ဒီဇင်ဘာမှာ ဖွင်တဲ့သော့
ဒီဇင်ဘာမှာ ဖွင်တဲ့သော့
လျှပ်စစ်မီးတွေ မရှိသေးတဲ့အရပ်ကို အပန်းဖြေဖို့ သွားကြတဲ့အခါ
ဒေသခံတွေရဲ့  မျက်နှာအရေးအကြောင်းတွေကို ဓာတ်ပုံရိုက်ပြီး
လူမှုရေးအာသာဖြေကြ သတဲ့
လူမှုကွန်ယက်တွေပေါ် တင်ကြသတဲ့
သင်တို့ရခဲ့တာက အသဲလေးတွေဖြစ်ပြီး
မျက်ရည်ယိုဗုံးတွေ အစားပြန်ပေးခဲ့ရတာပဲ ။
ပါးစပ်ထဲက ကြက်သွန်နံ့ကြောင့် အနမ်းဟာ လမ်းတစ်ဝက်မှာရပ်သွားတယ်
လွမ်းလွန်းလှတဲ့အကြောင်းကို လွန်ခဲ့တဲ့ မိနစ်အနည်းငယ်က ပြောခဲ့ကြသေးတယ်
အနမ်းနဲ့ နေ့စဉ်ရက်ဆက်တွေ့ကြုံဖို့ ဒီဇင်ဘာကို ကြိုပြီးဖုန်းဆက်ခဲ့တယ်
ခေါင်းလျှော်တဲ့အထဲ နေမကောင်းတဲ့အကြောင်းတွေ ပါလာတယ်
တေးသံတွေနဲ့အတူရှိဖို့ ၊ ဘုရားဟော ကျမ်းချက်တွေနဲ့ ပျော်ပါးဖို့
ဆောင်းဟာ ဆပ်ပြာမြှုပ်တွေနဲ့ နှင်းယောင်ဆောင် ရရှာတယ်
လမ်းခုလတ်မှာတင် ဆေးလိပ်ပပျောက်ရေးလှုံ့ ဆော် ဆိုင်းဘုဒ်တွေနဲ့ ကြုံရတာကြောင့်
ကော့တေးလ်တစ်ခွက် မှာသောက်ဖြစ်တယ်
ကတ္တရာလမ်းပေါ်မှာ ဆေးရေးပန်းချီတချို့  ကခုန်နေကြတယ်
လှရက်ပါပေ့ဆိုတဲ့ကောင်မလေးဟာ ဗိုက်ဖုံးအင်္ကျီကြီးနဲ့ ပြစ်မှားခြင်းတွေကို ဖန်ဆင်းသွားတယ်
တကယ်ဆို ဖိနပ်ပါးနေတဲ့ မျှော်စင်တွေမှာ အနွေးထည်ကောင်းကောင်း ရှိသင့်တယ်
ကျိကျိတက်ချမ်းသာတဲ့ ဆင်းရဲမွဲတေမှုဟာ တစ်နှစ်အတွင်း ခရီးရာကျော်သွားခဲ့တယ်ဆိုပဲ
တံတွေးမြိုချလိုက်ခါမှ တံခါးပိတ် မီးမှိတ်သွားရတယ်
ကောင်းကင်က လကို မြိုလိုက်တယ်
ပန်းပွင့်ဟာ လွတ်လပ်ရေးကျောက်တိုင်ကို
ကျည်ဆန်များအစား ငါ့ကိုပွင့်ခိုင်းလိုက်ပါလို့
လှမ်းပြောတယ်
အနာဂတ်ကိုရောက်တော့ အလံတွေ မရှိတော့ဘူး။
အပ်နဲ့အပ်ချည် ဘယ်သူအရင် စ ဖြစ်တာလဲလို့ မေးတဲ့သူကို
ခြင်ဆေးခွေ တစ်ဘူး လက်ဆောင်ပေးခဲ့တယ်
ကြွက်ဟာ ပုံပျက်ပန်းပျက်ကြီး လမ်းပေါ်မှာ သေနေပေမယ့်
ဘယ်သူမှ အသုဘ လိုက်မပို့ကြဘူး
ဒီကဗျာကတော့ update လုပ်မှရတော့မယ်ဆိုပြီး တေးထားလိုက်တဲ့အခါ
ခေါင်းကို တဗျင်းဗျင်းကုတ်မိတယ်
သောက်ရေဟာ အနာဂတ်မှာ အလကားရဖို့ မသေချာတော့ဘူး
သယံဇာတ စစ်ပွဲတွေသာ တိုးပွားသထက်တိုးပွားလာမှာ
ကမ္ဘာကြီးကို ကိတ်မုန့်လို လှီးပြီး တစ်ယောက် တစ်ခွန့်ကျွေးလိုက်ရင်
လူတန်းစား တိုက်ပွဲတွေ ရှိတော့မယ် မထင်ဘူး
လွမ်းတေးချို
24 Dec 2018
Comments
Post a Comment