ကဗျာအတိုအထွာလေးတွေ

ခိုး
မရရင် မယူဘူး
မပေးဘူးဆိုမှ ပိုလိုချင်
လေထဲမှာ အိမ်ကြီးရခိုင် 
ဒါတောင် မလောက်ငှ နိုင်
လွမ်းတေးချို


Reunion

မကြာစေနဲ့နော် ဘီယာကိုပြောတာ
ရှေးဟောင်းနှောင်းဖြစ်တွေ
ဈေးလည်ခေါင်မှာ တွေ့ကြတာမှ မဟုတ်
စိတ်ချလက်ချသောက်
လွမ်းတေးချို

ရန်ပွဲ
အသံကို မကြား
စိတ်ထဲမှာဖျားနေတာ
အသက်ငင်တဲ့ ကိုင်းဖျား 
ပြန်မပြော နားထောင်
လွမ်းတေးချို

သံသယ
ခင်းထားတာခွာလိုက်တော့
မထင်ထားတာတွေမြင်ရ
မျက်လုံးတွေ စုံမှိတ်လည်း
လွတ်ထွက်မသွား
လွမ်းတေးချို

ပြေလည်စ
လက်ညှိုးထိုးတာနည်းသွား
ဘာထူးလဲ
ဘယ်သူမှ အရှက် အပို မပါဘူး 
လေပြေ လေညင်းဆီ အလည်သွား
လွမ်းတေးချို


ကတောက်ကဆ
စောင့်နေခဲ့တယ်ရောက်မလာခဲ့ဘူး.............
ကာယကံရှင်ရဲ့ ဆုံးဖြတ်ချက် ကအတည်ပေါ့
လာခြင်းကောင်းတယ်
ပြန်ခြင်းမကောင်း
ဒုက္ခဟာ ပွဲပဲ
ပျော်ပျော်မပျော် ပျော် ရှိနေမှာ
လွမ်းတေးချို

အကူးအပြောင်း
ကွန်ထရိုးကပြောတယ်
ထိန်းချုပ်ရတာ ပျင်းလှပြီတဲ့
ဓာတ်ခဲဟာ ဝမ်းဗိုက်က ခုန်ထွက်လာ
လွမ်းတေးချို

အကူးအပြောင်း ၂
အရိပ်က တိုလာ
နေ့တာလည်း တိုလာ
နေဝင်သွားပြီ
လွမ်းတေးချို

အကူးအပြောင်း ၃
တစ်လက်ပြီးတစ်လက်
အလတ်ကြီးရှိသေးတယ်
အသေကောင်တွေ
လွမ်းတေးချို

အကူးအပြောင်း ၎
အမွှေးအမျှင်ထူလာတယ်
သဘာဝဆိုတာမသိဘူး
တစ်ယောက်တည်းရှက်
လွမ်းတေးချို

အကူးအပြောင်း ၅
ဖုန်းကိုင်ပြီးဝင်လာရင် ငေးကြည့်
လွန်ခဲ့သော ဆယ်နှစ်
မင်းသားအိုကြီးလို 
မျက်နှာချို သွေးနေရ
လွမ်းတေးချို

ရာထူးတိုး
ဘယ်လောက်လက်ရာကောင်းကောင်း
စက္ကူဌက်ဟာ
ကောင်းကင်မှာ မပျံနိုင်ဘူး
လွမ်းတေးချို

မစဉ်းစားနဲ့

စိမ်ပြေနပြေဆေးလိပ်ထိုင်သောက်နေတဲ့သူကို စပယ်ယာက ဘာမှမပြော
မနေတတ်သူဟာ
ဘယ်ရောက်ရောက်မနေတတ်ရှာ
ကားပေါ်မှာ တွန်းထိုးနေတဲ့ မော်လီကျုး တချို့ပေါ့
အသံကတော့ဆက်လွှင့်နေခဲ့ပြီး
အရစ်ကျထွက်ခွာနေခဲ့ခြင်း
မပြီးသေးဘူးလို့ သီချင်းတစ်ပုဒ်က ဆက်အော်တယ်
ဘယ်သူလည်းတော့မသိဘူး ခလုပ်ကိုထပိတ်တယ်
လက်ဆွဲကွင်းတွေဟာ ဝင်ရိုးစွန်းထိ လွှဲရမ်းသွားတယ်
ချွေးပြန်နေတဲ့ လက်မောင်းချင်းထိမိ
တစ်ယောက်ကိုတစ်ယောက် ရွံရှာဖွယ်အကြည့် တွေ
ဒါနဲ့ဘက်စ်ကားတွေကို စိတ်နာခဲ့တာ
ဘယ်အချိန်တုန်းက စခဲ့တာလဲ
ဘယ်သူမှ မမှတ်မိ
လွမ်းတေးချို


ဘ၀အပို

ကားတွေဟာ ရွေ့နေတာလား
ငါဟာ အရောင်းပြခန်းထဲက
ကားပေါ်ရောက်နေတာလား
ရန်ကုန်က စားသုံးပစ်တဲ့ ငါ့အချိန်တွေ
ရွေးစရာမရှိဘူး
အလိုမတူပဲ ပျော်ဆင်းရတဲ့
ရေခဲတုံးဘဝတွေ
လမ်းလျှောက်ရင်လည်း
တစ်ခုခုကိုကြောက်နေရပြန်တယ်
အဲ့ဒီ တစ်ခုခုက ဘာမဆိုဖြစ်နိုင်တယ်
ဟုတ်တယ်
အဲ့ဒါ ဘဝ အပို
လွမ်းတေးချို

ဘ၀အပို ၂
လိုတာထက်ပိုစောနေတတ်တဲ့အခါ
အပျင်းပြေတစ်ခုခုလုပ်ဖို့
လိုအပ်ခြင်းနဲ့ပျင်းရိခြင်းကြားမှာ
ဘယ်လိုဆက်နွယ်ခြင်းတွေရှိနေမလဲ
လွမ်းတေးချို

ဘ၀အပို ၃
လိုလိုလားလား တွေ့ဖြစ်ပေမယ့်
ဆင်းရမည့်မှတ်တိုင် ကိုယ်စီ
ဘယ်လောက်လမ်းမှားမှား
သံလမ်းအတွက်တော့
ဘူတာဆီမှာပဲ လမ်းဆုံးရမှာ
လွမ်းတေးချို


ဘ၀အပို ၎
ငြင်းဆိုခြင်းသာ ရရှိမည့်
တောင်းဆိုချက်မျိုး ဘယ်သူတောင်းမလဲ
လွမ်းတေးချို

လင်မယား
မချွန်ခင်က ရေးမရ
ချွန်ပြီးတော့ ရေးလို့ကောင်း
ကြာတော့လည်း တုံးလာ
ပြန်ပြန်ချွန်ရတာ သံသရာ
လွမ်းတေးချို


အထည်ကြီးပျက်
သစ်ရိပ်ရှိရင် သိပ်အေးတာကွ
ပလတ်စတစ်စားပွဲက
သစ်ငုတ်တိုထိုင်ခုံလေးကိုပြောတယ်
လွမ်းတေးချို
၂၈.၉.၂၀၁၆

ရွှေပြည်
ရေမီးအစုံ
ဧည့်သည်တိုင်းကို ဒီလိုပြော
ရဲလက်အောက်မှာ အသက်ငင်နေတဲ့
စီးပွားရေး
လွမ်းတေးချို
၂၆.၉.၂၀၁၆

အထီးကျန်
ဘုတ်ခနဲပြတ်ကျတော့
လန့်တာပေါ့
အသံလေးဘာလေးပေးဟလို့
အိမ်မြှောင်ကို ပြောမိ
လွမ်းတေးချို
၂၆.၉.၂၀၁၆

ဟန်းနီးမွန်း
လမ်းဆိုတာ
ဆုံးအောင်လျှောက်ရတယ်လို့
လက်ဖဝါးလေးကိုပြောပြတယ်
လမ်းက
ဘယ်တော့မှ မဆုံးဘူး လို့ပြန်ပြောတယ်
လွမ်းတေးချို
၂၇.၉.၂၀၁၆

သယံဇာတ
ဘောပင်လေးတစ်ချောင်း
သူများပေးဌား
မင်ကုန်ခါနီးမှ ပြန်ရောက်
ရေးလို့အရမ်းကောင်းမှန်းသိခဲ့
လွမ်းတေးချို
၂၇.၉.၂၀၁၆

ဂုဏ်သိက္ခာ
လေထီးမပွင့်တော့မှ
လေယာဉ်ပေါ်
ပြန်တက်မယ်တဲ့
လွမ်းတေးချို
၂၇.၉.၂၀၁၆

ထင်ယောင်ထင်မှား
ကိုက်မလို့ရည်ရွယ်ထားတဲ့လက်ကို
ဖွဖွလေးနမ်းပစ်တဲ့ မာယာမျိုးကို
ရိုးသားမှုတဲ့
လွမ်းတေးချို
၂၄.၉.၂၀၁၆

အလင်းပွင့်
မပေါင်းအပ်တာတွေရှိတယ်
အဲဒီစာရင်းထဲမှာ
ငါတို့ နှစ်ယောက်ပါမှန်း
မသိခဲ့ကြဘူး
လွမ်းတေးချို
၂၄.၉.၂၀၁၆

လောကဓံ
လက်သည်း တစ်စိပ်စာလေးနဲ့
ငါ့ကို
သစ်သီးပုတ်စာရင်း သွင်းလိုက်ကြတယ်
လွမ်းတေးချို
၂၄.၉.၂၀၁၆

ကွင်း
ကြိုးတန်းလန်းနဲ့ စွန်နှစ်ကောင်
ကောင်းကင်ထက်မှာ ပေါင်းမိကြ
တစ်ကောင်မဟုတ်ရင်တောင် 
နှစ်ကောင်လုံးပြတ်မှာ
နေရာမှားပြီး တွေ့ခဲ့ကြ
လွမ်းတေးချို
၂၄.၉.၂၀၁၆

ဒူးရင်းသီး
အခွံနှစ်ခု ပြန်ပေါင်းဖက်တဲ့အခါ
နဂို အသီးပုံစံ ပြန်ရတယ်
အထဲမှာ အဆံတော့ မပါဘူး
လွမ်းတေးချို
၂၄.၉.၂၀၁၆

ကျွတ်
နဖူးတွေ့ဒူးတွေ့ပဲ
သွေးတွေရဲခနဲ ဖြစ်လာမှ
အလန့်တကြား အော်ရ
လွမ်းတေးချို
၂၁.၉.၂၀၁၆

ဖက်ဆွတ်မိုး
ရွာတုန်း တခဏ
သူလိုကိုယ်လို
သည်းကြီးမည်းကြီး ထင်ခဲ့တာပါပဲ
လွမ်းတေးချို
၁၁.၉.၂၀၁၆


မျှော်လင့်ချက်
လေထဲဆောက်တဲ့တိုက်ဆိုပေမယ့်
ပြိုကျတဲ့အခါ
အပျက်အစီး များတယ်
လွမ်းတေးချို
Hope
Though it was built
in the imaginative world
When it collapses,
Damage is more
Lwantaycho

ဆံသဆရာမ
ဘာပုံညှပ်မလဲ
မြက်ပင်တွေကို ဓားကောက်နဲ့ ရှင်းပစ်သလို
လက်ကလည်း မြန်ပ
သေချာတာတော့
နောက်တစ်ခါ လာညှပ်ဖို့ မသေချာ
လွမ်းတေးချို


Comments

Popular posts from this blog

စာဟောဆရာ

ပညာရှိအယောင်ဆောင်တုန်းက ကိုယ့်သီဝရီ က ကဗျာကိုဖျက်ဆီး

ပန်းကလေးနဲ့ ကျနော်