူးဆိုတာတွေကလည်း ခဏခဏ ဖြစ်နေကြကိစ္စတွေ ။
မာဆတ်က ယောက်ျားလေးတွေက ဈေးသက်သာတယ်။ ဒါပေမယ့် သူတို့က လိုင်စင်အပြည့်အ၀ မရတော့ ခိုးလုပ်ကြရတာ။ တချို့ မိန်းမတွေက မာဆတ်ကို သဘောကျကြတယ်။ အသာအယာလေး အနှိပ်ခံပြီး အသားယူရတာကို သဘောကျတာကိုး။ မောင်လေးရေ ဒီနားလေး နည်းနည်း အားစိုက်နှိပ်ပါဦး ၊ မင်းလေးက လက်ပေါက်တယ်ကွ ဆိုပြီး ပခုံးလေးကို အသာထိလိုက် ပေါင်လေးကို ပုတ်လိုက်နဲ့ တချို့ မိန်းမတွေရဲ့  လက်သရမ်းမှုက သည်းမခံနိုင်ဖွယ်ရာပဲ ။ ဒါပေမယ့် ယောက်ျားတွေမှာ ရွေးချယ်စရာ အလုပ်မှ သိပ်မရှိပဲ ။ တချို့ ကတော့ ကောင်းရောင်းကောင်းဝယ်လုပ်စားမယ်။ ပိုက်ဆံလေး စုမိရင် ဈေးကလေး ရောင်းမယ်ပေါ့ ။ ဒါပေမယ့် မလွယ်ပါဘူး။ အိမ်ကို ပိုက်ဆံပြန်ပို့ရတာနဲ့ ၊ နှစ်လုံးသုံးလုံး လောင်းကစားရှုံးရတာနဲ့ လုံးချာပတ်ချာကို ရိုက်နေတာပါပဲ။ တချို့ မိန်းမတွေက ထင်ကြတယ်။ ဒီကောင်တွေ ဒီလောကမှာ ပျော်လို့ လုပ်စားနေကြတာတဲ့ ။ အဲ့ဒီလို စကားတွေကြားရင် ယောက်ျားတွေက သိပ်စိတ်နာတယ်။ ဘယ်သူက ဒီအလုပ်မျိုးပျော်မှာလဲ ။ အသားအယူခံရ ၊ ကိုယ်မနှစ်သက်တဲ့ မိန်းမနဲ့ အတူနေရတာများ လကမ္ဘာပျားရည်စမ်း ခရီးထွက်တယ်များ အောက်မေ့နေကြသလားမသိ။
မိဘတွေကလည်း အာထရာဆောင်းရိုက်ကြည့်လိုက်လို့ ယောက်ျားလေဆိုရင် စိတ်ပျက်သွားကြတယ်။ ယောက်ျားလေးတွေချည်းမွေးထားတဲ့ မိသားစုဆိုရင် အလွန်အနှိမ်ခံရတဲ့ မိသားစုပေါ့။ ယောက်ျားလေးဆိုတော့ သေစာရှင်စာလောက်တတ်ရင် ရပြီပေါ့ ။ အချိန်တန်တော့လည်း မီးဖိုချောင်ထဲရောက် အလုပ်ကြမ်းပဲ လုပ်ရမှာပဲ မဟုတ်လားဆိုတဲ့ မှတ်ချက်တွေနဲ့ အတူ ယောက်ျားထုကြီးကတော့ ဒုံရင်းက ဒုံရင်းပဲ ။ အနှိမ်ခံက အနှိမ်ခံပဲ။
မီဒီယာမှာလည်း ကြည့်လိုက်ရင် ယောက်ျားတွေရဲ့  မလုံ့တလုံပုံတွေချည်း သုံးထားတယ်။ စက်သုံးဆီကြေငြာတို့ ၊ ကားကြေငြာတို့ ဆိုရင် အားအင်ပြည့်မှ မောင်းနိုင်မယ်နော်တို့  ၊ အထကောင်းမှ အ၀မောင်းလို့ ရမှာပေါ့ ဆိုတဲ့ ကြေငြာစာသားတွေနဲ့ အတူပေါ့ ။ အပြာ မဂ္ဂဇင်းတွေမှာဆိုရင်လည်း ယောက်ျား အသားပေးပုံတွေချည်းပဲ ။ မိန်းမတွေက ခြယ်လှယ်ချင်တိုင်းကို ခြယ်လှယ်နေကြတာ။
အဲ့ဒီမှာ ရဲရဲတောက် ယောက်ျားတစ်ယောက် ပေါ်လာတယ်။ မြို့ တော်ခန်းမရှေ့ မှာ ကိုယ်လုံးတီး ဆန္ဒပြတာတဲ့ ။ ငါ့ခန္ဓာကိုယ်ကို ငါပိုင်တယ်။ ငါ့ပစ္စည်းကို ငါပိုင်တယ်။ ငါ့ကို နှိမ်ခွင့်မရှိဘူး ဆိုတဲ့ စာတမ်းတွေကပ်ပြီး ယောက်ျားထုကြီးကို ပါဝင်ဖို့ ဖိတ်ခေါ်တယ်။ တော်တော်များများ မိန်းမတွေက ဆန္ဒပြသူကို သနားစွာကြည့်တယ်။အံ့သြစွာကြည့်တယ်။ ဒီကောင်က ဘာမှ မဟုတ်တဲ့ဟာကို ပြဿနာလုပ်နေတာပဲ ။ အလုပ်မရှိဘူးလား မသိဘူး။ ဘယ်ယောက်ျားတွေကို ငါတို့ မိန်းမတွေက နှိမ်နေလို့လဲ လို့ ဆိုကြတယ်။ တချို့ ယောက်ျားတွေကလည်း ဒီကောင်တော့ မဟုတ်တာတွေလုပ်ပြန်ပြီ ။ အရင်ကတည်းက ဒီလိုနေလာတာပဲ ဟာကို ဘာတွေများ အဆန်းလုပ်လို့ ဆိုပြီး ၀ိုင်းတောင် လှောင်ကြသေးတယ်။
နိုင်ငံ့ခေါင်းဆောင် မိန်းမတွေကတော့ နပ်တယ်။ ဆန္ဒပြသူကို ခေါ်တွေ့တယ်။ ပြီးတော့ ဆုတံဆိပ်တောင် ပေးလိုက်သေးတယ်။ ဆန္ဒပြသူဟာ သူဘာကို တိုက်ပွဲဝင်နေမှန်းတောင် မသိတော့ဘူး။
ဒီလိုနဲ့ ယောက်ျားတွေက ဥပဒေတွေ ပြင်ပေးပါ ၊ မိန်းမကောင်းတွေဟာ ဘယ်တော့မှ ယောကျာ်းကို မနှိပ်စက်၊ အမျိုးသား ဖိနှိပ်မှု အခုရပ် ၊ အိမ်တွင်းအကြမ်းဖက်မှုဒဏ် တို့လက်မခံ ဆိုတဲ့ ဆောင်ပုဒ်တွေနဲ့အတူ ရှုံးပြီးရင်း ရှုံးနေတော့တာပါပဲ ။ မိန်းမတွေကတော့ အလကားပါ ခွေးလေးခုန်လို့ ဖုန်မထပါဘူးလို့ မှတ်ပြီး ပြုံးပြီးရင်းပြုံးနေတာပေါ့ ။
လွမ်းတေးချို
14 Dec 2018
Comments
Post a Comment