ခုတစ်လောရေပန်းစားနေတာ သေခြင်း
ခုတစ်လောရေပန်းစားနေတာ သေခြင်း
အင်္ဂလိပ်စာဆရာဦးထွန်းအောင်ကျော် ဆုံးသွားပြီဟု သိရသည် ။ နှစ်လပြည့်အောင်တောင် သူ့သင်တန်းကို မတက်လိုက်ရ ။ ပျက်တာများလွန်းလို့ ဆရာဒေါသထွက်ပြီး ကျနော်နဲ့ ထူးကို နှစ်ယောက်စလုံးကို အိမ်ရှေ့ တောင်ဖြတ်မလျှောက်နဲ့ လို့ သူငယ်ချင်းတစ်ယောက်က တဆင့်မှာလိုက်သည်။
ကျော်တို့ကလည်း ပြတ်သည် ။ သူ့စကားအတိုင်း အိမ်ရှေ့ လည်း ဖြတ်မလျှောက် သင်တန်းလည်း သွားမတက်ပဲ နေခဲ့ကြသည်။ စဉ်ဆက်မပြတ်တက်ဖြစ်ခဲ့လျှင်တော့ ကျော့် အင်္ဂလိပ်စာ တအား မညံ့လောက်ဘူးလို့ထင်သည်။ သေချာတာတော့ အခုလိုမျိုး စုတ်ချာနေမည်မဟုတ် ။ ဆရာနဲ့ပတ်သက်ပြီး အမှတ်တရများစွာတော့ မရှိ။ သင်တန်းနောက်ကျ၍ တစ်တန်းလုံးကို ဘီးမုန့်ဝယ်ကျွေးဖူးသည်။ အင်္ဂလိပ် အက်ဆေးလေး နှစ်ပုဒ်လားမသိ ရေးဖူးသည်။ အမှန်အတိုင်းဝန်ခံရလျှင် စာလုပ်ရသောကြောင့် သူ့သင်တန်းကို မတက်ဖြစ်ခြင်းဖြစ်သည်။ အက်ဆေးရေးခိုင်းတော့လည်း မရေးတတ် ၊ အင်္ဂလိပ်လိုပြော ဆိုတော့လည်း မပြောတတ် ။ တစ်ပတ်လောက်တက်ပြီး ရှက်လာသည်။ ကိုယ်နှင့်အတန်းတူတူ တက်သောသူများက ဘိုလို မွတ်နေအောင် မှုတ်နေချိန်တွင် ကိုယ်က တောင်ကြည့်မြောက်ကြည့်နှင့် ကိုယ့်ကိုယ် စကားလာပြောမှာ ကြောက်နေရသည်။ အဲ့ဒီပတ်ဝန်းကျင်တွင် ကျော် မပျော်ခဲ့တာသေချာသည်။
သင်တန်းကထွက်ပြီး ဆရာ့ကိုယုဒသာန်လက်ဖက်ရည်ဆိုင်တွင် တွေ့တိုင်း နှုတ်ဆက်ဖြစ်သည်။ ဆရာကတော့ မသိချင်ယောင်ဆောင်ပြီး ကျနော့်ကို စကားမပြောခဲ့ ။ တစ်နေ့တော့ ဆရာ့ဝိုင်းမှာ ၀င်ထိုင်ပြီး သူပြောပြော မပြောပြော ကိုယ်က ဦးဆောင်ပြီး စကားပြောမည် ။ ပြန်တောင်းပန်မည်ဟု ကျနော် တွေးခဲ့ဖူးသည်။ လက်တွေ့ အကောင်အထည်မဖော်ဖြစ် ။ အခုတော့ သေမင်းက လက်ဦးမှုရယူကာ ဗွေဆော်ဦး ဂိုးသွင်းသွားခဲ့ပြီဖြစ်သည်။

သင်တန်းတွေတက်ရတာသာ မပျော်တာ ကိုယ်ပျော်သော နေရာက ဘိလိယက်ခုံ ။ စနူကာလေး ပိုက်ဆံကြေးထိုးလိုက် ၊ ရှုံးတော့ တခြားသူတွေထိုးတာ ထိုင်ကြည့်လိုက်နှင့် အချိန်တွေကုန်လွန်ခဲ့သည်။ အလင်းကို ကြောက်သော အမှောင်လူသားတစ်ဦး၏ တက္ကသိုလ်တက်ဆဲ နေ့ရက်များပင်မဟုတ်ပါလား။ ကျုခုံပေါ်အိပ် ၊ ကျူခုံနားစား ခဲ့သောကာလတွင် လူပေါင်းစုံနဲ့ တွေ့ခဲ့ရသည်။ စနူကာအတူကစားခဲ့ဖူးသော သူငယ်ချင်းတစ်ယောက်၏ နာရေးသတင်းကို ခုလေးတင် ဖတ်လိုက်ရသည်။ သူ့နာမည်က ဖိုးသံ ။ သူနှင့် နှစ်ခေါက်လောက် အတူကစားဖူးသည်။ သူငယ်ချင်းအရင်းကြီး မဟုတ်ပေမယ့် ကျနော် အံ့သြချောက်ခြားသွားသည်။ ဟိုနေ့ကပဲ တန်ဆောင်တိုင်ပွဲလည် နေသည့်သူ့ဓာတ်ပုံများကို တွေ့လိုက်သေးသည်။ မြန်ဆန်လွန်းလှသည့် သေခြင်းတရား၏ လက်တံများသည် တစ်ယောက်ပြီးတစ်ယောက်၏ ဇီဝိန်ကို ချွေယူသွားခဲ့သည်။ ဖိုးသံ ၏ နာမည်ကို ကျနော်အမြဲတမ်း ဖိုးသန့် ဟု ထင်ခဲ့သည်။ သူ့ကိုလည်း ဖိုးသန့်ဟုသာခေါ်ခဲ့သည်။ သူ့နာရေးဖိတ်စာကို မြင်တော့မှာ ကျနော် နာမည် အလွဲကြီး ခေါ်ခဲ့မှန်းသိတော့သည်။ ကျနော် နာမည်ဘယ်လောက်လွဲလွဲ သေမင်းကတော့ နာမည်မှန်အောင် ရွတ်ဆိုခဲ့ပုံရသည်။
ဟိုတစ်လောက တောင်ကြီးပြန်ဖြစ်သည်။ လက်ဖက်ရည်ဆိုင်အတူထိုင်ခဲ့ဖူးသော သူငယ်ချင်းတစ်ယောက်၏ လူပျောက်ကြေငြာကို ဖေ့စ်ဘုခ်တွင်ဖတ်ရသည်။ ရင်းနှီးသောသူငယ်ချင်းတချို့ ကို ဖိတ်ပြီး မွေးနေ့သောက်ဝိုင်းလေးတစ်ခု စီစဉ်ဖြစ်ခဲ့သည်။ ရောက်တတ်ရာရာပြောကြရင်း ပျောက်နေသော သူငယ်ချင်း၏ အကြောင်းရောက်သွားကြသည်။ စုံထောက်တွေ မဟုတ်သော်လည်း ကျနော်တို့က ဖြစ်နိုင်ချေများကို တစ်ယောက်တစ်ပေါက်ဝိုင်းပြောခဲ့ကြသည်။ ဘာမှတော့ မဖြစ်လောက်ပါဘူး ဟု အချင်းချင်းပြန်လည် နှစ်သိမ့်ကြသည်။ ရုတ်တရတ်ဝင်လာသော မက်ဆေ့ခ်ျ တစ်စောင်မှာ ဆေးကျောင်းအနီး လူသေအလောင်းတွေ့ ရှိဟူသော သတင်းဖြစ်သည်။ ပျောက်နေသော သူငယ်ချင်းဟုတ်မဟုတ် သွားကြည့်ရန် ကျနော်တို့ဝိုင်းမှ နှစ်ယောက်ထွက်သွားသည်။ မဟုတ်ပါစေနဲ့လို့ဘယ်လောက်ဆုတောင်းတောင်း တကယ့်ဖြစ်ရပ်မှန်ကို ကျနော်တော်တို့ မလွန်ဆန်နိုင်ခဲ့တာသေချာသည်။ သေမင်းသည် ပျောက်ဆုံးနေသော သူငယ်ချင်းကို ငါပြန်တွေ့တာကွဟုပြောရင်း ရင်ကော့ခေါင်းမော့ကာ ရောက်လာခဲ့သည်။ အဲ့ဒီညက ကားမောင်းပြန်တော့ ကျနော့်လက်တွေ မသိမသာ တုန်နေခဲ့သည်။ သေခြင်းတရားကို လက်သင့်ခံနိုင်သော အနေအထားတစ်ရပ် ကျနော့်တွင်ရှိမနေတာ သေချာသည်။
သေခြင်းကို စစ်ခင်းဖို့ ကြိုးစားခဲ့ကြသူများသည်လည်း သေဆုံးသွားခဲ့ပြီးဖြစ်သည်။ တချို့ က နာရီဓာတ်ခဲကုန်သလို ပျောက်ဆုံးသွားခဲ့ကြပြီး တချို့ ကား မချိန်းပဲရွာသောမိုးစက်လို အသွင်ယူခဲ့ကြသည်။ တချိ့က ကိုယ့်အလှည့်ရောက်လား မရောက်လား မစောင့်ပဲသေခြင်းကို ပြေးတွေ့လိုက်ကြသည်။ ဘာသာတရားများက သေခြင်း၏ အခြားတစ်ဖက်ကို ညွှန်းဆိုကြသည်။ ဘ၀ကူးကောင်းစေဖို့ ပြင်ဆင်ခိုင်းကြသည် ။ ယုံကြည်ခြင်း မယုံကြည်ခြင်းကား လူသား၏ အလုပ်
သာဖြစ်သည်။ ကျနော့်အတွက်ကား သေခြင်း၏နောက်ကွယ်တွင် ဘာမှ မရှိစေလိုပါ။ ဘာမှ မရှိခဲ့ခြင်းအတွက် ကျနော်တို့ ဘာမှပြင်ဆင်စရာ မလို ကျနော်ထင်သည်။
သာဖြစ်သည်။ ကျနော့်အတွက်ကား သေခြင်း၏နောက်ကွယ်တွင် ဘာမှ မရှိစေလိုပါ။ ဘာမှ မရှိခဲ့ခြင်းအတွက် ကျနော်တို့ ဘာမှပြင်ဆင်စရာ မလို ကျနော်ထင်သည်။
လွမ်းတေးချို
5 November 2017
5 November 2017
Comments
Post a Comment